သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကာလ ပိတ်ပင်မူပြန်ဖွင့်လာချိန် ကာကွယ်ရေး


ကိုဗစ်ကပ်ရောဂါ အန္တရာယ်ကာကွယ်ထိန်းချုပ်ရေး lockdown လုပ်ထားတဲ့ ရန်ကုန်မြို့မြင်ကွင်း (ဧပြီ ၁၇၊ ၂၀၂၀)
ကိုဗစ်ကပ်ရောဂါ အန္တရာယ်ကာကွယ်ထိန်းချုပ်ရေး lockdown လုပ်ထားတဲ့ ရန်ကုန်မြို့မြင်ကွင်း (ဧပြီ ၁၇၊ ၂၀၂၀)
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ အိမ်ပြင်သိပ်မထွက်ခဲ့တဲ့ကာလကြောင့် ရောဂါပိုး တွေ့ရှိမှုနည်းလာပေမယ့်၊ အခု လုပ်ငန်းတွေ ပြန်စဖွင့်လာချိန်မှာ၊ ကူးစက်မူပြန်များလာမှာကို စိုးရိမ်နေရသေးတယ်လို့ ကျန်းမာရေးအရာရှိတွေက သတိပေးပြောဆိုနေပါတယ်။

နိုင်ငံထဲမှာ ဧပြီလ သင်္ကြန်အားလပ်ရက်တဝိုက် အများစု အိမ်မှာအဓိက နေခဲ့နိုင်တာကြောင့်၊ လူစုလူဝေးမဖြစ်ဘဲ၊ လူတွေထိတွေ့မူနည်းပြီး၊ ကာကွယ်ထိန်းချုပ်ရေးတွေ ကြိုးပမ်းလုပ်ခဲ့တာကြောင့်၊ ဧပြီလကုန် သတင်းပတ်ကစပြီး နေ့စဉ်ပျမ်းမျှ ရောဂါပိုးတွေရရှိသူ တဖြည်းဖြည်း နည်းလာခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးတွေ၊ အုပ်ချုပ်ရေးတွေနဲ့ ပြည်သူ့ရေးရာလုပ်ငန်းတွေကို ကြာရှည်ပိတ်ထားဖို့ နိုင်ငံတိုင်းမှာ အခက်အခဲကြုံလာပြီး၊ မဖြစ်မနေ ပြန်ဖွင့်သင့်တာတွေကို ပြန်ဖွင့်ဖို့ ပြင်ဆင်လာနေရပါတယ်။

မြန်မာနိုင်ငံမှာလည်း သင်္ကြန်အပြီး သက်တန်းတိုး ပိတ်ပင်ထားတဲ့ အခု မေလ (၁၅) ရက်နောက်ပိုင်း၊ ဒီကန့်သတ်မူတွေ ပြန်ဖြေလျှော့၊ ပြန်ဖွင့်လာနိုင်ချိန်၊ လူတွေပြန်စုလာနိုင်တာမို့၊ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်သူတွေအပြင်မှာ ရှိနေနိုင်တာကို ကျယ်ကျယ်ပြန့်ပြန့် မစစ်ဆေးနိုင်သေးချိန်မှာ၊ ဒီကူးစက်မူတွေ တဟုန်ထိုးထောင်တက်မသွားအောင် လက်ရှိ ကာကွယ်၊ ထိန်းချုပ်ရေးတွေကို အရှိန်မလျော့ဘဲ ဆက်လုပ်သွားဖို့ အရေးကြီးနေပါတယ်။

နိုင်ငံမှာ မရှိမဖြစ်အရေးကြီးတဲ့ စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာလုပ်ငန်းတွေ ပြန်ဖွင့်နိုင်ပေမယ့်၊ မရှိမဖြစ် မလိုအပ်တဲ့ လူမူရေးပွဲ (Social Gathering) တွေကိုတော့ ဆက်လက်ပိတ်ပင်ထားပြီး၊ ချိုးဖောက်သူတွေ ရှိလာလျှင်လည်း ထိရောက်စွာအရေးယူနိုင်ဖို့ အသင့်ပြင်ဆင်ထားသင့်ပါတယ်။ ဒါ့အပြင် အခု ပြန်ဖွင့်လာနေတဲ့ စက်ရုံတွေ၊ ရုံးတွေ၊ သယ်ယူပို့ဆောင်ရေး ဘတ်စ်ကား၊ ရထားတွေ၊ ဈေးတွေနဲ့၊ နောက်ပိုင်းဆက်ဖွင့်လာနိုင်တဲ့ လူစုနိုင်တဲ့ ရုံးတွေ၊ စားသောက်ဆိုင်စတာတွေမှာ COVID-19 အဓိက ကာကွယ်နည်းတွေဖြစ်တဲ့၊ ခပ်ခွာခွာနေတာ (Social Distancing)၊ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်တာနဲ့ လက်ဆေးတာတွေကို အသီးသီး လိုက်နာလုပ်ဆာင်နိုင်အောင် ကြိုပြင်ထားသင့်ပါတယ်။

ဒီကာကွယ်ရေးလုပ်ငန်းတွေအတွက် စက်ရုံအလုပ်ရုံနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက် စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ထားပြီးပြီမို့ အသေအချာလိုက်နာကြဖို့ အရေးကြီးနေပါတယ်။ အသေအချာ လိုက်နာစေနိုင်ဖို့အတွက်၊ သက်ဆိုင်ရာလုပ်ငန်းတွေမှာ ကြီးကြပ်ရေးတာဝန်ရှိသူတွေကို အထက်ကနေ အောက်အထိ အဆင့်ဆင့် သီးခြားတာဝန်ပေး ခန့်ထားပြီး၊ အထက်က ကွပ်ကဲသွားဖို့ လိုနေပါတယ်။ အကယ်၍ အခုလို မကြီးကြပ်နိုင်တာကြောင့် လက်တွေ့လိုက်နာမူ အားနည်းပြီး၊ ကူးစက်မူတွေ အုပ်စုလိုက်ပြန်ဖြစ်လာလျှင်၊ လုပ်သားထူထပ်တဲ့ စက်ရုံတွေ၊ လူနေထူထပ်တဲ့ လုပ်သားအိမ်ယာတွေ ရှိနေတာမို့၊ အရင်ထက် ထိန်းချုပ်ရ အများကြီး ပိုခက်သွားနိုင်မှာ စိုးရိမ်ရပါတယ်။

အပြင်ပြန်ထွက်လာသူတွေ အများစုသုံးတဲ့ ဘတ်စ်ကားတွေကလည်း COVID-19 ကာကွယ်ရေးအတွက် အထူးအရေးကြီးပါတယ်။ ဒီ ဘတ်စ်ကားတွေပေါ်မှာ ခပ်ခွာခွာနေနိုင်ရေးအတွက် အရင်က ခရီးသည်ရဲ့ ထက်ဝက်ခန့် အနည်းဆုံးကိုသာတင်ဖို့ ကြိုပြင်ထားပြီး လိုက်နာမူရှိအောင်လည်း ဆက်လက်ကြီးကြပ်ဖို့ လိုပါတယ်။ ဒါ့အပြင် လူတွေပြန်စုလာနိုင်တဲ့ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်စတာတွေမှာလည်း လူတွေ ခပ်ခွာခွာ စားသောက်နိုင်အောင်၊ အရင်ကထက် လူလျှော့လက်ခံတာအပြင်၊ ခုံတွေချဲထားတာ၊ ကြိုတင် နေရာယူ (Booking/ Appointment) လုပ်ထားပြီးမှ၊ မိသားစုအလိုက် အနည်းငယ်သာ အချိန်အကန့်အသတ်နဲ့ လက်ခံတာ၊ အဝင်တစ်လမ်း၊ အထွက်တစ်လမ်း ထားပေးတာအပြင်၊ တစ်ဖွဲ့ (သို့မဟုတ်) တစ်ဦးစားပြီးလျှင် စားပွဲနဲ့ခုံတွေကို ပိုးသန့်စင်ပေးတာ၊ ပါးစပ်နှာခေါင်းစည်းတပ်ပြီးမှ ဝင်ခိုင်းတာ၊ လက်ဆေးနိုင်ဖို့ နေရာများများ စီစဉ်ထားပေးတာ စတာတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ အထူးသဖြင့် အချိန်အပိုင်းအခြားအလိုက် ကြိုတင်ရက်ချိန်း (Appointment) လုပ်ထားတာ အပါအဝင်၊ အလားတူ ကာကွယ်နည်းတွေကို အခြားရုံးတွေ၊ ဘဏ်တွေ၊ ကိုယ်ပိုင်ဆေးခန်းနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာလည်း ကြိုတင်ပြင်ဆင်ထားခြင်းဖြင့်၊ တချိန်ထဲမှာ လူတွေစုမသွားနိုင်အောင် ကာကွယ်နိုင်ပါတယ်။ သို့မဟုတ်ပါက လူတွေစုမိပြီး၊ အုပ်စုလိုက်ကူးစက်မူတွေ ဒီဝန်ဆောင်မူလုပ်ငန်းတွေက ဖြစ်လာလျှင်၊ သက်ဆိုင်ရာလုပ်ငန်းတွေ ပြန်ပိတ်ပင်တာခံရနိုင်ပါတယ်။

