သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူအီရန်သမ္မတဈာပန လူထောင်ချီတက်ရောက်


အီရန်သမ္မတ Ebrahim Raisi ရဲ့ ခေါင်းတလားကို စစ်ဖက်တပ်ဖွဲ့ဝင်တွေ သယ်ဆောင်လာစဥ်၊ မေ ၂၃၊ ၂၀၂၄
အီရန်သမ္မတ Ebrahim Raisi ရဲ့ ခေါင်းတလားကို စစ်ဖက်တပ်ဖွဲ့ဝင်တွေ သယ်ဆောင်လာစဥ်၊ မေ ၂၃၊ ၂၀၂၄

အီရန်သမ္မတ Ebrahim Raisi ရဲ့ ဈာပနကို အီရန်နိုင်ငံ Mashhad မြို့က အစ္စလာမ်ဘာသာရေး အထွဋ် အမြတ်ထားရာ Imam Reza ဗလီဝတ်ကျောင်းမှာ ကြာသပတေးနေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီဗလီဝတ်ကျောင်းမှာပဲ သူ့ကို မြှုပ်နှံမှာ ဖြစ်ပြီး ဈာပနာ အခမ်းနားကျင်းပရာ Mashhad မြို့က လမ်းမတွေမှာတော့ လာရောက်သူ ထောင်ပေါင်းများစွာနဲ့ ပြည့်သွားခဲ့ပါတယ်။

အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ Raisi ဟာ တနင်္ဂနွေနေ့က အီရန်နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ အရှေ့အဇာဘိုင်ဂျန်ပြည်နယ်ထဲက တောင်တန်းတွေပေါ် ဖြတ်ကျော်ချိန်မှာပဲ နိုင်ငံခြားရေးဝန်ကြီး Hossein Amirabdollahian နဲ့ နောက် ၆ ဦးနဲ့အတူ ရဟတ်ယာဉ်ပျက်ကျ သေဆုံးခဲ့ရတာပါ။

သူဟာ အီရန်နိုင်ငံမှာ အာဏာအကြီးဆုံးဖြစ်တဲ့ အသက် ၈၅ နှစ်အရွယ် အီရန်ခေါင်းဆောင်ကြီး Ali Khamenei နေရာကို ဆက်ခံမယ့်သူလို့ အများက ရှုမြင်ကြတာပါ။ Mashhad ကသူ့ ဈာပနာကို လာရောက်သူ အများအပြားဟာ ရှီယာတွေရဲ့ ထုံးစံအတိုင်း အနက်ရောင် ဝတ်စုံတွေ ဆင်မြန်းပြီး ရင်ဘတ်ကို ထုရိုက်ပြီး ဝမ်းနည်းကြေကွဲကြောင်း ပြသကြပါတယ်။

အီမန် Ali al-Reza ကို မြှုပ်နှံထားတဲ့ ဒီဗလီဟာ တဟီရန်မြို့တော် အရှေ့ဘက် မိုင် ၅၅၀ ကျော်အကွာမှာ ရှိပါတယ်။ သမ္မတ Raisi ရဲ့ ဈာပနကို တက်ရောက်သူအတော်များသလို ၂၀၂၀ တုန်းက ဘက်ဂဒက်မှာ အမေရိကန် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အီရန် တော်လှန်ရေးအစောင့်တပ် ဗိုလ်ချုပ်ကြီး Qassem Soleimani ရဲ့ ဈာပနတုန်းက လာရောက်သူက ပိုများပါတယ်။

လက်ရှိမှာ တနင်္ဂနွေ ရဟတ်ယာဉ် ပျက်ကျချိန် အထိလူသိပ်မသိကြသေးတဲ့ ဒုသမ္မတ Mohammad Mokhber ကို Khamenei က ယာယီ သမ္မတ အဖြစ် ခန့်ထားပါတယ်။ အီရန် သမ္မတရွေးကောက်ပွဲကိုတော့ ဇွန်လ ၂၈ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG