သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွေးရပ် Ghana မှာ Kofi Annan ရဲ့ နောက်ဆုံး ခရီး


ကွယ်လွန်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အန်နန်ရဲ့ နာရေးအခမ်းအနားကို သူ့ရဲ့ဇာတိမြေ ဂါနာနိုင်ငံမှာ ကျင်းပဖို့ ပြင်ဆင်နေစဉ် Sept. 11, 2018.
ကွယ်လွန်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အန်နန်ရဲ့ နာရေးအခမ်းအနားကို သူ့ရဲ့ဇာတိမြေ ဂါနာနိုင်ငံမှာ ကျင်းပဖို့ ပြင်ဆင်နေစဉ် Sept. 11, 2018.

ကွယ်လွန်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အန်နန်ရဲ့ နာရေးအခမ်းအနားကို သူ့ရဲ့ဇာတိမြေ ဂါနာနိုင်ငံမှာ လူမျိုးစု ဓလေ့ထုံးတမ်းတွေအနေနဲ့အညီ ကြာသပတေးနေ့မှာ (ဒီကနေ့မှာ) ကျင်းပမှာဖြစ်ပါတယ်။ ဂါနာနိုင်ငံသား တွေကတော့ သူတို့တိုင်းပြည်ရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားတဦးကို နောက်ဆုံး နှုတ်ဆက် ဂါရဝပြုနေကြသလို သူနဲ့ပတ်သက်လို့ ဂုဏ်ယူတဲ့အကြောင်းကိုလည်း ပြောဆိုကြပါတယ်။ ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။

ကွယ်လွန်သူ ကိုဖီ အန်နန်ဟာ ဂါနာနို်င်ငံသားတွေထဲကနေ ပထမဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်ခဲ့သူ တဦးသာ မက အာဖရိကတိုက်က လူမည်းအမျိုးသားတွေထဲမှာ ပထမဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်ခဲ့သူပါ။ ဒါကြောင့်လည်း သူနဲ့ ပတ်သက်လို့ ဂါနာနိုင်ငံသားတွေက အထူး ဂုဏ်ယူကြတယ်ဆိုတာဟာ အလွန်အကျွံ လုပ်ကြံပြောစကား မဟုတ်ပါဘူး။

သူဟာ ဂါနာနိုင်ငံ၊ Akwamu တော်ဝင်မိသားစုထဲက လူမျိုးစုအကြီးအကဲတွေရဲ့ မြေးဖြစ်ပြီး Busumuro ဆိုတဲ့ လူမျိုးစု ရာထူး အဆင့်အတန်းကိုလည်း ချီးမြှင့်ခံထားရသူပါ။ ဒါကြောင့်လည်း သူ့ရဲ့နာရေးအခမ်းအနားကို သူတို့လူမျိုးစုရဲ့ ထုံးထမ်းစဉ်လာနဲ့ အညီ အထူးပဲ ခမ်းခမ်းနားနား ဆင်ယင်ကျင်းပနေကြတာဖြစ်ပါတယ်။

အာဏာရှင်အုပ်ချုပ်တဲ့နိုင်ငံတွေ များလွန်းလှတဲ့ အာဖရိကတိုက်မှာ ကိုဖီ အန်နန်ဟာ ခေါင်းဆောင်တွေ အတုယူ လိုက်နာ လုပ်ဆောင်သင့်သူတဦး ဖြစ်တယ်လို့ ဂါနာ အနုပညာရှင်တဦးဖြစ်သူ Derrick Baah ကပြောပါတယ်။

“ကိုဖီ အန်နန်ဟာ သိပ်ကိုကောင်းမွန်တဲ့ စံနမူနာပြ လူပုဂ္ဂိုလ်တဦးပါ။ ခေါင်းဆောင်တိုင်း သူ့ကိုအတုယူသင့်ပါ တယ်။ လူတယောက်အနေနဲ့ မဟာ လူပုဂ္ဂိုလ်တဦးဖြစ်ဖို့ဆိုရင် အဲဒီလိုဖြစ်ထားပြီးသားလူတဦး ရှိနေဖို့လိုပါတယ်။ ဒါကြောင့် အာဖရိကခေါင်းဆောင်တွေအတွက် သူ့ဆီကနေ သင်ယူနိုင်တာတွေ အများကြီးရှိပါတယ်။ သူဟာ သိပ်ကို ပွင့်လင်းမြင်သာမှုရှိသူ၊ သိပ်ကိုရိုးသားသူ၊ သိပ်ကိုငြိမ်းချမ်းသူဖြစ်ပါတယ်။ အာဖရိက ခေါင်းဆောင်တယောက်က သူ့ခြေရာနင်းပြီး လိုက်နာလုပ်ဆောင် သင့်တယ်လို့ ကျနော်ယူဆပါတယ်။”

ကိုဖီ အန်နန်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆိုတဲ့ ကမ္ဘာ့ခေါင်းဆောင်တဦးနေရာကို ရောက်သွားတာတောင်မှ သူ့ရဲ့ မူရင်း ဂါနာအစဉ်အလာ အပြောအဆို ပြုမူလုပ်ဆောင်ပုံတွေကို ဆက်ပြီး ထိန်းသိမ်းထားတဲ့အပေါ် ဂုဏ်ယူစွာပြောသူတွေထဲမှာ တဦးက တော့ ဂါနာ တက္ကသိုလ်ကထိကတဦးဖြစ်သူ Victor Niiswa ပါ။

