သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်သူများ ပြည်နယ်အစိုးရ တရားစွဲ


ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် (Union of Karenni State Youth - UKSY).
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် (Union of Karenni State Youth - UKSY).

လူထုသဘောထားမပါဘဲ ကယားပြည်နယ်အစိုးရတခုတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဆောက်လုပ်တာနဲ့ ပတ်သတ်လို့ ကန့်ကွက်နေတဲ့ ကရင်နီလူငယ်တွေထဲက ခြောက်ယောက်ကို ပြည်နယ်အစိုးရအဖွဲ့က တရားစွဲဆိုလိုက်ပါတယ်။ ဒါဟာ ပြည်နယ်အစိုးရနဲ့ ကရင်နီလူငယ်တွေ နောက်ဆုံးအကြိမ် ဆွေးနွေးပွဲပျက်သွားပြီးနောက်ပိုင်း အစိုးရဘက်က ပထမဆုံးတုံ့ပြန်လာတာလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို မေးမြန်းထားထားတဲ့ ကိုဇော်ထက်က ပေးပို့ထားပါတယ်။

နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု၊ လုံခြုံရေးဆိုင်ရာအကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀နဲ့ ကယားပြည်နယ်အစိုးရ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်က တရားလိုလုပ်ပြီး ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းရေးလုပ်ဆောင်နေတဲ့ ကရင်နီလူငယ်ခေါင်းဆောင်ခြောက်ယောက်ကို မေလ ၁၆ရက်က တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ပြောင်းဖို့ ကရင်နီလူငယ်တွေ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ကရင်နီပြည်အရေးတော်ပုံနေ့အဖြစ်နဲ့ကြေညာပြီး ၊ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးဟာ နိုင်ငံရေးရာဇဝတ်ကောင်တွေ၊ အမျိုးသားသစ္စာဖောက်တွေလို့ ကရင်နီလူငယ်တွေက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်ကို အခုတရားစွဲခံရတဲ့ လူငယ် ၆ ယောက်က တာဝန်ခံ လက်မှတ်ထိုးခဲ့တာပါ။

လွိုင်ကော်မြို့မရဲစခန်းက အဖမ်းလာခံဖို့ ဖုန်းနဲ့တိုက်ရိုက်အကြောင်းကြားထားတဲ့အတွက် ဒီကိစ္စကို ကရင်နီလူငယ်တွေ တိုင်ပင်ဆုံးဖြတ်ပြီးမှ အမှုရင်ဆိုင်ဖို့ ကြေညာချက် မကြာခင်ထုတ်ပြန်သွားမယ်လို့ တရားစွဲခံလူငယ်တွေထဲက ပါစကွားလယ် က အခုလိုပြောပါတယ်။

“ခုနက လွိုင်ကော်မြို့မရဲစခန်းက ကျနော်တို့ကို ဖုန်းဆက်လာတယ် ရဲစခန်းလာပြီး လာရောက်အဖမ်းခံဖို့အတွက်ပေါ့နော် အမှုရင်ဆိုင်ကြောင်း လက်မှတ်လာထိုးပြီးရင် တခါတည်းဖမ်းဆီး၊ ဖမ်းချုပ်သွားဖို့အတွက် ဖုန်းလှမ်းဆက်လာတယ်။ တဖက်မှာလည်း ကျနော်တို့မိသားစုအိမ်တွေမှာ ရဲတွေ၊ အုပ်ချုပ်ရေးမှူးတွေက လာရောက်ရှာဖွေ စစ်ဆေးတာတွေလုပ်သွားခဲ့တယ်ပေါ့။ သူတို့ဘက်ကလုပ်ချင်တဲ့သက်သေပုံစံမျိုးနဲ့ လိုရာဆွဲသွင်းမှာပဲ သူတို့အပေါ်မှာပဲမူတည်တယ်လို့ ကျနော်ကတော့ အဲဒီလိုပဲပြောချင်တယ်။”

ဥပဒေပုဒ်မ ၁၀အရဆိုရင် ထောင်ဒဏ် ၆လကနေ အမြင့်ဆုံး ၃နှစ်ဖြစ်ပြီး ဒဏ်ငွေ ၁၅သိန်းအထိချမှတ်ခံရနိုင်ပါတယ်။ မတူညီတဲ့ အဖွဲ့အစည်းတွေ၊ အသိုင်းအဝန်းတွေ ကြားမှာ ညှိနှိုင်းမှုမရှာဘဲ ပုဒ်မတွေအမျိုးမျိုးနဲ့ အရေးယူ ထောင်ချဖို့လုပ်ဆောင်တာဟာ ပြဿနာရဲ့အဖြေမဟုတ်ကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ခူးသဲရယ်က အခုလိုပြောပါတယ်။