ခပ်ခွာခွာနေနိုင်ရေးအတွက် လက်တွေ့မှာ ခြောက်ပေအထိ မခွာနိုင်လျှင်တောင်၊ ပါးစပ်နဲ့နှာခေါင်းစည်းသုံး ကာကွယ်ခြင်းဖြင့် တစုံတရာ ကာကွယ်နိုင်ချိန်မှာ၊ မြန်မာနိုင်ငံက ဒေသတချို့မှာလည်း ဒီ ပါးစပ်နဲ့နှာခေါင်းစည်း မတပ်မနေရ အမိန့်ထုတ်ပြီး၊ မလိုက်နာသူတွေကို ဒဏ်ရိုက်ဖို့ ရှိနေပါတယ်။ ဒီနေရာမှာ ဆေးရုံသုံး သာမန် ပါးစပ်နဲ့နှာခေါင်းစည်း (Surgical Mask) မဝယ်နိုင်သူတွေ အနေနဲ့၊ အဝတ်နှာခေါင်းစည်းတွေ၊ အဝတ်စတွေနဲ့ လက်ကိုင်ပုဝါစတဲ့ ရှိတာတစ်ခုခုကို သုံးခြင်းဖြင့်လည်း၊ အနည်းနဲ့အများ ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ လူစုလူဝေးနဲ့ လူတွေကို အနီးကပ်မရှောင်နိုင်တဲ့ နေရာတွေအတွက်တော့၊ ဒီ အဝတ်နှာခေါင်းစည်းက အပြည့်အဝ စိတ်မချရပါဘူး။ ဒါကြောင့် အဝတ်နှာခေါင်းစည်း ဝတ်ထားချိန်မှာ ခပ်ခွာခွာနေတာကိုတွဲပြီး ကျင့်သုံးနိုင်လျှင် ပိုစိတ်ချရပါတယ်။ မြန်မာနိုင်ငံမှာ အဝတ်နှာခေါင်းစည်း အသုံးပြုရေး လှုပ်ရှားမူရှိလာချိန်မှာ၊ ဒီ VOCID-19 ပိုးကို ဘယ်လောက် စစ်ထုတ်ကာကွယ်နိုင်တာကို စမ်းသပ်မူတွေ စလုပ်သင့်ပါတယ်။

ဒီဗိုင်းရပ်စ် ကူးစက်မူတွေကို ကိုင်တွယ်ကုသနေရတဲ့ အရေးပေါ်အထူးကုနဲ့ ရန်ကုန်ဆးရုံကြီး အရေးပေါ်ဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦးအား ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode==









XS
SM
MD
LG