ဗီယက်နမ်နိုင်ငံ တောင်ပိုင်းက တိရစ္ဆာန်ဥယျာဥ်တခုမှာ ကြက်ငှက်တုပ်ကွေး ကူးစက်ပြီး ကျားကောင်ရေ ၂၀ ထက်မနည်း သေဆုံးတယ် လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Bien Hoa မြို့က Vuon Xoai တိရစ္ဆာန်ရုံမှာ အနီးနား မွေးမြူရေး ခြံတွေကနေ ဝယ်လာတဲ့ ကြက်သားအစိမ်းတွေကို ကျားတွေကို ကျွေးခဲ့ပြီးတဲ့နောက် ရောဂါကူးစက်ခံခဲ့ရတာလို့ တိရစ္ဆာန်ရုံ အစောင့်က ဗီယက်နမ် အစိုးရသတင်းဌာန VN Express ကို ပြောပါတယ်။
သားပေါက် အကောင်ငယ်လေးတွေ အပါအဝင် ပေါင် ၂၀ ကနေ ၂၆၅ ပေါင်အထိ ရှိတဲ့ ကျားနဲ့ ကျားသစ်နက် အကောင် ၂၀ လောက် သေဆုံးခဲ့တာပါ။ ကူးစက်ခံရတဲ့ ကျားတွေဟာ အစာမစားတော့ဘဲ ချက်ချင်း အားနည်းလာတာကို တွေ့ခဲ့ရပြီး ၂ ရက်အတွင်းမှာပဲ ဖျားနာ သေဆုံးသွားခဲ့တာလို့ တိရစ္ဆာန်ရုံ မန်နေဂျာက ပြောပါတယ်။ သေသွားတဲ့ကျားတွေရဲ့ အစိတ်အပိုင်းတချို့ကို ယူပြီး ဓါတ်ခွဲစမ်းသပ်တာမှာ H5N1 အမျိုးအစား ကြက်ငှက်တုပ်ကွေး ကူးစက်နေတာကို တွေ့ခဲ့ရတာပါ။
H5N1 ကြက်ငှက်တုပ်ကွေးရောဂါကို ၁၉၅၉ ခုနှစ်မှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကစလို့ ရွှေ့ပြောင်းသွားလာတဲ့ ငှက်တွေ နဲ့ မွေးမြူရေး ကြက်တွေ အကြီးအကျယ် သေဆုံးရတဲ့အထိ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာတော့ ကြက်ငှက်တွေတင် မကတော့ဘဲ ခွေး၊ ကြောင် ကနေ ပိုလာ ဝက်ဝံနဲ့ ပင်လယ်ဖျံတွေ အထိ ကူးစက်လာတာပါ။ အခု တိရစ္ဆာန်ရုံထဲမှာ ရောဂါကူးတာ မခံရသေးတဲ့ ကျားတွေကတော့ ပုံမှန်ကျန်းမာရေး အခြေအနေမှာ ရှိနေပြီး သူတို့ကို ဝန်ထမ်း ၃၀ လောက်က စောင့်ကြည့် ဂရုစိုက်ပေးနေပါတယ်။ ကျားအကောင် ၂၀ ကျော်ကိုတော့ သီးခြား ခွဲ စောင့်ကြည့်နေပါတယ်။ Vuon Xoai တိရစ္ဆာန်ရုံမှာ ခြင်္သေ့၊ ဝက်ဝံ၊ ကြံ့၊ ရေမြင်း၊ သစ်ကုလားအုပ် အပါအဝင် တိရစ္ဆာန် ကောင်ရေ ၃,၀၀၀ လောက် ရှိပါတယ်။
Forum