ရုရှားတို့ရဲ့ ၃ နှစ်နီးပါးကြာ ကျူးကျော်စစ်မှာ ယူကရိန်းဘက်က ရပ်တည်ကြောင်းပြသတဲ့အနေနဲ့ ဂျာမန်ကာကွယ်ရေးဝန်ကြီး Boris Pistorius ဟာ ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ယူကရိန်းကို သွားရောက်ခဲ့ပါတယ်။
ဒီခရီးစဉ်ဟာ ယူကရိန်းအနေနဲ့ ဂျာမနီထံက အကူအညီတွေ ဆက်လက်ရရှိမှာဖြစ်တယ်ဆိုတာကို ထပ်လောင်း အတည်ပြုဖို့ သွားရောက်တဲ့ခရီးစဉ်ဖြစ်ကြောင်း ဂျာမန်အရာရှိတွေကပြောပြီး ဝန်ကြီး Pistorius ဟာ ထိပ်တန်း ယူကရိန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။
ယူကရိန်းအပေါ်ထားတဲ့ အမေရိကန်ရဲ့ မူဝါဒ ဘယ်လို ပြောင်းလဲလာမလဲဆိုတဲ့ မသေချာမှုတွေ ရှိနေပြီး အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump အာဏာလွဲပြောင်းယူဖို့ သီတင်းတပတ်တောင် မလိုတော့တဲ့အချိန်မှာ ဒီခရီးစဉ် ဖြစ်လာတာပါ။
ဒီကနေ့မှာပဲ ရုရှားနိုင်ငံအတွင်းက နေရာအတော်များများကို ယူကရိန်းတို့က ဒရုံးယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း Saratov ဒေသ အုပ်ချုပ်ရေးမှူး Roman Busargin က ပြောကြားလိုက်ပြီး Saratov နဲ့ Engels မြို့တွေက စက်မှုလုပ်ငန်းနှစ်ခု ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒီနေရာဟာ ရုရှားတိုက်လေယာဉ် အခြေစိုက်စခန်းရှိတဲ့နေရာဖြစ်ပြီး ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ လည်း ယူကရိန်းတို့က အဲဒီ တိုက်လေယာဉ်တွေအတွက် လောင်စာဆီသိုလှောင်တဲ့နေရာကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်း ရုရှားတို့က ယူကရိန်းနိုင်ငံအတွင်းက ဒေသ ၁၁ ခုကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဒရုံးယာဉ် ၈၀ ထဲက ၅၈ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ဒီကနေ့ ပြောပါတယ်။
Forum