သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Genocide စာချုပ် နှစ် ၇၀ ပြည့်မှာ ရခိုင်အရေးကို ကုလမဟာမင်းကြီးထောက်ပြ


လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet (စက်တင်ဘာလ ၂၀၁၈)
လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet (စက်တင်ဘာလ ၂၀၁၈)

လူမျိုးတုံးသတ်ဖြတ်မှု Genocide တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို စပြီးချုပ်ဆိုခဲ့ချိန်ကနေ ဒီကနေ့အချိန်ထိ စာချုပ်ရဲ့ အရေးပါမှုနဲ့ပတ်သက်လို့ ပြောဆိုတာမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေကို အဓိက ထောက်ပြပြီး လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက ပြောဆိုသွားပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဌာနချုပ်မှာ ကြာသပတေးနေ့ကလုပ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘော တူစာချုပ် နှစ် ၇၀ ပြည့်အထိမ်းအမှတ် အဆင့်မြင့်ကိုယ်စားလှယ်များ ဆွေးနွေးပွဲမှာ မဟာမင်းကြီးက အဲဒီလိုပြောသွားတာပါ။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ ပြောပြပါမယ်။

ဆွေးနွေးပွဲအဖွင့်မှာ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet ပြောသွားတဲ့ထဲ အထူး ထည့်သွင်းပြီး နမူနာပြပြောဆို သွားတာကတော့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ သက်ဆိုင်တဲ့အကြောင်းပါပဲ။

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ဟာ လွန်ခဲ့တဲ့ နှစ် ၇၀ မှာ ချုပ်ဆိုခဲ့ချိန်ကအတိုင်း ဒီကနေ့အချိန်မှာ အရေးပါနေဆဲပဲဆိုတာကို မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က အခြေအနေကို နမူနာပေးထောက်ပြပြီးတော့ ဒုက္ခ သည်ဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ပြောသွားပါတယ်။

“ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူထုကို စစ်တပ်က ဦးဆောင်ပြီးတော့ သတ်ဖြတ်၊ မုဒိမ်းကျင့်၊ တိုက်ခိုက်တာတွေ နဲ့ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်က ထိတ်လန့်ဖွယ် အစီရင်ခံစာ တခုကို လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်လေးကပဲ ထုတ်ပြန်ထားပါတယ်။ သတိကြီးကြီးထားပြီး ခန့်မှန်းထားချက်တခုအရဆိုရင် သေဆုံးသူဦးရေ ၁၀,၀၀၀ ရှိပြီး မရေမတွက်နိုင်တဲ့ နောက်ထပ်လူပေါင်းများစွာ ဘေးဒဏ်ခံစားကြရ၊ ဒဏ်ရာရကြ၊ မုဒိန်းကျင့်ခံကြ ရ၊ စိတ်ထိခိုက် ကျေကွဲကြရပါတယ်။ ဒါ့အပြင် လူပေါင်း ၇၅၀,၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြရပါတယ်။ ဒီအခြေ အနေကို ကြည့်မယ်ဆိုရင် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ဟာ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ က အရေးပါခဲ့တဲ့အတိုင်းပဲ ဒီကနေ့မှာလည်း အရေးပါနေဆဲပဲဆိုတာ သံသယဖြစ်စရာမရှိပါဘူး။”

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ ယာဇီးဒီးတွေအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေအတွက် ကျူးလွန်သူတွေ ကိုယ့်လုပ်ရပ် ကိုယ် တာဝန်ခံမှုရှိစေရေး လုပ်နိုင်ခြေရှိသမျှ အားလုံးကို လုပ်သွားရမယ်လို့လည်း မစ္စ Bachelet က ပြောပါတယ်။ သူပြောသွားတဲ့ထဲက ယာဇီးဒီဆိုတာကတော့ အီရတ်နိုင်ငံက လူနည်းစု လူမျိုးတမျိုးဖြစ်ပြီး ISIS အကြမ်းဖက်အဖွဲ့က လူမျိုးတုံး သတ်ဖြတ်ခံရသူတွေအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားတာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကာယကံရှင် မွတ်ဆလင်တွေ ကိုယ်တိုင်နဲ့ နိုင်ငံတကာက သုံးနှုန်းပြောဆိုပြီး မြန်မာအစိုးရကတော့ လက်မခံ ငြင်းပယ်ထားပါတယ်။

နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချထားတာကို ကြိုဆိုကြောင်းလည်း မစ္စ Bachelet က ထည့်ပြောသွားပါတယ်။

“ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ နှင်ထုတ်တယ်၊ ဒါဟာ ရာဇဝတ်မှုတခုခု မြောက်နိုင်ခြေရှိတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ပတ်သက်ပြီး ဒီကိစ္စဟာ နိုင်ငံတကာ ရာဇဝတ်တရားခုံရုံးရဲ့ စီရင် ဆောင်ရွက်ပိုင်ခွင့်ထဲမှာရှိတယ်လို့ အမှုမစစ်မီ ကြိုတင်ကြားနာတဲ့ ICC တရားသူကြီးအဖွဲ့ရဲ့ ပြီးခဲ့တဲ့သီတင်းပတ် ဆုံးဖြတ်ချက်ကို ကျမ ကြိုဆိုပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်မှုနဲ့ပတ်သက်လို့ အတိအကျ ကိုင်တွယ်ဖြေရှင်းတာမျိုး မဟုတ်ပေမဲ့လည်း ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး တကယ့်မျှော်လင့်ချက် ထွက်လာစေပါတယ်။”

တရားမျှတမှုရှိရေးနဲ့ နောက်ထပ်မဖြစ်အောင် တားဆီးရေးတို့အတွက် တရားရုံးကို ထောက်ခံပံ့ပိုးရေးဟာ အထူးအရေးကြီးပြီး တော့ တရားရုံးကိုထောက်ခံဖို့ နိုင်ငံအားလုံးကို တိုက်တွန်းပါတယ်လို့လည်း မစ္စ Bachelet ကပြောသွားပါတယ်။

ရှင်းလင်းသိသာတဲ့ ကြိုတင်သတိပေးလက္ခဏာတွေကို မတွေ့ရဘဲ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ရပ်တွေကို ကျူးလွန်တာမျိုး ဘယ်တုန်းကမှ မဖြစ်ဖူးဘူးလို့ မစ္စ Bachelet ကပြောပါတယ်။ သတိပေး အရိပ်လက္ခဏာတွေအဖြစ် သူ ထောက်ပြသွားတဲ့ထဲမှာ လူမျိုးစုတစုကို နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်တဲ့ စဉ်ဆက်မပြတ်ပုံစံတွေ တွေ့ရတာ၊ ရာထူးရာခံအဆင့်ဆင့်အနေနဲ့ ဒုက္ခရောက် အောင် ဘေးသင့်အောင် လုပ်ချင်စိတ်ရှိတာ၊ နောက်ဆုံးအနေနဲ့ ဆိုးရွားရက်စက်ပြီး ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းတဲ့ ရလဒ်တခု ထွက်လာတာတွေ ပါဝင်ပါတယ်။

တဆက်ထဲမှာပဲ ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေနဲ့ပတ်သက်လို့

“ရိုဟင်ဂျာတွေဖြစ်ရပ်မှာဆိုရင် သတိပေးချက်တွေ အမြောက်အများရှိထားပါတယ်။ မွေးဖွားချိန်ကနေ သေဆုံး ချိန်ထိ ဖိနှိပ်ခံရတဲ့လူထု၊ အောက်တန်းနောက်တန်းကျပြီး ကူမယ့်ကယ်မယ့်သူမရှိသူတွေ၊ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရတာ အပါ အဝင် အကွက်ကျကျ စီစဉ်လုပ်ဆောင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အပြစ်ပေး အရေးယူခံရတာမျိုးမရှိဘဲ နှစ်ပေါင်းများစွာ ဆက်ဖြစ်နေတဲ့ အခြေအနေတွေပါပဲ။”

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် နှစ် ၇၀ ကြာလာပြီးတဲ့နောက် မိမိတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတခုကတော့ အဲဒီ အချက်ပြ သတိပေးချက်တွေကို ဘယ်လို သိရှိနားလည်အောင်လုပ်ပြီး တုန့်ပြန်လုပ်ဆောင်ကြမလဲ ဆိုတာပဲဖြစ်ပါတယ်လို့ မဟာမင်းကြီး Michelle Bachelet က ပြောသွားပါတယ်။

၂၀၁၇ ခုနှစ်အထိ ဒီဇင်ဘာလအထိဆိုရင် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို နိုင်ငံပေါင်း ၁၄၉ နိုင်ငံက သဘောတူထား ဒါမှမဟုတ် လက်မှတ်ရေးထိုးထားပါတယ်။ မြန်မာနိုင်ငံဟာလည်း ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ကတည်းက ဒီသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတခုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG