သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ကျဉ်းဟောင်းတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုစင်တာဖွင့်


နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးစောင့်ရှောက်မှုစင်တာ (ဓါတ်ပုံ-ဗီအိုအေမြန်မာပိုင်း)
နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးစောင့်ရှောက်မှုစင်တာ (ဓါတ်ပုံ-ဗီအိုအေမြန်မာပိုင်း)

နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေမှာ အသက်အန္တရာယ် ထိခိုက်တဲ့အထိ ကျန်းမာရေးအခြေအနေ ဆိုးဝါးမှုတွေရှိနေတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် သူတို့ရဲ့မိသားစုတွေကိုပါ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်အောင် နိုင်ငံရေး အကျဉ်းသားဟောင်းများ ကျန်းမာရေးစောင့်ရှောက်မှုစင်တာကို ဖွင့်လှစ်ရတာဖြစ်တယ်လို့ စင်တာဖြစ်မြောက်ရေး ဦးဆောင် လှုပ်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်းက ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေအတွက် အရေးတကြီးလိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ လူနေမှုဘဝ အခက်အခဲမရှိဖို့အတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့ အရေးတကြီးလိုအပ်တယ်လို့လည်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်ကလည်း ပြောပါတယ်။ ဒီကနေ့ စတင်ဖွင့်လှစ်လိုက်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးစောင့်ရှောက်မှုစင်တာမှာ ဘယ်လိုကျန်းမာရေး စောင့်ရှောက်မှုတွေပေးပါသလဲဆိုတာ မဆုမွန်က အပြည့်အစုံတင်ပြပေးပါမယ်။

ဟုတ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက် အရေးတကြီးစောင့်ရှောက် ကူညီဖို့လိုအပ်နေတဲ့ ကျန်းမာရေးဆေးကုသမှုတွေ ပေးနိုင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဦးဆောင်တည်ထောင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေး စောင့်ရှောက်မှုစင်တာ (HCPP- Healthcare Center Political Prisoners) ကို ဒီကနေ့ ဖေဖော်ဝါရီလ ၃ရက်နေ့ စနေနေ့ က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ အဓိကကတော့ အရင်စစ်အစိုးရလက်ထက်က နှစ်ရှည်လများ ထောင်ဒဏ်တွေကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားအများစုမှာ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခဲ့တာ သောက်သုံးရေနဲ့ နေထိုင်စားသောက်မှုတွေ ဆိုးရွားခဲ့တဲ့အတွက် ကျန်းမာရေးတွေ အတော်လေး ထိခိုက်လာခဲ့ရပါတယ်။ အကျဉ်းထောင်ထဲမှာပဲ ကျန်းမာရေးမကောင်းလို့ သေဆုံးခဲ့ရတာတွေရှိသလို အကျဉ်းထောင်ထဲကပြန်လွတ်မြောက်လာချိန်တွေမှာလည်း ထောင်ဒဏ်တွေနဲ့ ရောဂါဝေဒနာတွေခံစားခဲ့ရပြီး အသက်ဆုံးရှုံးရတဲ့အထိ ကျန်းမာရေးချို့ယွင်းခဲ့ရတာတွေ ရှိတယ်လို့ အကျဉ်းသားဟောင်းတွေကို ကူညီစောင့်ရှောက်ပေးနေသူတွေက ပြောပါတယ်။

ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ် လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးစောင့်ရှောက်မှုစင်တာ (HCPP) ဖြစ်မြောက်ရေး တာဝန်ခံ မဖြူဖြူသင်းက ဘာကြောင့် ဒီလိုကျန်းမာရေးစောင့်ရှောက်မှုစင်တာ ဖွင့်လှစ်ဖို့ ဖြစ်လာသလဲဆိုတာ အခုလို ရှင်းပြပါတယ်။

