သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ မိုးကြိုးပစ်တာကြောင့် တချို့ သေဆုံးကြပြီး၊ အများစုကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ထိခိုက်ဒဏ်ရာရ ဖြစ်ကြတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။


မိုးကြိုးပစ်ခံရသူ (၁၀)% သာ သေဆုံးရပြီး၊ ကျန် (၉၀)% ကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေရလေ့ ရှိပါတယ်။ မိုးကြိုးပစ်ခံရမှုကြောင့် ခန္ဓာကိုယ် တကိုယ်လုံး ပြာသွားပေမယ့် နာရီပိုင်းအတွင်း ပျောက်သွားနိုင်ပါတယ်။ ဒါပေမဲ့ မိုးကြိုးထိတဲ့ အမျိုးအစားပေါ် မှုတည်ပြီး အာရုံကြောပျက်စီးတာ၊ ကြွက်သားအားပျော့သွားတာ၊ မိုးကြိုးကြောင့် လွင့်စင်သွားပါက ဦးခေါင်းနဲ့ ဝမ်းဗိုက်အတွင်းပိုင်း ကျေသွားတာ၊ နားကန်းတာ၊ မျက်စိကွယ်တာ၊ မှတ်ဥာဏ်ကျတာတွေ ဖြစ်လာတတ်ပါတယ်။

မိုးကြိုးပစ်ခံရသူကို ချက်ချင်းရှေးဦးသူနာပြုစုမှု လုပ်ပေးပြီး ဆေးရုံပို့ပေးသင့်ပါတယ်။ ရှေးဦးသူနာပြုစုရာမှာ လူနာကို ချက်ချင်းကောက်ကိုင်နိုင်ပြီး အသက်ကယ် ပြုစုမှုတွေ လုပ်ပေးနိုင်ပါတယ်။ အသက်ရှု မရပ်အောင်နဲ့ နှလုံးခုန်မရပ်အောင် ရင်ဘတ်ဖိပေးတာ၊ အသက်ရှုလမ်းကြောင်း ပိတ်ဆို့မှုမရှိအောင် ရှင်းပေးတာ၊ လိုအပ်ရင် အောက်ဆီဂျင်ပေးတာနဲ့ နှလုံးစက်ရိုက်တာတွေ လုပ်ပေးနိုင်ပါတယ်။

မိုးကြိုးပစ်မခံရအောင် ကာကွယ်ဖို့အတွက် လျှပ်စီးလက်နေချိန်မှာ အိမ်အပြင်မထွက်ဘဲ အိမ်ထဲမှာ နေသင့်ပါတယ်။ အိမ်ထဲမှာ ရှိနေစဉ် လျှပ်စစ် စီးဝင်လာနိုင်တဲ့ လျှပ်စစ်မီးဖို၊ စတီးခွက်၊ သတ္တုပစ္စည်း၊ တယ်လီဖုန်းတွေနဲ့ ဝေးရာမှာ နေသင့်ပါတယ်။ လျှပ်စီးလက်ချိန် အိမ်ထဲမှာ ရေချိုးနေပါကလဲ ချက်ချင်း ရေချိုးခန်းထဲက ထွက်သင့်ပါတယ်။ အိမ်ကျောင်းနဲ့ အခြားအဆောက်အဦးတွေမှာ မိုးကြိုးလွှဲ တပ်ထားခြင်းဖြင့်လည်း မိုးကြိုးအပစ်မခံရအောင် ကာကွယ်နိုင်ပါတယ်။

လျှပ်စီးလက်ချိန်မှာ အိမ်အပြင်ရောက်နေပြီး ကားထဲမှာရှိနေပါက ကားထဲမှာ ဆက်ထိုင်နေနိုင်ပေမယ့် ဘေးက သတ္တုဘောင်တွေကို မကိုင်ထားသင့်ပါဘူး။ အိမ်အပြင်ရောက်နေချိန်မှာ သစ်ပင်၊ လမ်းမီးတိုင်၊ ဘတ်စကားမှတ်တိုင်တွေ အောက်မှာတော့ မနေသင့်ပါဘူး။ ရေကူးနေရင်လည်း ချက်ခြင်း ရေထဲက ပြန်တက်ပါ၊ လှေစီးနေရင်လဲ ကမ်းကို အမြန်ကပ်ပြီး တက်ပါ။ ဆံပင်ထောင်လာပြီး၊ ကျက်သီးထလာရင်တော့ မိုးကြိုးပစ်ခံရဖို့ များနေတာမို့ အထက်ပါအတိုင်း နေရာယူကာ ထိုင်ချလိုက်ပြီး ခေါင်းကို ဒူးခေါင်းနှစ်ခုကြား မြေကြီးနဲ့နီးနိုင်သမျှ ဝပ်ထားနေပါ။

ဒီအကြောင်း အသေးစိတ်ကို ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာ မြင့်ဦး ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG