သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကျူးကျော်စစ်ဆင်နွှဲတဲ့ ရုရှားအပေါ် G-7 နိုင်ငံတွေက ထပ်မံ ဒဏ်ခတ်အရေးယူ


JAPAN-G7/
JAPAN-G7/

{{Zawgyi/Unicode}}

ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ G-7 စက်မှုထိပ်သီး ၇ နိုင်ငံ ခေါင်းဆောင်တွေဟာ ယူကရိန်းကို ရုရှားကျူးကျော်စစ်ဆင်နွှဲတာ တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရုရှားအပေါ် နောက်ထပ်အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ ဖေဖေါ်ဝါရီ ၂၄ ကကျင်းပတဲ့ G-7 အွန်လိုင်းထိပ်သီးအစည်းဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

ရုရှားအနေနဲ့ ရန်လိုတဲ့ကျူးကျော်စစ်တွေ နောက်ထပ်မဆင်နွှဲနိုင်အောင် G-7 အဖွဲ့ဝင်နိုင်ငံတွေက ပူးပေါင်းဆောင်ရွက်မှာဖြစ်တဲ့အပြင် စစ်ဘက်ဆိုင်ရာနည်းပညာနဲ့ပစ္စည်းတွေ ရုရှားမရအောင်ကာကွယ်ဖို့ပါ ကတိပြုခဲ့ကြတာပါ။ ဒါ့ပြင် တခြားနိုင်ငံတွေအနေနဲ့ ရုရှားကို စစ်ရေး အကူအညီပေးတာတွေ ရပ်ဆိုင်းကြဖို့လည်း ပန်ကြားလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Kishida ဟာ တခြား စက်မှုထိပ်သီး ၇ နိုင်ငံနဲ့အတူ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကိုပါဖိတ်ကြားပြီး အွန်လိုင်းဆွေးနွေးပွဲကို ကမကထလုပ် ကျင်းပပေးခဲ့တာဖြစ်ပါတယ်။

G-7 စက်မှုထိပ်သီး ၇ နိုင်ငံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် Kishida က ရုရှားရဲ့လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့ အစည်း အားလုံးပေါင်း ၁၂၀ ရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာအပြင် စစ်ရေးအရသုံးနိုင်တဲ့ပစ္စည်းတွေနဲ့ ဒရုန်းတွေတင်ပို့ခွင့်တွေ ပိတ်ပင်တာအပါအဝင် ရုရှားအပေါ် နောက်ထပ်အရေးယူဒဏ်ခတ်မှုတွေ ချမှတ်မှာဖြစ်ကြောင်း အစည်းဝေးမစခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။

ဂျပန်က သူ့ရဲ့ငြိမ်းချမ်ရေးဆိုင်ရာမူဝါဒအရ ယူကရိန်းအတွက် တိုက်ခိုက်ရေးလက်နက်မပါဘဲ helmet ခေါင်းဆောင်းတွေ၊ ကျည်ကာအကျီတွေ၊ ဒရုန်းတွေနဲ့ မီးအားမြှင့်စက်အပါအဝင် လူသားစာနာမှု အထောက်ကူပစ္စည်းတွေ ပေးနေတာဖြစ်ပါတယ်။

တနင်္လာနေ့က ယူကရိန်းအတွက် ဂျပန်အစိုးရက ငွေကြေးအကူအညီနောက်ထပ် ဒေါ်လာ ၅ ဘီလီယံခွဲ ပေးအပ်ခဲ့တာကြောင့် အခုဆို စုစုပေါင်း အကူညီ ဒေါ်လာ ၇ ဘီလီယံကျော်သွားပြီ ဖြစ်ပါတယ်။ ဒါ့ပြင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းကြပ်တဲ့မူဝါဒချထားတဲ့ဂျပန်က အိုးအိမ်ပြောင်းရွှေ့နေထိုင်ရတဲ့ ယူကရိန်းနိုင်ငံသား ၂ ထောင်ကျော်ကို လက်ခံခဲ့ပြီး နေထိုင်စရာအိမ်ယာအပြင် အလုပ်အကိုင်နဲ့ပညာရေးမှာပါ အထောက်အပံ့ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{Unicode}}








XS
SM
MD
LG