“အဓိက ဒီစင်တာကိုဖွင့်ရတာက အခုလတ်တလောမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေတာ၊ အခုနှစ်ပိုင်းဆိုလိုရှိလျှင်၊ တော်တော်များများက ရောဂါတွေကြောင့် သေဆုံးတာတွေ များလာတာပေါ့။ နောက်တချက်က ဘဘဦးဝင်းတင်ရှိတုန်းကတော့ စေတနာ ဆေးကုခန်းကနေပြီးတော့ ၊ ဘာပဲပြောပြောနိုင်ကျဉ်းတွေအတွက် အထောက်အပံ့အများကြီး လုပ်ပေးထားနိုင်တယ်၊ အရင်ကပေါ့နော်။ အခုနောက်ပိုင်း နည်းနည်းအခက်အခဲဖြစ်လာတဲ့အခါကျတော့ ၊ ဒါလေးကို နိုင်ငံရေးအကျဉ်းသားတွေအတွက် လုပ်ချင်တယ်ဆိုတဲ့စိတ်က အကုန်လုံးမှာရှိလာကြတယ်။ လုပ်ပေးချင်တယ်။ ဒါကြောင့်မို့လို့၊ ကျမတို့ အခုဆောက်နေတဲ့စင်တာကလည်း ၃ နှစ်လောက်ရှိပြီဆိုတော့ ပြီးခါနီးဖြစ်နေတယ်။ အသုံးပြုမယ်ဆိုလို့ရှိလျှင်လည်း၊ သုံးလို့ရနေတဲ့အတွက် ကျမတို့ဒီမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေပြန်ပြီးတော့ ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး၊ အားလုံးစုပေါင်းပြီးတော့ နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်မှုစင်တာဆိုပြီး၊ ဒီနေ့စပြီး ဖွင့်ဖြစ်တာပါ။”

လူမှုအသိုင်းဝိုင်းတွေမှာ နိုင်ငံရေးအကျဉ်းသားဟောင်းအတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်ကူညီမှုတွေကို အရေးတကြီး ဆောင်ရွက်ပေးဖို့ ဝိုင်းဝန်းကြိုးစားကြဖို့ လိုအပ်တယ်လို့လည်း နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရသူ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း ပြောပါတယ်။

" တချို့ကလည်း ကျနော်ကြားပါတယ် ဒီအချိန်မှာ တခြားအရာတွေကို ဦးစားပေးနေရတယ်ဆိုတဲ့အပိုင်းပေါ့ဗျာ။ နိုင်ငံရေးသမားတွေဟာ အမြဲတမ်း နောက်ဆုံး ကိုယ့်ကိုကိုယ် နောက်ဆုံးကျမှ စဉ်းစားခံရတဲ့ဘဝတွေ များပါတယ်။ အဲ့တာ့ ဦးစားပေးမခံရတာကလည်း တော်တော်ကြီးကို အစဉ်အလာအရ အဲ့လိုကို ဖြစ်နေတာ။ နောက်ဆုံးကျတော့ဗျာ ပြည်သူတွေရဲ့ လက်တွေ့ အကျိုးစီးပွားတွေနဲ့ ယှဉ်လိုက်ရင် နိုင်ငံရေးသမားက နောက်ဆုတ်လိုက်ကြရတာ အဲ့တာက သဘာဝအတိုင်းပဲ အစဉ်အလာတခုလိုဖြစ်နေတာပေ့ါ။ တခုပါပဲ ကျနော်ပြောချင်တာက နိုင်ငံရေးသမားဟောင်းတွေထဲမှာ ဖြစ်လာပြီဆိုရင် လူသိများတဲ့သူကကျတော့ အင်နဲ့ အားနဲ့ ဝိုင်းလာတယ်ဗျ။ သိပ်လူသိမများတဲ့ အသြတရလိုလူမျိုးကျတော့ အဲ့တာမျိုးကျတော့ လှိမ့်နေအောင် ခံစားရတယ်ဗျ။ အဲ့တာတော့ စိတ်မကောင်းဘူးဗျ ဟိုတုန်းကလည်း ခံခဲ့ရတယ် အခုလည်း အဲ့လိုပဲပေါ့။ နလူမထူနိုင်ဘူးဆိုတဲ့ပုံစံမျိုး သူတို့ကိုတော့ ကျနော် ဦးစားပေးစေချင်တယ်။"

နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးစောင့်ရှောက်မှုစင်တာ မှာ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ မိသားစုတွေကို ကျန်းမာရေး ကူညီစောင့်ရှောက်မှုပေးဖို့စီစဉ်ထားတယ်လို့လည်း မဖြူဖြူသင်းက ပြောပြပါတယ်။

