သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုင်သာယာဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွဲခံရ၊ ၇ ဦးထက်မနည်း သေဆုံး


ရန်ကုန်မြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ဖြိုခွဲနေတဲ့မြင်ကွင်း။ (မတ် ၁၁၊ ၂၀၂၁)
ရန်ကုန်မြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ဖြိုခွဲနေတဲ့မြင်ကွင်း။ (မတ် ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

စစ်တပ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲ လုံခြုံရေးတွေက အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြတဲ့သူ ၇ ယောက်အပါအဝင် နိုင်ငံတဝန်းမှာ ၁၁ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရန်ကုန်အပါအဝင် နိုင်ငံတဝန်းမှာ ဆက်လက်ဖြစ်ပွားခဲ့ပြီး အဲဒီဆန္ဒပြပွဲတွေကို ရဲနဲ့စစ်တပ်က ဒီနေ့မှာလည်း အင်အားသုံး နှိမ်နင်းခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ရန်ကုန်အနောက်ပိုင်းက လှိုင်သာယာမြို့နယ်မှာလည်း ဆန္ဒပြတဲ့သူတွေဟာ အောင်ဇေယျတံတားအဆင်း ၁ ထိပ်ကနေ မီးခွက်ဈေးအထိ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတာဖြစ်ပြီး ဒါကို ရဲနဲ့ စစ်တပ်ဘက်က ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် ၇ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ လှိုင်သာယာကြက်ခြေနီအဖွဲ့က ဗီအိုအေကို ပြောပါတယ်။

“လက်ရှိက သေဆုံးသူက ၇ ယောက်ဗျ။ ဒါပေမယ့် အခု နောက်ထပ်သေတဲ့သူတွေကို ကျနော်တို့ စာရင်းမကောက်ရသေးဘူးဗျ။ ဒဏ်ရာရတဲ့သူ ခန့်မှန်းချေကတော့ ၁၅ ယောက်လောက်ရှိတယ်ခင်ဗျ။”

လှိုင်သာယာမှာ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့အတွက် ရဲနဲ့ စစ်တပ် အင်အားအများအပြား ချထားခဲ့ပြီး ဘုရင့်နောင်တံတားထိပ်မှာလည်း ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ လှိုင်သာယာမြို့ခံတဦးက ပြောပါတယ်။

“သူတို့က ဒီနေ့ အင်အားများတယ်။ တမင်တကာ ဖြိုခွဲဖို့ကို အစီအစဉ်ရှိတယ်။ မနေ့ကတည်းက သတင်းမှာ ထည့်ကြေညာသွားတာကို။ ပစ်တာကတော့ FMI ရှေ့မှာ ပစ်တာ။ အဲဒီတုန်းက ဒီကောင်တွေက အရပ်သားသုံးတဲ့ကား Double Cab တွေနဲ့ ၁၀ စီးလောက်ရှိတယ် ဝင်လာတာ။ စကတည်းက သူတို့က ဘုရင့်နောင်ဘက်ကနေ လှိုင်သာယာဘက်ကို လာကတည်းက ပစ်ပြီးတော့လာတာ။ သူတို့ မနက်ကဆိုရင် ၁၀ နာရီခွဲလောက်ကတည်းက လှိုင်သာယာကြိုးတံတားအဆင်းက ပြည်သူတွေကာထားတဲ့ အကာတွေကို မီးရှို့တာ။ အဲဒီမှာ တာယာတွေ ဘာတွေ ပါတယ် ဒီကောင်တွေ ရှို့ပစ်လိုက်တာ။ ဒီမှာ အခုပစ်နေတဲ့ဟာတွေက ရာဘာကျည်တောင် သိပ်မသုံးတော့ဘူး။ စပစ်ကတည်းက ကျည်အစစ်ပဲ။ ပြီးရင် စနိုက်ပါ ပါတယ်။ ရဲကားက ၁၀ စီးရှိတယ်။ အဲဒါက နေ့ခင်းပိုင်းမှာ ထွက်လာတာ။ ဒါက FMI ထိပ်မှာ သေနတ်ပစ်တဲ့အဖွဲ့။ မနက်ကတည်းက ရောက်နေတဲ့ ကားတွေကတော့ စစ်ကားအကြီးကြီး ၃ စီး၊ ရှေ့ပြေးရဲကား ၆ စီး တော်တော်များတယ်ဗျ။ နောက်ပြီးတော့ သူတို့က တနေရာတည်းမှာ မဟုတ်ဘူး။ ရဲအင်အားနဲ့ စစ်သားအင်အား များတယ်။”

