သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည် ပဋိပက္ခ ၅ နှစ်ပြည့်ပြီ


ကချင်စစ်ပွဲ ငါးနှစ်ပြည့်အထိမ်းအမှတ်အခမ်းအနား
ကချင်စစ်ပွဲ ငါးနှစ်ပြည့်အထိမ်းအမှတ်အခမ်းအနား

မြန်မာအစိုးရသစ်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးစိတ်ဆန္ဒရှိတယ်ဆိုတာ လက်ခံပေမယ့်၊ မြန်မာ့တပ်မတော်ဘက်ကတော့ တထပ်တည်း သဘောထားရှိပါ့မလားဆိုတာ သံသယရှိတယ်လို့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားနေတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတာဝန်ရှိသူတွေက ပြောပါတယ်။ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြစ်နိုင်သမျှအမြန်ဆုံးရပ်တန့်ပြီး၊ ဒုက္ခသည်တွေကိုလည်း အရေးပေါ်အကူအညီတွေ ပေးကြဖို့ ကချင်စစ်ပွဲ ငါးနှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားမှာ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းခဲ့ပါတယ်။ ဒီပွဲကို သတင်းသွားရောက်ယူခဲ့တဲ့ ကိုသားညွန့်ဦးက ရန်ကုန်ကနေ သတင်းပေးပို့ထားတာပါ။

ကချင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲဟာ အခုဆိုရင် ၅ နှစ်ထဲရောက်ခဲ့ပြီဖြစ်ပါတယ်။ ၅ နှစ်ထဲရောက်လာတာနှင့်အမျှ ဒီစစ်ပွဲကြောင့်ဖြစ်လာတဲ့ ဒုက္ခသည်တွေရဲ့အခြေအနေဟာ နှစ်တွေကြာလာတာနှင့်အမျှ ပိုပြီးတော့ ဆိုးလာတယ်လို့ ဒေသခံပြည်သူတွေက ပြောကြပါတယ်။ အခုအချိန်မှာဆိုရင် အစိုးရသစ်တက်လာတဲ့နောက်ပိုင်း ကချင်ပြည်နယ်သာမက တနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စတွေကို အစိုးရအနေနဲ့ဆောင်ရွက်ဖို့ ပြင်ဆင်နေတာတွေရှိပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကနေပြီး ဦးဆောင်ပြီးတော့ ခေါ်ယူကျင်းပဖို့ရှိပါတယ်။ ဒါပေမယ့် တဘက်မှာ အစိုးရက ဘယ်လောက်ပဲ ငြိမ်းချမ်းရေးအတွက် စိတ်ဆန္ဒရှိရှိ ၊ တပ်မတော်ကနေပြီးတော့ ဒီ စိတ်ဆန္ဒနဲ့ တထပ်ထဲကျပါ့မလား၊ သူတို့သဘောထားကရော ဘယ်လိုရှိမလဲဆိုပြီးတော့ ဒီကချင်ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နေသူတွေက မေးခွန်းထုတ်ကြပါတယ်။

“တဘက်မှာ အစိုးရရဲ့ကြိုးပမ်းမှုတွေကို အားရတာရှိတယ်။ ဒါပေမယ့်လို့ တပ်မတော်က အရင်က ချထားတဲ့ သူ့ရဲ့မူ ၆ ချက်ကို ပြောင်းတယ်မပြောင်းဘူးဆိုတာ မသိရဘူး ဒါ နံပတ် ၁ ။ နောက်ပြီးတော့ အရင် ဒီ NCA အပေါ်မှာ အခုလက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေအားလုံးက KIA၊ KIO အပါအဝင်ပေါ့ ဒီ NCA ထဲမှာ လက်မှတ်မထိုးရသေးတဲ့ အချက်တွေအားလုံး သဘောတူထားပြီးသားဖြစ်တယ်။ အဓိကတော့ အားလုံးပါဝင်ရေးပဲ။ အဲတော့ ကျမတို့ကချင်ပြည်နယ်မှာ ငြိမ်းချမ်းဖို့ဆိုရင်တော့ ဒီမူဝါဒတွေပေါ့။ တချို့အဖွဲ့တွေက လက်မှတ်ထိုးလို့ရမယ်၊ တချို့တွေက ပါလို့မရဘူးဆိုရင် ဒါတော်တော်လေးတော့ ခက်ပါမယ်။ အဲဒါကြောင့် အစိုးရအနေနဲ့ welcome လုပ်လာတဲ့အခြေအနေရှိတယ်ဆိုပေမယ့် တပ်ပိုင်းဆိုင်ရာက သူတို့မူဝါဒ ဘယ်လောက်ထိ ပြောင်းလဲတယ်ဆိုတာ အခုအချိန်အထိ မသိရသေးတဲ့အတွက် ကျမတို့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါသေးတယ်။ ခုနပြောသလို မြေပြင်အခြေအနေကလည်း တိုက်ခိုက်မှုတွေရှိနေတယ်ဆိုတော့ပါ့နော်။ အဲတော့ ဒီ ၂ ခုကို အစိုးရရဲ့ လုပ်ကိုင်ပုံ ၊ လုပ်ကိုင်နည်းတွေက ဘယ်လောက်အထိ တပ်မတော်ရဲ့ ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်မလဲ ၊ ဒါတွေလည်း ကျမတို့ စိုးရိမ်ပူပန်မှုတွေရှိနေပါသေးတယ်။ မျှော်လင့်လားဆိုတော့ ကျမတို့ အကောင်းဆုံးကိုတော့ မျှော်လင့်ထားပါတယ်။”

