သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ စားနပ်ရိက္ခာယူသူတွေ ပစ်ခတ်မှု အစ္စရေးကို နိုင်ငံတကာ ရှုတ်ချ


ဂါဇာဒေသမှာ လူသားချင်းစာနာမှုအကူအညီတွေကို ကုန်းလမ်းအပြင် လေကြောင်းကပါ ပစ်ချပေးဝေနေစဉ် (မတ် ၁၊ ၂၀၂၄)
ဂါဇာဒေသမှာ လူသားချင်းစာနာမှုအကူအညီတွေကို ကုန်းလမ်းအပြင် လေကြောင်းကပါ ပစ်ချပေးဝေနေစဉ် (မတ် ၁၊ ၂၀၂၄)

စစ်ပွဲတွေဖြစ်နေတဲ့ ဂါဇာမှာ စားနပ်ရိက္ခာ အကူအညီတွေကို လူတွေတိုးဝှေ့ လာယူကြတဲ့အချိန် ပါလက်စတိုင်း အရပ်သားတွေကို အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တဲ့အပေါ် နိုင်ငံတကာက ဝိုင်းဝန်း ရှုတ်ချနေပါတယ်။ ဒီပစ်ခတ်မှုအတွင်း လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဟာမတ်စ်အဖွဲ့ ထိန်းချုပ်နယ်မြေမှာ ရှိတဲ့ ပါလက်စတိုင်း ကျန်းမာရေးဌာနက ပြောပါတယ်။

လူပေါင်း ၁၁၂ ယောက် သေဆုံးခဲ့ရပြီး ၇၅၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဒီဖြစ်ရပ်ဟာ လူသတ်မှုကြီး ဖြစ်တယ်လို့ ဂါဇာကျန်းမာရေးဌာနက ပြောဆိုတာပါ။

အစ္စရေး စစ်တပ်ကတော့ ဆာလောင်မွတ်သိပ်နေကြတဲ့ ဂါဇာဒေသခံ သောင်းနဲ့ချီက စားနပ်ရိက္ခာတွေ သယ်ဆောင်လာတဲ့ ထရပ်ကား ၃၈ စီးပါ ယာဥ်တန်းတွေအနီးကို ဝိုင်းအုံ ရောက်လာကြတဲ့ အချိန် လူအုပ်ပိပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ ဒါဇင်နဲ့ချီ ရှိခဲ့တဲ့အကြောင်းနဲ့ ဒီအထဲမှာ လောရီကားအောက် အနင်းခံရပြီး သေဆုံး ဒဏ်ရာရသူတွေလည်း ပါတယ်လို့ ပြောပါတယ်။ လူအုပ်ကြီး ပြေးဝင်လာချိန်မှာ ခြိမ်းခြောက်မှု ဖြစ်လာတယ်လို့ ယူဆပြီး အစ္စရေးတပ်ဖွဲ့တွေက လူအုပ်ရှိရာ ပစ်ခတ်ခဲ့တယ်ဆိုတာကို အစ္စရေး သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron(အီမန်နွဲလ် မက်ခရွန်း) ကတော့ ဒီလို ပစ်ခတ်မှုမျိုးကို အပြင်းထန်ဆုံး ရှုတ်ချကြောင်းနဲ့ အမှန်တရားနဲ့ တရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာဖို့ တောင်းဆိုကြောင်း X လူမှုကွန်ရက်မှာ ရေးသား ပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတ Joe Biden ကတော့ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး နှစ်ဖက်မတူညီတဲ့ပြောဆိုမှုတွေကို သေချာ လေ့လာ သုံးသပ်နေတဲ့အကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG