သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာအပစ်ရပ်ပြီး ဓားစာခံတွေလွှတ်ရေး အစ္စရေးအလုပ်သမားသမဂ္ဂ ဆန္ဒပြ တောင်းဆို

အစ္စရေးနိုင်ငံ Tel Aviv မြို့တော်မှာ ဟာမတ်စ်အဖွဲ့ကိုဖမ်းဆီးထားသူ ဓါးစာခံတွေအရေး အစ္စရေးအစိုးရကို ဆန့်ကျင့်ဆန္ဒပြနေကြသူများ (စက်တင်ဘာ ၂၊ ၂၀၂၄)
အစ္စရေးနိုင်ငံ Tel Aviv မြို့တော်မှာ ဟာမတ်စ်အဖွဲ့ကိုဖမ်းဆီးထားသူ ဓါးစာခံတွေအရေး အစ္စရေးအစိုးရကို ဆန့်ကျင့်ဆန္ဒပြနေကြသူများ (စက်တင်ဘာ ၂၊ ၂၀၂၄)

ဂါဇာကမ်းမြှောင်ဒေသမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဓားစာခံတွေထဲက နောက်ထပ် ၆ ဦး သေဆုံးခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ဟာမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရေး အစိုးရကို ဖိအားပေးနဲ့အနေနဲ့ အစ္စရေးရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂက ဦးဆောင်ပြီး အထွေထွေသပိတ် ဆင်နွှဲနေပါတယ်။ ဒီသပိတ်ကြောင့် ဘဏ်တွေ၊ အများသုံးသယ်ယူပို့ဆောင်ရေးနေရာတွေ၊ ဆေးရုံတွေ၊ စတိုးဆိုင်တွေနဲ့ နိုင်ငံရဲ့ အဓိကလေဆိပ် စတဲ့နေရာတွေမှာ အခက်အခဲတွေကြုံတွေ့နေရပါတယ်။

Histadrut အလုပ်သမားသမဂ္ဂ ဦးဆောင်သူကတော့ ဂါဇာကမ်းမြောင်ဒေသရှိ ဟာမတ်စ်တွေ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် အပစ်ရပ်ရေးသဘောတူညီချက်ရဖို့ အရေးကြီးကြောင်း တနင်္ဂနွေနေ့က ပြောပါတယ်။ ဓါးစာခံတွေဟာ စစ်သွေးကြွတွေ စခန်းချနေတဲ့ မြေအောက်ဥမင်လှိုဏ်တွေထဲမှာ အသတ်ခံခဲ့ရကြောင်းနဲ့ အသတ်ခံလိုက်ရတဲ့ ကလေးတွေရဲ့ ကြောက်လန့်တကြားအော်နေတဲ့ အသံတွေကို လျစ်လျူရှုထားလို့ မရပါဘူးလို့လည်း သူက ပြောပါတယ်။

တနင်္ဂနွေညက စခဲ့တဲ့ ဆန္ဒပြပွဲက တနင်္လာနေ့မှာတော့ ပိုမိုပြင်းထန်လာခဲ့ပြီး ထောင်ပေါင်းများစွာသော လူအုပ်ကြီးက အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကို ဟာမတ်စ်တို့နဲ့ အပစ်ရပ်ရေး သဘောတူ ပေးဖို့ တိုက်တွန်းနေတာပါ။ ဓားစာခံတွေရဲ့ဆွေမျိုးတွေကလည်း သေဆုံးသူတွေကို ကိုယ်စားပြုတဲ့ ခေါင်းတလားတွေကို ကိုင်ဆောင်ပြီး Tel Aviv မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဂျေရုဆလင်မှာရှိတဲ့ Netanyahu ရဲ့ ရုံးခန်းအပြင်ဘက်မှာလည်း လူထောင်ပေါင်းများစွာဟာ စုဝေးဆန္ဒပြနေကြပါတယ်။ တနင်္ဂနွေနေ့အစောပိုင်းကတော့ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိ ပြီးတဲ့နောက် ဟာမတ်စ်တွေနဲ့ တိုက်ပွဲအရှိန်မြှင့်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ကပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG