သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်တရားရုံးချုပ် အမျိုးသမီး တရားသူကြီး ၂ ဦး လုပ်ကြံသတ်ဖြတ်ခံရ


အာဖဂန် အမျိုးသမီး တရားသူကြီး ၂ ယောက် ပစ်သတ်ခံရတဲ့နရောကို လာရောက်ကြည့်ရှုနေတဲ့ အိမ်နီးနားချင်းများ။ (ဇန်နဝါရီ ၁၇၊ ၂၀၂၁)
အာဖဂန် အမျိုးသမီး တရားသူကြီး ၂ ယောက် ပစ်သတ်ခံရတဲ့နရောကို လာရောက်ကြည့်ရှုနေတဲ့ အိမ်နီးနားချင်းများ။ (ဇန်နဝါရီ ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ ဒီနေ့မနက်အစောပိုင်းက သေနတ်သမားတွေက ချောင်းမြောင်းတိုက်ခိုက်ခဲ့တာကြောင့် အာဖဂန် တရားရုံးချုပ်က အမျိုးသမီး တရားသူကြီး ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ အာဖဂန်အာဏာပိုင်တွေက ပြောပါတယ်။

တရားသူကြီးတွေဟာ တရားရုံးက ကားနဲ့ ရုံးကို သွားနေတုန်းမှာ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ အာဖဂန်တရားရုံးချုပ် ပြောခွင့်ရ Ahmad Fahim Qaween က ပြောပါတယ်။ ဒါ့အပြင် တတိယ တရားသူကြီးတယောက်နဲ့ ယာဉ်မောင်းလည်း ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အခုချိန်ထိတော့ ဘယ်သူကမှ သူတို့ရဲ့လက်ချက် ဖြစ်တယ်လို့ ပြောဆိုခြင်း မရှိသေးသလို တာလီဘန်အဖွဲ့ကလည်း ဒီတိုက်ခိုက်မှုမှာ သူတို့ပါဝင်ပတ်သက်မှု မရှိဘူးလို့ တာလီဘန်ပြောခွင့်ရက ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ အစိုးရနဲ့ တာလီဘန်အဖွဲ့တွေကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လုပ်နေပေမယ့်လည်း မကြာသေးခင် လပိုင်းတွေအတွင်း နိုင်ငံတဝန်း အကြမ်းဖက်မှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ကဘူးလ်မြို့မှာဆိုရင် ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ ဖြစ်လာနေတာကြောင့် စိုးရိမ်မှုတွေလည်း တိုးလာနေပါတယ်။

အခုနောက်ဆုံး တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဟာ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အင်အားကို ၂,၅၀၀ အထိ လျှော့ချလိုက်တယ်လို့ ကြေညာပြီး ၂ ရက်အကြာမှာ ဖြစ်ပွားခဲ့တာပါ။ ဒါဟာ ဆယ်စုနှစ် ၂ ခုအတွင်း အာဖဂန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အင်အားဟာ အနည်းဆုံးဖြစ်ပါတယ်။

၂၀၁၇ ဖေဖော်ဝါရီလတုန်းကလည်း အာဖဂန်တရားရုံးချုပ်ကို ပစ်မှတ်ထားပြီး အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၂၀ သေဆုံးပြီး ၄၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာတော့ အာဖဂန်နိုင်ငံမှာ နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဆရာဝန်တွေ၊ အစိုးရရှေ့နေတွေ အပါအဝင် ထင်ရှားတဲ့သူတွေ အများအပြားကို ပစ်မှတ်ထားပြီး နေ့ပိုင်းမှာပဲ လုပ်ကြံသတ်ဖြတ်တာတွေ ဖြစ်လာနေပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)









XS
SM
MD
LG