လှိုင်သာယာမှာ ဒီနေ့ ဆန္ဒပြပွဲတွေအတွင်း မီးလောင်ကျွမ်းမှုတွေလည်း ရှိခဲ့ပါတယ်။ ဆန္ဒပြတဲ့ ပြည်သူတွေ လမ်းတွေမှာ ပိတ်ဆို့ကာရံထားတဲ့ အကာအရံ အတားအဆီးတွေကို လုံခြုံရေးတွေဘက်မှာ မီးရှို့တာတွေ ရှိခဲ့သလို စက်ရုံ ၃ ရုံလည်း ဒီနေ့မှာ မီးလောင်တာရှိတယ်လို့ လှိုင်သာယာမြို့ခံ နောက်တဦးက ဗွီအိုအေကို ပြောပါတယ်။

“မီးလောင်တာကတော့ သူ့ဟာသူ ဝါယာရှော့ဖြစ်ပြီး လောင်တာလား၊ ဘယ်လိုလောင်တာလဲတော့ မသိဘူး။ ကျနော်တို့ ဒီဘက်မှာ မဲနေတုန်း နောက်မှာ မီးလောင်တာပဲ။ ကျနော်တို့ သပိတ်ထဲမှာ မခွဲခင် မီးလောင်တာပဲ။ ရွှေလင်ဗန်းစက်မှုဇုန် ၇ ထဲမှာခင်ဗျ။ လောလောဆယ် ငွေကြယ်နဲ့ ရွှေနဂါးစက်ရုံတွေလို့တော့ သိတယ်။ ကျန်တဲ့စက်ရုံတရုံကတော့ မသိဘူးဗျ။ စက်ရုံ ၃ ရုံလို့တော့ သတင်းရတယ်။”

ရန်ကုန်တိုင်းအတွင်းက တာမွေ၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း အပါအဝင် တခြားနေရာ အတော်များများမှာလည်း ဆန္ဒပြတာတွေ ဖြစ်ခဲ့ပြီး လုံခြုံရေးတွေဘက်ကလည်း အကြမ်းဖက် ဖြိုခွဲတာတွေ ရှိခဲ့ပြီး တာမွေမြို့နယ်မှာလည်း ၁ ယောက် သေဆုံးခဲ့ပါတယ်။ ရွှေပြည်သာမြို့နယ်မှာတော့ လုံခြုံရေးတွေဘက်က ပစ်ခတ်နှိမ်နင်းတာကြောင့် ၄ ယောက်ထက်မနည်း သေနတ်ဒဏ်ရာတွေ ရခဲ့တာကို Facebook လူမှုကွန်ရက်တွေမှာ တွေ့နေရပါတယ်။

တချိန်တည်းမှာပဲ ပဲခူးတိုင်း ပဲခူးမြို့မှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို ရဲနဲ့ စစ်တပ်က ကျည်အစစ်တွေနဲ့ ပစ်ခတ်နှိမ်နင်းခဲ့ပါတယ်။ ပဲခူးမြို့က မှော်ကန်ရပ်ကွက်မှာ ဆန္ဒပြနေကြတာကို လုံခြုံရေးတွေက ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၉ နှစ်အရွယ် ဆန္ဒပြလူငယ်တဦး ဘယ်ဘက်ရင်အုံ ထိမှန် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးမြို့မှာလည်း ဆန္ဒပြတဲ့သူတဦး သေဆုံးခဲ့ပြီး ကချင်ပြည်နယ် ဖားကန့်မြို့မှာလည်း ၁ ဦးသေဆုံးတယ်လို့ သိရပါတယ်။ ဗွီအိုအေရရှိတဲ့ စာရင်းတွေအရတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းချိန်ကစပြီး ရဲနဲ့ စစ်တပ်က အင်အားသုံး နှိမ်နင်းတာတွေကြောင့် အခုချိန်ထိ သေဆုံးသူဦးရေဟာ ၁၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)












XS
SM
MD
LG