သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

George Floyd သေဆုံးမှုအတွက် ရဲအရာရှိဟောင်း Derek Chauvin ပြစ်မှုထင်ရှားကြောင်း ဂျူရီအဖွဲ့ ဆုံးဖြတ်


ရဲအရာရှိဟောင်း Derek Chauvin
ရဲအရာရှိဟောင်း Derek Chauvin

(Zawgyi/Unicode)

အမေရိကန် ပြည်ထောင်စု Minnesota ပြည်နယ်၊ Minneapolis မြို့မှာ လူမည်းအမျိုးသား George Floyd သေဆုံးမှုအတွက် ရဲအရာရှိဟောင်း Derek Chauvin အပေါ် လူသတ်မှု၊ ကြိုတင်ကြံရွယ်ခြင်းမရှိပဲ သတ်ဖြတ်မှုစတဲ့ စွပ်စွဲချက်တွေ အားလုံးအတွက် အပြစ်ရှိကြောင်း ဂျုရီလူကြီးတွေ ဆုံးဖြတ်လိုက်ပါတယ်။

လူဖြူ ၆ ယောက်၊ လူမည်းနဲ့ တခြားလူမျိုး ၆ ယောက် စုစုပေါင်း ဂျုရီလူကြီး ၁၂ ယောက်က ၂ ရက်အတွင်း ၁၀ နာရီကြာ စဉ်းစားသုံးသပ်ခဲ့ပြီးနောက် အပြစ်ရှိကြောင်း အင်္ဂါနေ့ကပဲ ဆုံးဖြတ်လိုက်တာပါ။ အမေရိကန်သမ္မတ Joe Biden ကတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ဖို့ မျှော်လင့်ကြောင်း ဂျုရီလူကြီးတွေရဲ့ ဆုံးဖြတ်ချက် ထွက်မလာခင် အင်္ဂါနေ့အစောပိုင်းမှာပဲ ပြောဆိုခဲ့ပါတယ်။

“မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုဖြစ်ဖို့ ဆုတောင်းနေပါတယ်။ ကျနော့်အမြင်အရ အမှုဟာလည်း ထင်ရှားနေပါတယ်။” လို့ သမ္မတက အင်္ဂါနေ့ အစောပိုင်းက အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။ သေဆုံးသွားတဲ့ Floyd မိသားစုကို တနင်္လာနေ့က တယ်လီဖုန်းဆက် စကားပြောခဲ့ကြောင်းနဲ့ မိသားစုဝင်တွေရဲ့ ခံစားချက်တွေကို စာနာမိကြောင်းလည်း သမ္မတ Biden ကပြောပါတယ်။

တနင်္လာနေ့တုန်းက ၂ ဖက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက်ပေးရာမှာတော့ လူမည်းအမျိုးသား Floyd ကို ဖမ်းဆီးချိန်မှာ လူဖြူရဲအရာရှိ Chauvin ဟာ ၉ မိနစ်ကျော်ကြာ ဂုတ်ပေါ်ကို ဒူးနဲ့ဖိထားရာက သေဆုံးခဲ့တာဖြစ်ကြောင်း တရားလိုရှေ့နေဖက်က စွပ်စွဲခဲ့တာပါ။ Chauvin ရဲ့ အကျိုးဆောင်ရှေ့နေဖက်ကတော့ Floyd သေဆုံးရတာဟာ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သက်နေသလို၊ Chauvin အနေနဲ့ ဖမ်းဆီးရာမှာ လေ့ကျင့်သင်ကြားပေးထားတဲ့အတိုင်း ဆောင်ရွက်ခဲ့တာသာဖြစ်ကြောင်း ခုခံချေပခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...........

(Unicode)




XS
SM
MD
LG