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ ငြိမ်းဖောင်ဒေးရှင်းက ဒေါ်နန်းရော်ပြောသွားတာပါ။

ကချင်ဒေသမှာ စစ်ပွဲတွေ ပဋိပက္ခတွေ ပြန်ဖြစ်ခဲ့တာ ငါးနှစ်ပြည့်ခဲ့ပြီဆိုပေမယ့်၊ တဘက်မှာတော့ တနိုင်ငံလုံးအတိုင်းအတာအရ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကြိုးပမ်းမှုတွေက ဒီကြားထဲ အဆက်မပြတ်ရှိခဲ့တာပါ။ ဒါပေမယ့်လည်း စစ်ရှောင်းဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ အခြေအနေတွေ ရလဒ်တွေ တိတိပပ ထွက်မလာခဲ့ဘူးလို့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူတွေက ပြောပါတယ်။ မြန်မာအစိုးရနဲ့ ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲအကြား စစ်ရေးပဋိပက္ခတွေကြောင်း ဒုက္ခသည်ပေါင်း တသိန်းနှစ်သောင်းကျော်ဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက ဒုက္ခသည်စခန်း ၁၆၇ ခုမှာ နေရပ်စွန့်ခွာပြီး ခိုလှုံနေရတယ်လို့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားမှုအဖွဲ့တွေက ပြောပါတယ်။

ရန်ကုန် Summit Park View မှာ ဒီကနေ့ ပြုလုပ်တဲ့ ကချင်စစ်ပွဲ ငါးနှစ်ပြည့်အထိမ်းအမှတ် ငြိမ်းချမ်းရေးပွဲအတွင်းမှာလည်း ဒုက္ခသည်တွေရဲ့ နေထိုင်မှုဘ၀ ခက်ခဲနေတဲ့ သရုပ်ဖော် ပုံတွေ ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့အခြေအနေတွေကို ဓါတ်ပုံ ဗွီဒီယိုတွေနဲ့အပြင် ဒုက္ခသည်တွေ ကိုယ်တိုင်လည်း လာရောက်ရှင်းပြတာတွေ့ရပါတယ်။ ဒီပွဲကိုတော့ ကချင်ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေကြတဲ့ ကချင်လူမှုအဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပတာပါ။ တတ်ရောက်လာတဲ့ ကချင်တိုင်းရင်းသူတဦးကတော့ ဒုကသည်တွေရဲ့ ဘဝကို စာနာတာကြောင့် ဒီပွဲကို လာရောက်တာဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ကိုယ့်တိုင်းရင်းသားတွေက ဒုက္ခရောက်နေတယ် တဘက်မှာ ကိုယ်တွေက မြို့ပေါ်နေနေတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေက တဘက် ပြည်နယ်မှာ စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေတဲ့အချိန်မှာ ကိုယ်တွေက တက်နိုင်တဲ့ဘက်ကနေပြီးတော့ ရပ်တည်ပေးချင်တဲ့အတွက် ဒီပွဲကို လာပြီးတော့ တထောင့်တနေရာကနေ ပါဝင်ပေးတာဖြစ်ပါတယ်။”

ဒီကနေ့ပြုလုပ်သွားတဲ့ ကချင်စစ်ပွဲ ငါးနှစ်ပြည့်အထိမ်းအမှတ်ပွဲမှာတော့ ကချင်အရပ်ဖက်လူမှုအဖွဲ့အစည်းက တာဝန်ရှိသူတွေ၊ ဒုက္ခသည်ကူညီစောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိသူတွေက စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ လိုအပ်နေပြီဆိုတဲ့အချက်ကို အဓိက ပြောကြားခဲ့ပါတယ်။

ဒုက္ခသည်တွေရဲ့ အရေးတကြီးလိုအပ်ချက်တွေကို အမြန်ဆုံးဖြည့်ဆည်းပေးကြဖို့လည်း လူသားချင်းစာနာကူညီရေးအဖွဲ့တွေကို တိုက်တွန်းခဲ့ပြီး၊ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထဲမှာ အရပ်သားတွေပါ ပါဝင်နိုင်မယ့် အခင်းအကျင်းတခု ဖန်တီးပေးဖို့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကို တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ လက်ရှိ လုပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း မြန်မာအရပ်ဖက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ အဓိက အခန်းမှာ ပါဝင်ဖို့လိုအပ်တယ်လို့လည်း ထောက်ပြခဲ့ကြပါတယ်။

ကချင်ပြည် ပဋိပက္ခ ၅ နှစ်ပြည့်ပြီ
please wait

No media source currently available

0:00 0:04:34 0:00
တိုက်ရိုက် လင့်ခ်
၅ နှစ်ပြည့် ကချင်ပြည်နယ်ပဋိပက္ခ
please wait

No media source currently available

0:00 0:04:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG