သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပမှာ တိမ်းရှောင်နေတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Sharif ပြည်တော်ပြန် 


အကျင့်ပျက်ခြစားမှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီး ပြည်ပတိမ်းရှောင်နေရာက ပြည်တော်ပြန်လာတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Nawaz Sharif (အောက်တိုဘာ ၂၁၊ ၂၀၂၃)
အကျင့်ပျက်ခြစားမှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီး ပြည်ပတိမ်းရှောင်နေရာက ပြည်တော်ပြန်လာတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Nawaz Sharif (အောက်တိုဘာ ၂၁၊ ၂၀၂၃)

အကျင့်ပျက်ခြစားမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ဟာ ပြည်ပမှာ ၄ နှစ်ကြာ တိမ်းရှောင် နေခဲ့ပြီးတဲ့နောက် ၂၁ ရက်၊ စနေနေ့က ပါကစ္စတန်ကို ပြန်ရောက်လာပါတယ်။

တိုင်းပြည်မှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလိုမှာ ခုလို ပြန်လာတာဖြစ်ပါတယ်။ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ Sharif ဟာ အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံ ဒူဘိုင်းကတဆင့် စင်းလုံးငှားလေယာဥ်နဲ့ အစ္စလာမ်မာဘတ်မြို့တော် လေဆိပ်ကို ရောက်လာတာပါ။ အဲ့ဒီနောက် သူ့မွေးရပ်ဇာရပ် လာဟိုးမြို့ကို ဆက်သွားပြီး သူပြန်အလာကို ကြိုဆိုတဲ့အနေနဲ့ သူ့ရဲ့ Pakistan Muslim League-Nawaz ပါတီက ဦးဆောင် ကျင်းပတဲ့ လူထုစုဝေးပွဲမှာ မိန့်ခွန်း ပြောပါတယ်။

သူ့အပေါ်ချမှတ်ထားတဲ့ အကျင့်ပျက်ခြစားမှုပြစ်ဒဏ်တွေနဲ့ ပတ်သက်လို့တော့ အယူခံလွှာကို သူ့ရှေ့နေကတဆင့် လက်မှတ်ထိုး တင်ထားတာပါ။ အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ Sharif ကို ကျန်းမာရေးအရ ဆေးဝါးကုသမှုခံယူဖို့အတွက် ပါကစ္စတန်တရားရုံးက ၂၀၁၉ ခုနှစ်မှာ လန်ဒန်ကို သွားရောက်ခွင့် ပြုခဲ့ပြီး သီတင်း ၄ ပတ်အတွင်း တိုင်းပြည်ကို ပြန်လာပြီး ပြစ်ဒဏ်ကျခံဖို့ အမိန့်ချထားတာပါ။ ဒါပေမဲ့ ဒါကို ဆန့်ကျင်ပြီး ဝရမ်းပြေးအဖြစ်နဲ့ ၄ နှစ်ကြာ ပြည်ပမှာ နေခဲ့တာပါ။

သူ့အပေါ် စွပ်စွဲချက်တွေကို မကျူးလွန်ခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်း Sharif က ငြင်းဆန်ထားပြီး တိုင်းပြည်မှာ သြဇာအရှိန်အဝါကြီးတဲ့ ပါကစ္စတန်စစ်တပ်က သူ့ကို ၂၀၁၇ ခုနှစ်ထဲ ရာထူးကဖယ်ရှားပြီး ခုလို အခြေအနေတွေဖန်တီးခဲ့တာလို့ ပြောဆိုထားပါတယ်။ တိုင်းပြည်ကို ပြန်လာချိန်မှာ သူ့ကို ချက်ချင်းမဖမ်းဖို့ အကာအကွယ်ပေးတဲ့ အာမခံကိုတော့ ဖက်ဒရယ် တရားရုံးတခုက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ချမှတ်ခဲ့ပြီးတဲ့နောက် ခုလို ပြန်ရောက်လာတာလည်း ဖြစ်ပါတယ်။

လာမယ့် အင်္ဂါနေ့ တရားရုံးကို လာရောက်ရမယ့်ချိန်အထိ အာမခံနဲ့ သူ့ကို လွှတ်ပေးထားတာပါ။ Sharif ခုလို တိုင်းပြည် ပြန်ရောက် လာတာဟာ သူ့ပါတီနဲ့ စစ်တပ်အကြား စေ့စပ်ညှိနှိုင်းမှုတွေကြောင့်လို့ အများက ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG