သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တန်ဆောင်မုန်းလပြည့် တန်ဆောင်တိုင်ပွဲတော် မြန်မာနိုင်ငံ နေရာတချို့ကျင်းပ


ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ ရွှေတိဂုံဘုရားပေါ်မှာတွေ့ရတဲ့ ဘုရားဖူးများ
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ ရွှေတိဂုံဘုရားပေါ်မှာတွေ့ရတဲ့ ဘုရားဖူးများ

ဒီကနေ့ နိုဝင်ဘာလ ၁၅ရက်နေ့ သောကြာနေ့မှာ ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ သာမညဖလ အခါတော်နေ့မှာ မြန်မာနိုင်ငံတဝန်းက ဘုရားစေတီပုထိုးတွေမှာ ဘုရားဖူးပြည်သူတွေနဲ့ စည်ကားနေသလို တန်ဆောင်တိုင်ပွဲတော်ကို ရန်ကုန်၊ မန္တလေး ရှမ်းပြည်နယ် တောင်ကြီးအပါအဝင် နေရာတချို့မှာ ကျင်းပကြပါတယ်။ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မှာလည်း ကျီးမနိုးပွဲ၊ ဆွမ်းဦးလှူဒါန်းပွဲ ကပ်လှူကြသလို ဘုရားဖူးပြည်သူတွေနဲ့စည်ကားနေပါတယ်။ ဒီနှစ်မှာတော့ ကာလအတန်ကြာ ရပ်နားထားတဲ့ မသိုးသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲတော်ကို ပြန်လည်စတင်ကျင်းပပြီး ရွှေသင်္ကန်းကပ်လှူသူတွေနဲ့ စည်ကားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရန်ကုန်မြို့ထဲနဲ့ ဆင်ခြေဖုန်းရပ်ကွက်တွေ မြို့သစ်တွေမှာတော့ ပံ့သကူပစ် လှူဒါန်းတာမျိုးရှိသလို တန်ဆောင်တိုင်မီးထွန်းပွဲနဲ့ စတုဒိသာကျွေးမွေးလှူဒါန်းတာတွေရှိပေမဲ့ စစ်အာဏာမသိမ်းခင်ကာလတုန်းကလို လူငယ်တွေရဲ့ လုပ်အားအလှူဒါနတွေနဲ့ လူအစုအဝေးတွေနဲ့ကျင်းပကြတဲ့ စတုဒိသာကျွေးမွေးလှူဒါန်းမှုတွေ ရှားပါးသွားတယ်လို့လည်း ရန်ကုန်မြို့ခံတွေကပြောပါတယ်။

နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပနေကျ တောင်ကြီး‌တန်ဆောင်တိုင် မီးပုံပျံပွဲတော်ကျင်းပရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အဝေရာမီးပုံပျံကွင်းမှာတော့ လူစည်ကားသိုက်မြိုက်စွာကျင်းပနေကြတာတွေ့ရပါတယ်။ ဒီနှစ်ပွဲတော်ကို နိုဝင်ဘာ ၁၁ ရက်ကနေ ၁၇ ရက်အထိ သီတင်းတပတ်တာ အဝေရာ ကွင်းမှာ ကျင်းပနေတာဖြစ်ပါတယ်။ ဒီနှစ် မီးပုံးပျံပွဲတော်မှာ ညမီးကျည် ၂၆ လုံး၊ စိန်နားပန် ၂၄ လုံးနဲ့ နေ့လွှတ်မီးပုံးပျံ ၁၀၀ ကျော် လွှတ်တင်သွားမယ့်အကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း) ရိုးရာမီးပုံးပျံပညာရှင်များအသင်းက ပြောဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ နှစ်နောက်ပိုင်း ၂ နှစ်လောက် ရပ်နားခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကမှ မီးပုံးပျံပွဲတော် ပြန်လည် ကျင်းပတာဖြစ်ပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့သာမညဖလ အခါတော်နေ့မှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရိုးရာ ယုံကြည်မှုအရ ဘုရားရှင်ကို ဆီမီးထွန်းညှိ ပူဇော်တဲ့ပွဲဖြစ်သလို ကထိန်သင်္ကန်း ကပ်လှူခွင့်ရတဲ့ နောက်ဆုံးနေ့ ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ မတိုင်ခင် တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပတာပါ။ မီးပုံးပျံလွှတ်တင်တဲ့ပွဲနဲ့အတူ ကထိန်သင်္ကန်း၊ မသိုးသင်္ကန်းကပ်လှူပွဲ၊ ကျီးမနိုးပွဲ၊ စုပေါင်းမဟာဘုံကထိန်လှည့်လှည်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။

စစ်အာဏာသိမ်းထားချိန် ပြည်သူလူထုအနေနဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ရှားပြီး တော်လှန်ရေးမှာ အတူတကွ ပူးပေါင်းတော်လှန်ကြပါဆိုပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတခုကိုလည်း တန်ဆောင်မုန်းလပြည့်မတိုင်ခင်က ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ နှင့် စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း တန်ဆောင်တိုင်လှုပ်ရှားမှုအဖြစ် လျှပ်တပျက်လှုပ်ရှားခဲ့ကြပါတယ်။

Forum

XS
SM
MD
LG