“အိမ်ထောင်ရှိလျှင်လည်း၊ အမျိုးသမီးပေါ့၊ သားသမီးပေါ့။ ဒါတွေကို ကုပေးမယ်ဆိုတဲ့ မူချထားတာရှိတယ်။ တချို့ကျတော့လည်း မိသားစုတွေ မရှိဘူး၊ မိဘတွေရှိတယ်။ တချို့ကျတော့လည်း နိုင်ငံရေးအကျဉ်းသားအကျဉ်းကျနေတယ်ဆိုလို့ရှိလျှင်၊ အကုန်လုံးကတော့ မိသားစုဘဝတွေက အများကြီး ပျက်စီးခဲ့တယ်၊ ဆုံးရှုံးခဲ့တယ်၊ နစ်နာခဲ့တယ်။ ကြားထဲမှာမှ ဒီနိုင်ငံရေးအကျဉ်းသားတွေအတွက်ကို ထောင်ဝင်စာပို့ခဲ့တဲ့သူတွေရှိတယ်။ သူတို့ရဲ့ မိသားစုဝင်တွေထဲကပေါ့နော်၊ ညီအစ်ကိုမောင်နှမတွေပဲဖြစ်ဖြစ်၊ ဦးလေး အဒေါ်တွေပဲဖြစ်ဖြစ်၊ အဲဒီလိုလူမျိုးတွေကိုလည်း စောင့်ရှောက်မှုပေးမယ်ဆိုပြီး ရည်ရွယ်ချက်လေးချပြီးတော့ ၊ ကျမတို့လုပ်ထားတာပါ။”

ထောင်တွင်းအကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်းမာရေးအတွက် ဆေးဝါးလိုအပ်ပါကလည်း ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီးလိုအပ်လာတဲ့အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုယ်တိုင်ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးစောင့်ရှောက်မှုစင်တာ ဖွင့်လှစ်နိုင်အောင် ကြိုးစားခဲ့ကြတာဖြစ်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းမဖြူဖြူသင်းက အခုလိုပြောပြပါတယ်။


“အားလုံးပါပဲ။ အဓိက ကတော့ ကျမတို့ စိတ်ဓါတ်ရှိတဲ့လူတွေပေါ့။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့၊ ကိုယ်ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးတယ်။ လုပ်လည်းလုပ်ချင်တယ်။ အဲဒီစိတ်ဓါတ်တခုတည်းနဲ့ပဲ ကျမတို့ စုပေါင်းပြီးတော့ လုပ်ဖြစ်ကြတာပါ။ အားလုံးက တိုင်ပင်ထားတာတော့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေနဲ့လည်း ချိတ်တွဲပြီးတော့ ဆောင်ရွက်မယ်။ ကျမတို့က ဘာပဲပြောပြော၊ ဆေးဝါးတွေလိုလာမယ်၊ အခုနောက်ပိုင်းဆိုရင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ရှိလျှင်၊ ရောဂါတွေကလည်း ကြီးကြီးမားမားတွေ ဖြစ်လာတာ၊ အရင်လို ဆေးခန်းလေးမှာပဲ၊ ကုလို့မရတဲ့ကိစ္စတွေဆိုလိုရှိလျှင်တော့ ၊ သက်ဆိုင်ရာဆေးရုံကို refer လုပ်ပြီးတော့ ကုသတာမျိုးတွေ၊ ကျမတို့ နောက်ပိုင်း အကုန်လုံးချိတ်တွဲပြီးတော့ ဆောင်ရွက်သွားမယ်လို့ ရည်ရွယ်ပြီးတော့ နိုင်ငံရေးအကျဉ်းသား စိတ်တူကိုယ်တူ ရှိတဲ့သူတွေအကုန်လုံးစုပေါင်းပြီးတော့ လုပ်ကြတာပါ။”

နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးစောင့်ရှောက်မှုစင်တာကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၆)့ရပ်ကွက်၊ ခါတော်မှီ(၁)လမ်း ၊ အမှတ် ၄၉၉/၅၀၂ မှာ ဖွင့်လှစ်လိုက်တာဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနှင့် စနေ နှစ်ရက်တွင် နံနက် ၉း၀၀နာရီမှ နေ့လည် ၁း၀၀ နာရီအထိ ဆေးကုသမှုခံယူနိုင်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG