အမေရိကန်နိုင်ငံ Louisiana ပြည်နယ်က ဆိုးဆိုးဝါးဝါး မကျန်းမမာဖြစ်တဲ့ လူနာ ဟာ အမေရိကန်ရဲ့ ပထမဆုံး ငှက်တုပ်ကွေး လူနာဖြစ်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ လူနာဟာ မကျန်းမာပြီး သေသွားတဲ့ ငှက်တွေနဲ့ ထိတွေ့ခဲ့တယ်လို့ ရောဂါ ထိန်းချုပ်ရေး နဲ့ ကာကွယ်ရေး ဌာန စီဒီစီက ပြောပါတယ်။လူနာရဲ့ ကူးစက်မှုကို သောကြာနေ့က စီဒီစီက အတည်ပြုခဲ့ပေမဲ့ ဗုဒ္ဓဟူးနေ့ကျမှ ကြေညာတာပါ။
အရင်တွေ့ရတဲ့ လူနာတွေကတော့ ရောဂါက မပြင်းထန်ဘဲ၊ အများစု က ကြက်နဲ့ နွားမွေးမြူရေးခြံတွေက အလုပ်သမားတွေ ဖြစ်ကြပါတယ်။ ၂၀၂၄ ဧပြီလကတည်းကဆိုရင် အမေရိကန်မှာ H5 ငှက်တုပ်ကွေး ဖြစ်ခဲ့သူ စုစုပေါင်း ၆၁ ယောက် ရှိခဲ့တယ်လို့ စီဒီစီက သတင်းထုတ်ပြန်ပါတယ်။ တဝက်ကျော် ၃၄ ယောက်က ကာလီဖိုးနီးယား ပြည်နယ် မှာ ဖြစ်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူး Gavin Newsom က ငှက်တုပ်ကွေးနဲ့ ပတ်သက်လို့ ပြည်နယ် အရေးပေါ်အခြေအနေ ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
ငှက်တုပ်ကွေး ဟာ တိရိစ္ဆာန် ကူးစက်ရောဂါ တခုဖြစ်ပြီး အများပြည်သူကြား အန္တရာယ်တခု ဖြစ်လာဖို့ကတော့ နည်းပါတယ် လို့ စီဒီစီက ဆိုပါတယ်။ အဲဒီ ဗိုင်းရပ်စ်ပိုးဟာ လူလူချင်း ကူးစက်တာ အနည်းငယ်ရှိပေမဲ့ အမေရိကန်နိုင်ငံတွင်းမှာတော့ မတွေ့ရသေးပါဘူးလို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
Forum