“ဂါနာနိုင်ငံသားတဦးအဖြစ်၊ အာဖရိကတိုက်သားတဦးအဖြစ်၊ ဂုဏ်ထူးဆောင်နိုင်ငံသားတဦးအဖြစ်၊ အဆုံးမှာ သံတမန်တဦးအဖြစ် သူ့ရဲ့ စရိုက် သွင်ပြင် လက္ခဏာဟာ သိပ်ကို တမူထူးခြားပါတယ်။ ဘာ့ကြောင့်လဲဆို သူက ဂါနာလေနဲ့ စကားပြောတာကိုတောင် ပြောင်းပစ်သူမဟုတ်ပါဘူး။ တခြားလူတယောက်ယောက်အဖြစ် သူ ဟန်ဆောင်ခဲ့တာမျိုးမဟုတ်ဘဲ သူ့မူရင်းလေအတိုင်းပဲ ထိန်းထားခဲ့သူပါ။ သူ့နာမည်ကို ပြောင်းမပစ်ပါဘူး၊ သူဟာ ကိုဖီ အန်နန်ပါ။ သူဟာ ဂါနာနိုင်ငံသားဖြစ်တယ် လို့ အမြဲတမ်း သူပြောခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ကမ္ဘာ့နိုင်ငံသားတဦး ဖြစ်တယ်ဆိုတာ ကျနော်တို့သိပါတယ်။”

နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်သူ ကိုဖီ အန်နန်ဟာ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အဖြစ် သက်တမ်းနှစ်ဆက် တာဝန်ထမ်းခဲ့ပြီးတဲ့နောက် အငြိမ်းစားယူပြီး ဆွစ်ဇာလန်နိုင်၊ ဂျီနီဗာမြို့က ကျေးလက်ဒေသလေးတခု မှာ ဇနီးသည် Nane Maria နဲ့အတူ နေထိုင်နေရင်း အသက် ၈၀ အရွယ် သြဂုတ်လ ၁၈ ရက်နေ့က ခနတာ နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားတာပါ။

ကုလအတွင်းရေးမှူးချုပ်အဖြစ်ကနေ အနားယူပြီးတဲ့နောက် ကိုဖီ အန်နန် ဖောင်ဒေးရှင်းကိုထူထောင်ပြီး ကောင်းမွန်တဲ့ အုပ်ချုပ် ရေး၊ ငြိမ်းချမ်းရေး၊ ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေး၊ စေ့စပ်ညှိနှိုင်းရေးနဲ့ အကျပ်အတည်းဖြေရှင်းရေး စတာတွေကို အားပေး မြှင့်တင်တဲ့ လုပ်ငန်းတွေကို ၁၀ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ဥက္ကဌအဖြစ် တာဝန်ယူပြီး ကော်မရှင်ရဲ့ အစီရင် ခံစာထွက်တဲ့အထိ လုပ်ဆောင်ပေးခဲ့ပါတယ်။ ကိုဖီ အန်နန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အစိုးရက အကောင် အထည်ဖော် လုပ်ဆောင်နေတယ်ဆိုတာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောထားပါတယ်။

ဂါနာနိုင်ငံသား လူငယ်မျိုးဆက်သစ်တွေအတွက်တော့ ကိုဖီ အန်နန်ဟာ သူတို့အတုယူအားကျတဲ့ ခေါင်းဆောင်တဦးဖြစ်တယ် ဆိုတာ ကျောင်းသားတဦးဖြစ်သူ Nana Acheampong ပြောစကားက သက်သေပြနေပါတယ်။

"ကျမအတွက် စိတ်ခွန်အားတက်ကြွစေတဲ့ သူရဲ့ နာမည်ကျော် ပြောစကားတခုကတော့ ‘ပိုပြီးတော့ ကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်ဖို့အတွက် မျှော်လင့်ချက်ကို ရှင်သန်အောင်လုပ်နေဖို့လိုတယ်’ ဆိုတာပါပဲ။ အဲဒီစကားက ကျမဘဝမှာ၊ စီးပွားရေးလုပ်ငန်းမှာ ကျမအတွက် နည်းလမ်းပေါင်းစုံနဲ့ အထောက်အကူဖြစ်စေခဲ့ပါတယ်။ ကျမ ပိုကောင်းအောင် လုပ်ချင်တဲ့အတွက် မျှော်လင့်ချက် ရှင်သန်နေအောင် အမြဲကြိုးစားနေပါတယ်။”

ကိုဖီ အန်နန်ရဲ့ ရုပ်ကလပ်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့ကပဲ ဂါနာနိုင်ငံကို ရောက်လာပြီး အများပြည်သူ ဂါရဝပြု နုတ်ဆက်ဖို့ သုံးရက် သတ်မှတ်ပြီး ဆင်ယင်ပေးထားပါတယ်။ စက်တင်ဘာလ ၁၃ ရက်၊ ကြာသပတေးနေ့မှာ နိုင်ငံတော်ဈာပနကျင်းပပြီး စစ်သချိုၤင်းမှာ မြေမြှုပ်သဂြိုၤဟ်မှာဖြစ်ပြီးတော့ လက်ရှိကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres အပြင် အာဖရိကခေါင်းဆောင် အများအပြား နာရေးအခမ်းအနားကို တက်ရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်



ကိုဖီအာနန် ဈာပန မွေးရပ်မြေ ဂါနာမှာကျင်းပ
please wait

No media source currently available

0:00 0:04:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG