သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်မြို့ပေါ်က ဟီရိုရှီးမားအဏုမြူဗုံးဒဏ်သင့် ရုပ်တု 


ဟီရိုရှီးမားမြို့ကို အဏုမြူဗုံးကျရောက်ပေါက်ကွဲချိန်် ဗဟိုချက်နဲ့ ၂ ကီလိုမီတာခွဲအကွာမှာ ရှိခဲ့တဲ့ ဂျပန် ဗုဒ္ဓဘာသာဘုန်းတော်ကြီး Shinran Shonin ရဲ့ရုပ်တုကို နယူးယောက်မြို့ မက်ဟက်တန်အရပ်မှာ ထားရှိပုံ။ (Video Screenshot)
ဟီရိုရှီးမားမြို့ကို အဏုမြူဗုံးကျရောက်ပေါက်ကွဲချိန်် ဗဟိုချက်နဲ့ ၂ ကီလိုမီတာခွဲအကွာမှာ ရှိခဲ့တဲ့ ဂျပန် ဗုဒ္ဓဘာသာဘုန်းတော်ကြီး Shinran Shonin ရဲ့ရုပ်တုကို နယူးယောက်မြို့ မက်ဟက်တန်အရပ်မှာ ထားရှိပုံ။ (Video Screenshot)

အဏုမြူဗုံးတီထွင်ခဲ့သူ Robert Oppenheimer အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဒါရိုက်တာ Christopher Nolan ရဲ့ ရုပ်ရှင်ဇာတ်ကားအောင်မြင်မှုတွေရခဲ့ပြီးတဲ့နောက် Oppenheimer ကြီးပြင်းခဲ့တဲ့​ ငယ်ဘဝကအိမ်ကို နယူးယောက်မြို့၊ မန်ဟက်တန်အရပ်မှာ တွေ့နိုင်ပါတယ်။ အလားတူပဲ အဏုမြူဗုံးဒဏ်သင့်ခဲ့တဲ့ စိတ်ဝင်စားစရာရုပ်တုတခုကိုလည်း မက်ဟက်တန်အရပ်မှာ တွေ့နိုင်ပါတယ်။ Evgeny Maslov ကပေးပို့ထားတဲ့သတင်း နန်းလောင်ဝ် က တင်ပြပေးထားပါတယ်။

အဏုမြူဗုံးရဲ့ ဖခင်လို့ မကြာခဏတင်စားခေါ်ဝေါ်ခံရတဲ့ Robert Oppenheimer ဟာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ မက်ဟက်တန်အရပ်မှာ မွေးဖွားကြီးပြင်းခဲ့ပြီး အိမ်အမှတ် ၁၅၅ Riverside Drive မှာ နေထိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအဆုံးသတ်သွားစေခဲ့တဲ့ Hiroshima မြို့က နျူကလီးယားဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့အချိန်မှာ ရှိနေခဲ့တဲ့ ရုပ်တုတခုလည်း မက်ဟက်တန်အရပ်မှာ ရှိနေတာပါ။ ရုပ်တုထားရှိရာ New York Buddhist Church က သိက္ခာတော်ရဆရာတော် Kurt Rye ကခုလိုရှင်းပြပါတယ်။

"ဒီရုပ်တုက ပေါက်ကွဲမှုဖြစ်တဲ့ဘက်ကို မျက်နှာမူနေခဲ့တာပါ။ ဟောဒီအောက်ဘက်ပိုင်းနားမှာ အရောင်တွေပြောင်းနေတာကို တွေ့မြင်နိုင်ပါတယ်၊ အဲဒါကလည်း ပေါက်ကွဲမှုကြောင့်ဖြစ်ခဲ့ရတာပါ။”

ဂျပန် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါးဖြစ်တဲ့ Shinran Shonin ရုပ်တုဟာ ဟီရိုရှီးမားမြို့ပေါ်အဏုမြူဗုံးကျရောက်တဲ့ ဗဟိုချက်နဲ့ ၂ ကီလိုမီတာခွဲလောက်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။

အဲဒီရုပ်တုကို ၁၉၅၀ ပြည့်လွန်နှစ်မှာ နယူးယောက်မြို့ကို ရွှေ့လာခဲ့တာပါ။ ဒီရုပ်တုဟာ ခုတော့ ကမ္ဘာ့ငြိမ်းချမ်းရေးရဲ့ အမှတ်သင်္ကေတတခုအဖြစ် ရှိနေပါတယ်။

"ကုလသမဂ္ဂအဖွဲ့ကို စတင်ဖွဲ့စည်းတဲ့ ၁၉၄၀ ပြည့်လွန်နှစ်နှောင်းပိုင်း ဂျပန်နိုင်ငံက ငြိမ်းချမ်းရေးအတွက် သူ့ဘက်ကတခုခုကို ကမ်းလှမ်းဖို့ စိတ်ဆန္ဒရှိနေခဲ့ပါတယ်။ ဟီရိုရှီးမားမြို့နေ ပြည်သူတွေကလည်း ဒီရုပ်တုဟာ စိတ်ပိုင်းဆိုင်ရာအတွက်ရော အဓိပါယ်ဖွင့်ဆိုမှု အတွက်ပါ အလွန်သင့်တော်တယ်ဆိုပြီး ကုလသမဂ္ဂကိုပေးပို့ခဲ့တာဖြစ်ပါတယ်။ အဲဒါက မူလရည်ရွယ်ချက်ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ ဒီရုပ်တုကိုထားဖို့ နေရာမရှိခဲ့တဲ့အတွက် New York Buddhist Church ကလက်ခံထားတာဖြစ်ပါတယ်။"

နောက်ထပ်တိုက်ဆိုင်မှုတခုကတော့ New York Buddhist Church ကလည်း Oppenheimer နေခဲ့ဖူးတဲ့ Riverside Drive လမ်းမကြီးပေါ်မှာရှိတာဖြစ်ပါတယ်။

"ရုပ်ရှင်ထွက်လာပြီးတဲ့နောက်ပိုင်း နယူးယောက်မြို့မှာ ဒီရုပ်တုကိုအတော်စိတ်ဝင်စားလာကြပါတယ်။ ဒါဟာ စိတ်ထိခိုက်စရာကောင်းတယ်လို့ထင်ပါတယ်။ ဒါဟာ တန်ပြန်ချိန်ခွင်လျှာ ညှိတာလည်းဖြစ်ပါတယ်။ ရုပ်တုကိုလာကြည့်တဲ့လူတွေမှာ စိတ်ဒဏ်ရာနဲ့ပတ်သက်လို့တော့ ခံစားချက်ချင်းတူကြပါတယ်။"

အဏုမြူဗုံးရဲ့ဖခင်ကြီး Oppenheimer ရဲ့ငယ်ဘဝနေအိမ်နဲ့ ဒီရုပ်တုတို့ နီးနီးကပ်ကပ်ရှိနေကြတဲ့ ထင်ရှားတဲ့သင်္ကေတကတော့ အဏုမြူဗုံးရဲ့အန္တရာယ်ကြီးလှတဲ့ သက်ရောက်မှုက လက်တကမ်းမှာရှိနေတယ်ဆိုတာပါပဲလို့လည်း သိက္ခာတော်ရဆရာတော် Rye ကပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG