သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

George Floyd သတ်မှု စွဲချက်တင်ခံရသူ ရဲတပ်ဖွဲ့ဝင်ဟောင်း ထောင်ဒဏ် ၂၂ နှစ်ခွဲ ချမှတ်ခံရ


ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်း Derek Chauvin. (ဇွန် ၂၅၊ ၂၀၂၁)
ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်း Derek Chauvin. (ဇွန် ၂၅၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖရိကန်-အမေရိကန်တဦးဖြစ်သူ George Floyd ကို သတ်မှုနဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်း Derek Chauvin ကို ထောင်ဒဏ် ၂၂ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ် မေလက မင်နီဆိုးတားပြည်နယ်၊ Minneapolis မြို့မှာ ရဲတွေက Floyd ကို ဖမ်းဆီးတဲ့အချိန် Chauvin က Floyd ရဲ့လည်ပင်းကို ဒူးခေါင်းနဲ့ ၉ မိနစ်ကျော်ကြာ ဖိထောက် ချုပ်ထားခဲ့ပြီးတဲ့နောက် Floyd သေဆုံးသွားခဲ့တာပါ။

အသက် ၄၅ နှစ်အရွယ် Chauvin ဟာ မင်နီဆိုးတားပြည်နယ်မှာ လူမည်းတယောက်ကို သတ်မှုအတွက် အကျဉ်းကျတဲ့ ပထမဆုံး လူဖြူ ရဲတပ်ဖွဲ့ဝင် ဖြစ်တယ်လို့ မင်နီဆိုးတားပြည်နယ် အများပြည်သူ ရေဒီယိုအသံလွှင့်ဌာနက ပြောပါတယ်။

သောကြာနေ့က စီရင်ချက်ချတာကို ဒေသခံတွေနဲ့ လူမှုအခွင့်အရေး လှုပ်ရှားသူ အများအပြား တရားရုံးအပြင်ဘက်မှာ စုဝေး စောင့်ဆိုင်းခဲ့ကြပါတယ်။ Chauvin ကို အခုလို စီရင်ချက် ချလိုက်ပေမယ့် အများပြည်သူဘဝအတွက် တရားမျှတမှု ပြန်ရလာဖို့ကတော့ အလှမ်းဝေးနေဆဲပဲလို့ လူအတော်များများက ပြောကြပါတယ်။

"လက်ရှိ အကျဉ်းထောင်စနစ်အရကတော့ တရားမျှတမှုဆိုတာကို ခံစားရမယ်လို့ ကျမ မထင်ပါဘူး။ ဒီစနစ်က ကျမတို့ လူမှုအဝန်းအဝိုင်းအတွက် တရားမျှတမှုကို မပေးနိုင်ပါဘူး။ ဒါက သိပ်ကို ဒေါသထွက်စရာကောင်းပြီး လူတွေကိုသတ်တဲ့ ဒီစနစ်ကိုပဲ တရားမျှတမှု ရဖို့အတွက် ကျမတို့က ဆက်ပြီး မှီခိုအားထားနေရပြီးတော့ ဒီစနစ်ဟာ တရားမျှတမှုကို ဘယ်တော့မှ ဆောင်ကြဉ်းပေးမှာ မဟုတ်ပါဘူး" လို့ ဒေသခံတဦးဖြစ်သူ Angela က ပြောပါတယ်။

Chauvin ကို လူသတ်မှုဆိုင်ရာ စွဲချက်သုံးခုအတွက် အပြစ်ရှိကြောင်း ပြီးခဲ့တဲ့ ဧပြီလမှာ ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့တာပါ။ သူ့ကို ထောင်ဒဏ် နှစ် ၃၀ ထိ ချမှတ်ပေးဖို့ အစိုးရရှေ့နေတွေက တင်ပြ လျှောက်လဲခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)








XS
SM
MD
LG