“လူငယ်တွေကို ဒီလိုအရေးယူတယ်ဆိုတာက ကြေးရုပ်နဲ့ပြည်နယ်မှာဖြစ်နေတဲ့ ပြဿနာကို အဓိကရှာနေတဲ့အဖြေက ဒါမဟုတ်ဘူးဆိုတာကို အဲဒီလိုပဲပြောချင်တယ်။ တိုင်းရင်းသားပေါင်းစုံနေတဲ့ ကျနော်တို့ဒီနိုင်ငံမျိုးကို ဘယ်တော့မှ ငြိမ်းချမ်းရေးဆိုတဲ့ဟာမျိုးလည်း ရမှာမဟုတ်သလို ကျနော်တို့သင့်မြတ်ရေးဆိုတဲ့ဟာတွေလည်း ဖြစ်လာမှာမဟုတ်ဘူး။ နောက်ပြီးတော့ပြောနေတဲ့ ဒီမိုကရေစီတို့ ဖက်ဒရယ်ပြည်ထောင်စုတို့ ဆိုတဲ့ဟာတွေကလည်းအများရဲ့ ဟာသဖြစ်သွားစေနိုင်တယ်လို့ ကျနော်သုံးသပ်မိတယ်။”

တရားစွဲခံထားရတဲ့ ကရင်နီလူငယ် ၆ယောက်ကတော့ ခူးကြူးဖဲကေး၊ ခူးရီးဒူ၊ ခွန်းသောမတ်၊ ပါစကွားလယ်၊ ခွန်းဂျွန်ပေါလ် နဲ့ ဒီးဒီး တို့ဖြစ်ပါတယ်။ လူငယ်၆ယောက် ကတော့ ဒီအမှုကိုဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ စုဝေးတိုင်ပင်ပြီးမှ သတင်းထုတ်ပြန်ချက်ကိုလည်း မကြာခင်ထုတ်ပြန် သွားဖို့ရှိကြောင်းပြောပါတယ်။

ကယားပြည်နယ် အစိုးရဟာ လွိုင်ကော်မြို့က ဂန္ဓာဟေဝန် ပန်းခြံမှာ ၂၀၁၉ ဇန်နဝါရီလ ၃၀ ရက်နေ့က ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူခဲ့တာပါ။ ဒါဟာ အများပိုင်နေရာတခုမှာ လူထုဆန္ဒမပါဘဲ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူခဲ့တာလို့ဆိုပြီး ကရင်နီလူငယ်တွေက ကန့်ကွက်ဆန္ဒပြခဲ့ကြသလို၊ ကြေးရုပ်အတွက်သုံးတဲ့ ကျပ်ငွေသိန်း ၁၀၀၀ ကျော်ကို ပြည်နယ်အစိုးရက ပွင့်ပွင့်လင်းလင်း ချပြဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။

ဒီဆန္ဒပြတောင်းဆိုမှုတွေကို အစိုးရက အင်အားသုံး နှိမ်နင်းခဲ့သလို၊ ရုန်းရင်းဆန်ခတ်မှုတွေအတွင်း ရဲတွေက ရာဘာကျည်တွေနဲ့ ပစ်ခတ်တာကြောင့် လူတချို့ ဒဏ်ရာရခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရတာတွေလည်း ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒီပြဿနာကိုအဖြေရှာဖို့အတွက် ဆန္ဒပြခေါင်းဆောင်တွေ၊ ပြည်နယ်အစိုးရ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC အပါအဝင် သက်ဆိုင်ရာအဖွဲ့တွေပါဝင်တဲ့ ငါးပွင့်ဆိုင် ဆွေးနွေးမှုတွေ ဖြစ်လာခဲ့ပြီး၊ ဖမ်းဆီးခံ လူငယ်တွေကိုလည်း အစိုးရက ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း အခုနောက်ဆုံး မေလ ၁၄ ရက်နေ့က ကျင်းပတဲ့ အစိုးရနဲ့ ကရင်နီခေါင်းဆောင်တွေနဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲမှာတော့ နှစ်ဘက် ပြေလည်မှုမရဘဲ တင်းမာမှုတွေ ပြန်ဖြစ်ခဲ့တာမှာ အခုလို ကရင်နီခေါင်းဆောင် တချို့ကို တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG