သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်ခေါင်းဆောင် ပါကစ္စတန်လွှတ်ပေးမှု ကန် ကန့်ကွက်


နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာသည့် ဘာသာရေး ခေါင်းဆောင် Hafiz Saeed
နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာသည့် ဘာသာရေး ခေါင်းဆောင် Hafiz Saeed

၂၀၀၈ခုနှစ်က အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို အဓိက ကြိုးကိုင်ခဲ့သူအဖြစ် စွပ်စွဲခံထားရတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင် Hafiz Saeed ကို ပါကစ္စတန်အစိုးရက နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။ ဒီအတွက် နှစ်နိုင်ငံဆက်ဆံရေးမှာ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာဖွယ် ရှိတယ်လို့လည်း စနေနေ့က ပါကစ္စတန်နိုင်ငံကို သတိပေးပြောကြားခဲ့ပါတယ်။

ကမ္ဘာ့အကြမ်းဖက်သမားတဦးအဖြစ် အမေရိကန်က သတ်မှတ်ထားတဲ့ Hafiz Saeed ကို သက်သေအထောက်အထားမရှိတဲ့အတွက် လပိုင်းများစွာ နေအိမ်အကျယ်ချုပ်ချထား ရာကနေ ပြန်လွှတ်ကြောင်း ပါကစ္စတန်တရားရုံးက သောကြာနေ့က အမိန့်ချမှတ် လိုက်တဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုက အခုလို ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အစွန်းရောက် ဘာသာရေး ခေါင်းဆောင် Saeed ကို ပါကစ္စတန်အစိုးရ ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

သွေးထွက်သံယိုဖြစ်ခဲ့တဲ့ မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုကို တရားမဝင် အဖွဲ့အစည်း အဖြစ်ကြေညာ ခံထားရတဲ့ သူဦးဆောင်တဲ့ LeT နိုင်ငံတကာအကြမ်းဖက် အဖွဲ့က ကျူးလွန် ခဲ့တဲ့အတွက် Saeed ကို တရားဥပဒေနဲ့အညီအရေးယူဖို့ သူ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပေးနိုင်ရင် ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၀ သန်း ချီးမြှင့်မှာဖြစ်တယ်လို့ ၂၀၁၂ ခုနှစ်ကတည်းက အမေရိကန်အစိုးရက ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

စနေနေ့ကထုတ်ပြန်တဲ့ အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ ကြေညာချက်မှာတော့ အခုလို Saeed ကိုလွှတ်ပေးလိုက်တဲ့အပေါ် ကန့်ကွက်ထားပြီး ပါကစ္စတန်ရဲ့ နိုင်ငံတကာ အကြမ်းဖက်တိုက်ဖျက်ရေး သံဓိဌာန်ချထားမှုကို အကြီးအကျယ်သံသယဖြစ်စေကြောင်းနဲ့ ပါကစ္စတန်နိုင်ငံဟာ အကြမ်းဖက်သမားတွေ ခိုလှုံရာနေရာအဖြစ် အထောက်အကူပေးမှာ မဟုတ်ဘူးဆိုတဲ့ ပြောဆိုချက်ကိုလည်း လှည့်စားရာရောက်ကြောင်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG