သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ငြိမ်းချမ်းမှု အဆင့်တိုး


ယခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး အဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံ ၁၅ဆင့် တိုးတက်လာသည်။
ယခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး အဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံ ၁၅ဆင့် တိုးတက်လာသည်။

မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေပေမယ့် အရင်ကထက်စာရင် ငြိမ်းချမ်းရေး အခြေအနေ သိသိသာသာ တိုးတက်မှု ရခဲ့တယ်လို့ ကမ္ဘာ့ ငြိမ်းချမ်းရေး နဲ့ စီးပွားရေး အခြေအနေ တွေကို လေ့လာ သုတေသန ပြုနေတဲ့ အဖွဲ့တစ်ဖွဲ့က ထုတ်ပြန် လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နစ်နာဆုံးရှုံးမှု အမေရိကန် ဒေါ်လာ ၁၉ ဘီလျံ လောက် အထိ ရှိနိုင်တယ်လို့လဲ အဖွဲ့က ခန့်မှန်းပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။

၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ တစ်ဝှမ်းလုံးမှာ တည်ငြိမ်အေးချမ်းမှု အခြေအနေကို သြစတြေးလျနိုင်ငံ အခြေစိုက် စီးပွားရေးနဲ့ ငြိမ်းချမ်းရေး အင်စတီကျု (IEP) အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပြီး၊ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၃ နိုင်ငံကိုလည်း ငြိမ်းချမ်းမှု အဆင့်တွေ သတ်မှတ် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

IEP အဖွဲ့ရဲ့ အဆင့်သတ်မှတ်ချက်အရ အိုက်စလန်ဟာ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းမှု အရှိဆုံး နိုင်ငံဖြစ်ပြီး၊ ဒိန်းမတ်၊ သြစတြီးယား (Austria)၊ နယူးဇီလန် နဲ့ ပေါ်တူဂီနိုင်ငံတို့က နောက်မှာ အစဉ်အတိုင်းရှိနေပါတယ်။ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းမှု အနည်းဆုံးကတော့ လက်ရှိ လက်နက်ကိုင် ပဋိပက္ခတွေ နိုင်ငံ အနှံ့ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံ ဖြစ်ပြီး၊ တောင်ဆူဒန်၊ အီရတ်၊ အာဖဂန် နစ္စတန်နဲ့ ဆိုမာလီယာတို့က ငြိမ်းချမ်းမှု အနည်းဆုံးနိုင်ငံတွေ အဖြစ် နောက်မှာ ရှိနေပါတယ်။

ဒေသတွင်း နိုင်ငံတွေထဲမှာ ငြိမ်းချမ်းမှု အရှိဆုံးက စင်္ကာပူနဲ့ မလေးရှား နိုင်ငံတွေ ဖြစ်ပြီး၊ ငြိမ်းချမ်းမှု အနည်းဆုံးကတော့ ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင် နိုင်ငံ တို့ ဖြစ်ပါတယ်။

အခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အဆင့် ၁၅ ဆင့်အထိ တက်လာပြီး နိုင်ငံပေါင်း ၁၆၃ နိုင်ငံအနက် အဆင့် ၁၁၅ မှာ ရှိနေပါတယ်။ ခုလို မြန်မာနိုင်ငံရဲ့ အဆင့်သတ်မှတ်ချက် တိုးတက်လာတာဟာ နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ လျော့ကျသွားတာကြောင့် ဖြစ်တယ်လို့ IEP အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှုး Aubrey Fox က ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွား တဲ့ ရွေးကောက်ပွဲ နောက်ပိုင်း နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ သိသိသာသာ လျော့နည်းသွားတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အစုအဖွဲ့များစွာ ပါဝင်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရယူလိုက်နိုင်တာ ကလည်း နောက်ထပ် အကြောင်းရင်းတစ်ခုပါ။ အခုဆိုရင် လက်နက်ကိုင် ပဋိပက္ခတွေကို နိုင်ငံရဲ့ နယ်စပ်ဒေသတွေ ဆီကနေ ဆက်ပြီး မပျံ့ပွားလာအောင် ထိန်းထားနိုင်ခဲ့ပါတယ်။ ဒါတွေကြောင့် တကမ္ဘာလုံး အဆင့် သတ်မှတ်ချက်မှာ တိုးတက်လာတာဖြစ်ပါတယ်။”

မြန်မာနိုင်ငံဟာ တော်တော်လေးကို ပြဿနာပေါင်းစုံ ရှိနေတဲ့ အခြေအနေ ကနေ ပြောင်းလဲလာတာ ဖြစ်တဲ့အတွက် တိုးတက်မှုက အလုံးစုံ ပြည့်စုံမှု မရှိတာ အံ့သြစရာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ကမ္ဘာ့ နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေး အခြေအနေကို အဆင့်သတ်မှတ်ရာမှာ စစ်မက် ဖြစ်ပွားမှုအပြင်၊ နိုင်ငံရေးအရ တည်ငြိမ်မှု၊ စစ်တပ်ရဲ့ သြဇာ လွှမ်းမိုးမှု၊ နိုင်ငံ့ ဂျီဒီပီ၊ ပြည်သူတွေ ဘေးကင်း လုံခြုံမှု၊ လူသတ်မှု ဖြစ်ပွားတဲ့ အရေအတွက် စတာတွေအပါအဝင် မတူညီတဲ့ ညွှန်းကိန်း ၂၃ ခုကို အသုံးပြုပြီး တိုင်းတာတယ် လို့ သူက ပြောပါတယ်။

ဒါ့အပြင် တည်ငြိမ်အေးချမ်းမှုမရှိတဲ့အတွက်ကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုကို တိုင်းတာရာမှာ တကမ္ဘာလုံးမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဒေါ်လာ ၁၃.၆ ထရီလျံ ဆုံးရှုံးခဲ့ပြီး ဒါဟာ တကမ္ဘာလုံး ဂျီဒီပီရဲ့ ၁၃ ရာခိုင်နှုန်းနဲ့ ညီမျှတာတွေ့ရတယ်လို့ အစီရင်ခံစာ မှာ ဖော်ပြထား ပါတယ်။

ခုလို တွက်ချက်ရာမှာ ငြိမ်းချမ်းမှုမရှိတဲ့အတွက် နစ်နာဆုံးရှုံးမှုတွေအပြင်၊ မတည်ငြိမ်မှုတွေကို ထိန်းချုပ်ဖို့ လုံခြုံရေးနဲ့ စစ်ရေး အတွက် တိုးပြီးသုံးရတဲ့ ကုန်ကျစရိတ်တွေကိုပါ ထည့်သွင်း တွက်ချက်ထားတာဖြစ်တဲ့ အကြောင်း သူက ခုလို ရှင်းပြပါတယ်။

“ငြိမ်းချမ်းမှု မရှိတဲ့အတွက် နစ်နာဆုံးရှုံးမှုတွေကို တွက်ချက်ရာမှာ အချက် သုံးချက်ကို အခြေခံပါတယ်။ ပထမအချက်က တိုက်ရိုက် ကုန်ကျစရိတ်တွေပါ။ မငြိမ်းချမ်းတဲ့ အတွက် စစ်ရေး အသုံးစရိတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ တရားစီရင်ရေး အရာရှိတွေ ခန့်အပ်တဲ့နေရာမှာ တိုးပြီး သုံးစွဲရတဲ့ ကုန်ကျစရိတ် ဖြစ်ပါတယ်။ နောက်တစ်ချက်ဖြစ်တဲ့ သွယ်ဝိုက် ကုန်ကျစရိတ်မှာတော့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားတဲ့ သူတွေကြောင့်၊ စီးပွားရေးမှာ လုပ်အားတန်ဖိုး လျော့သွားတာမျိုး ဆုံးရှုံးမှုတွေကို တွက်ချက် ထားတာ ဖြစ်ပါတယ်။ နောက်ဆုံး အချက်ကတော့ ငြိမ်းချမ်းမှုမရှိလို့ ဖြစ်ပေါ်လာတဲ့ ထိခိုက်ဆုံးရှုံးမှု အမျိုးမျိုးကို ခြုံငုံပြီး ဖန်တီးထားတဲ့ ညွှန်ကိန်းကိုလည်း ထည့်သွင်း တွက်ချက်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ရဲ့ တွက်ချက်မှု အရ မငြိမ်းချမ်းတဲ့အတွက် နိုင်ငံရဲ့ စီးပွားရေးကို ဒေါ်လာ ၁၉ ဘီလျံ လောက် ဆုံးရှုံးစေခဲ့ပါတယ်။ နိုင်ငံ ဂျီဒီပီရဲ့ ၈ ရာခိုင်နှုန်းလောက်ရှိပါတယ်။”

အခုနှစ်မှာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက နိုင်ငံတွေမှာ တည်ငြိမ် အေးချမ်းမှု အခြေအနေ ဆိုးဝါးနေတာကြောင့် တစ်ကမ္ဘာလုံး အတွက် ယေဘူယျ ငြိမ်းချမ်းရေး အခြေအနေဟာ အကျပိုင်းကို ရောက်နေပါတယ်။ ဒါ့အပြင် အခုနှစ်ဟာ၂၅နှစ်အတွင်း ပဋိပက္ခတွေကြောင့် လူသေဆုံးမှု အများဆုံးနဲ့ နှစ်ပေါင်း ၆၀ အတွင်း စစ်ပြေး ဒုက္ခသည် အများဆုံး ရှိလာတဲ့ နှစ်လည်း ဖြစ်တယ်လို့ အစီရင်ခံစာမှာ သုံးသပ် ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG