ကိုဗစ်ကပ်နဲ့ နှစ်သစ် နှစ်ကြိမ်နှစ်ခါ ကူးလာခဲ့ပြီးအပြင် စစ်အာဏာသိမ်းလှိုင်းအောက်မှာ နှစ်သစ်မြန်မာနိုင်ငံမှာ သာမန်ထက်ပိုတဲ့သန္နိဌာန်တွေ လိုနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုကြပါတယ်။ ကူးစက်မြန်လွန်းတဲ့ ကိုဗစ်-19 မျိုးကွဲသစ် Omicron ကို တကမ္ဘာလုံးနည်းတူ မြန်မာနိုင်ငံမှာ စတင်ကြုံလာချိန်မှ၊ အာဏာသိမ်းဂယက်အောက်မှာ အရင် ကိုဗစ်မျိုးကွဲတွေနဲ့အချိန်မတိုင်ခင် သေဆုံးခဲ့ရသူတွေကို အများပြည်သူတွေ ပြန်အမှတ်ရစရာ ဖြစ်ပါတယ်။ဒီအထဲ မနှစ်က နှစ်သစ်ကျန်းမာရေး သန္နိဌာန်တွေ အကြောင်း ပြောခဲ့တဲ့ မြန်မာနိုင်ငံဆရာဝန်များအသင်း အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ အတွင်းရေးမှူး ဒေါက်တာမြင့်ဦးလည်း ပါဝင်ခဲ့ပါတယ်။ ဒေါက်တာမြင့်ဦးလိုပဲ ကိုဗစ်နဲ့ ကျန်းမာရေးပညာပေးတွေ ရှေ့တန်းကနေ လုပ်ဆောင်ပေးခဲ့တဲ့ အရေးပေါ်အထူးကုဆရာဝန်ကြီး ဒေါက်တာမော်မော်ဦးလည်း စစ်အာဏာသိမ်းအပြီး အကျဉ်းချခံထားရဆဲပါ။
အလားတူ ကိုဗစ်နဲ့အာဏာသိမ်း နောက်ဆက်တွဲကြောင့် စိတ်ဒဏ်ရာ (Trauma) အပါအဝင် ကျန်းမာရေးပြဿနာတွေ၊ ပညာရေးနဲ့ အလုပ်အကိုင် ပြတ်တောက်မူတွေ နောက် ထွက်ပြေးပြောင်းရွှေ့ ရုန်းကန်နေရမှုတွေကို တစိုက်မတ်မတ် ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းနေရသူတွေကိုလည်း အသိအမှတ်ပြုစရာပါ။ အခုလို အခြေအနေမှာ အရင်လို တဦးချင်း ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ထိခိုက်နိုင်တဲ့ အရက်နဲ့ဆေးလိပ် ဖြတ်ဖို့မျိုး သန္နိဌာန် ချတာအပြင် ကိုဗစ်ကိုယ်ခံအား ပိုကောင်းဖို့နဲ့ တနိုင်ငံလုံး အနည်းနဲ့အများ စိတ်ဒဏ်ခံစားရနေမူအတွက်ပါ အထူးလိုအပ်လာပါတယ်။အရေးကြီးတာက တဦးချင်း လုပ်ဆောင်နိုင်တာတွေကို သန္နိဌာန်တွေ ချပြီး နှစ်မကုန်ခင် တဖြည်းဖြည်း အတိုင်းအတာတခုအထိ လုပ်သွားနိုင်အောင် စီမံဖို့လိုပါတယ်။မလုပ်ဆောင်နိုင်တာတွေ အများကြီးချပြီး အတင်းလိုက်လုပ်၊ နောက် ချက်ချင်း အကုန်မရနိုင်လို့၊ ပြန်ပျက်သွားရတာမျိုး မဖြစ်ရအောင်ပါ။
လာမယ့်နှစ်သစ်မှာ အရေးကြီးတာတခုက ပိုကူးစက်မြန်တဲ့ ကိုဗစ်မျိုးကွဲသစ် Omicron အောက် မှာ ကာကွယ်ရေးတွေ ပိုမိုအလေးပေး လုပ်ဖို့ပါ။ ပုံမှန်ကာကွယ်ရေးတွေဖြစ်တဲ့ Mask ပါးစပ်နဲ့နှာခေါင်းစည်းတပ်တာ၊ လက်ပုံမှန်ဆေးတာ (လက်သန့်ဆေး Hand Sanitizer သုံးတာ) အပါအဝင် တကိုယ်ရည်သန့်ရှင်းရေးလုပ်တာ၊ လူချင်းခပ်ခွာခွာနေတာ (Social Distancing)၊ မလိုအပ်ဘဲ အများနဲ့ တွေ့ဆုံမှုတွေ မလုပ်ကြတာ စတာတွေအပြင် ကိုဗစ်ကိုယ်ခံအား (Immunity) ပိုကောင်းအောင် ကိုယ်လက်လူပ်ရှားလေ့ကျင့်ခန်း (Exercise) ကို ပုံမှန်ဖြစ်အောင်လုပ်တာ၊ အာဟာရရှိ (Nutrient Food) ဖို့ ပိုစားတာနဲ့ နောက် ကိုဗစ်ကာကွယ်ဆေး (Vaccine) အခြေခံ (၂) လုံး အတတ်နိုင်ဆုံးနဲ့ ဖြစ်နိုင်လျှင် အားဖြည့်ကာကွယ်ဆေး တတိယတလုံး (Booster) ထိုးတာတွေအထိလုပ်ဖို့ သန္နိဌာန် ချထားသင့်ပါတယ်။
ဒါ့အပြင် ပညာရေးနဲ့ စီးပွားရေးအလုပ်အကိုင် ထိခိုက်နေသူတွေကို ပညာရေးနဲ့ စီးပွားရေးတတ်နိုင်သူတွေက ဝိုင်းကူညီပံ့ပိုးပေးတာ၊ ကိုဗစ်ကာကွယ်ဆေး လိုအပ်နေသူတွေ ရနိုင်အောင် တတ်နိုင်သူတွေ ရှာဖွေကူညီပံ့ပိုးပေးတာ၊ နေရာပြောင်းရွှေ့ ရုန်းကန်နေရသူ (Displaced Person) တွေနဲ့လူငယ်တွေအပါအဝင် ရုန်းကန်လူပ်ရှားနေရသူတွေကိုလည်း အလှူငွေအား စိတ်အားဖြင့် ကူညီပေးတာတွေကို ပြည်တွင်းရော ပြည်ပမှာပါ သန္နိဌာန် ချနိုင်ပါတယ်။အခုလို ပြည်သူအားလုံး အချင်းချင်း မျှဝေခံစားကာ ဝိုင်းကူညီ ပံ့ပိုးစောင့်ရှောက်ပေးတဲ့ စိတ်ခွန်အားကြောင့် အများ ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေကို ဖြေလျှော့သက်သာစေနိုင်တာအပြင် တချိန်ချိန်မှာ ဒီ ဒုက္ခဆိုးကြီးကနေပါ ကျော်လွှားလွတ်မြောက်သွားနိုင်မယ့် မျှော်လင့်ချက်အထိ ရစေနိုင်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက သြစတြေးလျနိုင်ငံအခြေစိုက် စိတ်ကျန်းမာရေး အထူးကုသမားတော်ကြီးနဲ့၊ မြန်မာဆေးတက္ကသိုလ်တွေရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ Dr. Raymond တင့်ဝေ ကို ဆက်သွယ်မေးမြန်းထားပါတယ်။
==Unicode==