စနေနေ့မှာ ဓားစာခံ အစ္စရေးလ်လူမျိုး ၆ ယောက်နဲ့ ကြာသပတေးနေ့မှာ သေဆုံးသွားသူ ၄ ယောက်ရဲ့ အလောင်းတွေကို ပြန်လွှဲပေးမယ်လို့ ဟားမတ်စ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။
အသံသွင်းထားတဲ့ ထုတ်ပြန်ချက်မှာ ခါလစ်လ် အယ် ဟေးယား (Khalil al-Hayya) က ခုလို ကြေညာလိုက်တာပါ။ သယ်ရွှေ့လို့ရတဲ့ အိမ်တွေနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ သယ်ခွင့်ပြုကြောင်း အစ္စရေးလ်က ကြေညာလိုက်တာကို တုန့်ပြန်တဲ့အနေနဲ့ ခုလို လွှတ်ပေးတာ ဖြစ်ပုံရတယ်လို့ ယူဆကြပါတယ်။
ခုလွှတ်ပေးတဲ့ ၆ ယောက်ဟာ မတ်လအစောပိုင်းမှာ ပြီးဆုံးမယ့် အပစ်ရပ် ပထမအဆင့်ရဲ့ နောက်ဆုံးအသုတ်လည်း ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ဟားမတ်စ်အဖွဲ့က ဖမ်းထားတဲ့ ဓားစာခံ ၇၀ ရှိနေသေးပြီး ထက်ဝက်က အသက်ရှင်နေတယ်လို့ ယုံကြည်ကြပါတယ်။
အခုထိ ဟားမတ်စ်က ဓားစာခံ ၂၄ ယောက်၊ အစ္စရေးလ်က ပါလက်စတိုင်းအကျဥ်းသား ၁,၀၀၀ ကျော် လွှတ်ပေးပြီးဖြစ်ပါတယ်။
တိုက်ခိုက်တာတွေ တာရှည်ရပ်စဲပြီး အစ္စရေးလ်တပ်တွေ အပြည့်အဝ ရုပ်သိမ်းသွားရင် ကျန်ဓားစာခံတွေကို ဟားမတ်စ်က လွှတ်ပေးမယ်လို့ ဟားမတ်စ်အဖွဲ့က ပြောပါတယ်။
အစ္စရေးလ်ကလည်း ဟားမတ်စ်အဖွဲ့က စစ်တပ်အဖြစ် ဒါမှမဟုတ် အုပ်ချုပ်ရေးမှာ ပါဝင်နေတာ မဖြစ်ရဘူးလို့ ပြောပါတယ်။ ဒါတွေကို ဒုတိယအဆင့်မှာ ခက်ခက်ခဲခဲ ဆွေးနွေးကြရဦးမှာပါ။
Forum