သုံးရလွယ်ကူစေသည့် Link များ

ကုလအတွင်းရေးမှူးချုပ် Antonio Guterres ဒုတိယ သက်တမ်း ထမ်းဆောင်ဖို့ လုံခြုံရေးကောင်စီ ထောက်ခံ


မှတ်တမ်းဓါတ်ပုံ- ၂၀၁၇ စက်တင်ဘာလတုန်းက ကုလအတွင်းရေးမှူးချုပ် Antonio Guterres ကိုတွေ့ရစဉ်
မှတ်တမ်းဓါတ်ပုံ- ၂၀၁၇ စက်တင်ဘာလတုန်းက ကုလအတွင်းရေးမှူးချုပ် Antonio Guterres ကိုတွေ့ရစဉ်

(Zawgyi/Unicode)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး Antonio Guterres ကို ဒုတိယ သက်တမ်း ဆက်လက် တာဝန်ထမ်းဆောင်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အင်္ဂါနေ့မှာ ရွေးချယ်လိုက်ပါတယ်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ခန့်အပ်ရေး အတွက် ထောက်ခံချက် တောင်းခံမှုကို လုံခြုံရေး ကောင်စီက စဉ်းစားသုံးသပ်ခဲ့ပြီး မစ္စတာ Antonio Guterres ကို လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ကနေ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ အထိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် ဒုတိယ သက်တမ်း အတွက် ခန့်အပ်ဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံထံ ထောက်ခံထားကြောင်း” လုံခြုံရေး ကောင်စီ ဥက္ကဌ Estonia သံအမတ်ကြီး Sven Jurgenson က ကြေညာချက်ကို ဖတ်ကြားခဲ့တာပါ။

သီးသန့် ဆွေးနွေးပွဲမှာ လုံခြုံရေးကောင်စီက မစ္စတာ Guterres ကို အဆိုပြု ထောက်ခံချက် ပေးခဲ့တာ ဖြစ်ပြီး အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ဆက်လက် တင်သွင်းရမှာ ဖြစ်ပါတယ်။ လာမယ့် ဇွန်လ ၁၈ ရက်မှာတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မဲခွဲ အတည်ပြုမယ်လို့လည် ခန့်မှန်းရပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနဲ့ အမေရိကန်တို့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဆိုပြုမှုကို ကန့်ကွက်တားမြစ်နိုင်တာကြောင့် အခုလို အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်က သိပ်ပြီး အရေးကြီးပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Guterres ဟာ အတွင်းရေးမှူးချုပ် ပထမ သက်တမ်း အတွင်း ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပြီး ရာထူးနဲ့ ထိုက်တန်သူ ဖြစ်တယ်လို့လည်း လုံခြုံရေး ကောင်စီ အလှည့်ကျ ဥက္ကဌ သံအမတ်ကြီး Jurgensen က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် ဒုတိယ သက်တမ်း တာဝန်ထမ်းဆောင်ရေး ကုလသမဂ္ဂ အထွေထွေ ညီလာခံထံ လုံခြုံရေး ကောင်စီက ထောက်ခံ အဆိုပြုခဲ့တဲ့ ဆုံးဖြတ်ချက်ကို အထူး ဂုဏ်ယူကြောင်း၊ လုံခြုံရေး ကောင်စီက သူ့အပေါ် ယုံကြည်အပ်နှင်းမှု အတွက်လည်း အထူးကျေးဇူးတင်ကြောင်း မစ္စတာ Guterres က ကြေညာချက်မှာ ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် ဒုတိယ သက်တမ်း ထမ်းဆောင်တဲ့ အချိန်မှာလည်း မစ္စတာ Guterres အနေနဲ့ ကိုင်တွယ် ဖြေရှင်းရမယ့် ပဋိပက္ခတွေ၊ လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာ အကြပ်အတည်း ပြဿနာတွေ အများအပြား ရှိနေပါတယ်။

ဒီထဲက အများစုကတော့ သူ့ရဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် ပထမ သက်တမ်းတာဝန်စယူစဉ် ကတည်းက ရှိနေတာ ဖြစ်ပြီး အခုအချိန်ထိ မဖြေရှင်းနိုင်သေးပါဘူး။ မြန်မာနဲ့ အီသီယိုးပီးယား အရေးတို့လို နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို လောလောလတ်လတ် ခြိမ်းခြောက်မှု ဖြစ်နေတဲ့ ပြဿနာသစ်တွေကလည်း အများအပြား ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)









XS
SM
MD
LG