သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်နှိမ်နင်းမှုကြား မြန်မာနိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွား


ညဖက် ထိုင်သပိတ်
ညဖက် ထိုင်သပိတ်

[ Zawgyi / Unicode ]

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေ အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် ထိခိုက်သေဆုံးသူတွေ တိုးလာနေပေမဲ့လည်း၊ ဆန္ဒပြလှုပ်ရှားမှုတွေကတော့ နေ့ရော၊ ညပါ အရှိန်မြင့်နေဆဲ ဖြစ်ပါတယ်။ စနေနေ့တုန်းက မန္တလေးမြို့ အပါအဝင် နေရာတော်တော်များများမှာ လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးသူတွေ ရှိခဲ့ပေမဲ့လည်း ညဖက်မှာပါ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့တဲ့ အကြောင်းစုံကိုတော့ ကိုဝင်းမင်းက ပြောပြမှာပါ။

မန္တလေးက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ကိုသန်းမြတ်စိုးက -

" ဒီ စိန်ပန်းမှာလုပ်တဲ့ဟာကလည်း ကျနော်တို့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရဲ့ ထိုင်သပိတ်ပေါ့ ။ စတာက ၉ ခွဲမှာစတယ်။ ၁၀ နာရီခွဲမှာ ကျနော်တို့ လူစုခွဲလိုက်တယ်။ အဲဒီအချိန်မှာ နေ့ခင်း တောက်လျှောက်ပစ်ခတ်တာ ၄ နာရီလောက်ထိ တနေကုန် ပစ်တယ်။ လူလည်း တော်တော်များများထိတယ် ရပ်ကွက်နေပြည်သူတွေ များတယ်။ လူအယောက် ၃၀ ကျော် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရတယ်။ စိုးရိမ်ဖွယ် ကောင်းတယ်။ "

မနေ့က မန္တလေးဖြိုခွဲမှုမှာ ထူးခြားပုံကိုလည်း ကိုသန်းမြတ်စိုးကပဲ -

" သူတို့က ပထမစည်း ဒုတိယစည်း ဘာညာ လူစုခွဲဖို့ မပြောပဲ ပစ်တဲ့အခါကျတော့ ဆန္ဒပြအုပ်စုထဲမှာ သေဆုံးသူ ၁ ယောက် ၊ ဒဏ်ရာရသူ အတော်များတယ်။ အဲဒီထဲမှာ ရပ်ကွက်နေပြည်သူ ကိုယ်ဝန်ဆောင် ဗိုက်ကြီးသည်အမျိုးသမီးတဦးလဲ ပါတယ်ပေါ့နော်။ အဲဒီ ဗိုက်ကြီးသည်က ထွက်ပြေးလာတဲ့ ဒီကျောင်းသူ ကျောင်းသားတွေကို ပုန်းခိုခွင့် ပေးလိုက်တယ်။ အဲဒါကို အိမ်ထဲဖွင့်ဝင်လာပြီး ခေါင်းကိုတေ့ ပစ်သွားတယ်လို့ မျက်မြင်တွေ့သူက ပြောတယ်။ ပြီးတော့ သံဃာထဲကဆို ၂ ပါး။ "

ဒါပေမဲ့ အခုလို နေ့ဖက်ပစ်ခတ် ဖြိုခွင်းခံရချိန်မှာ ဖြစ်ပေါ်လာတဲ့ ညဖက် ဆန္ဒပြပွဲတွေရဲ့ ထူးခြားမှုကိုလည်း ကိုသန်းမြတ်စိုးက -

" ညသပိတ်တွေက ညဖက် တောက်လျှောက်ရှိတယ်။ ဝမ်းနည်းကြောင်း အထိမ်းအမှတ်လုပ်ရာက စ ပစ်လာတာပေါ့နော်။ ပြီးတော့ စမ်းချောင်းမှာ ပိတ်မိတဲ့ကိစ္စ ပေါ်လာချိန်မှာ ညသပိတ်တွေက ပိုပြီး အသံကျယ်လောင်လာတာပေါ့။ အခုလို ညသပိတ်တွေ အင်အား အလုံးအရင်းနဲ့ ပေါ်လာတဲ့ကိစ္စက အန္တရာယ်လည်းနည်းတယ်။ လူတိုင်းနီးပါး ကိုယ့်ရပ်ကွက်မှာ ပါဝင်လို့ ရနေတယ်။ ဒါက အားတက်ဝမ်းသာစရာပါပဲ။ ဒီကောင်က ကိုယ့်ရပ်ကွက်နဲ့ကိုယ် ပျောက်ကျားဆန္ဒပြတာမျိုးပေါ့ ။ သူတို့အနေနဲ့ ဝုန်းဒိုင်းကြီး ရောက်လာခဲ့ရင် ကိုယ့်ရပ်ကွက်ထဲ ကိုယ်လှုပ်ရှားတာ ဖြစ်တဲ့အတွက် လူစုခွဲ လိုက်လို့ရတယ်။ နောက်ပြီး သက်ကြီးရွယ်ပိုင်းတွေဆိုရင်လည်း နေ့ခင်းဖက် မထွက်နိုင်ပေမယ့် ညသပိတ်မှာ ကိုယ့်ရပ်ကွက်ထဲ ကိုယ် ပါဝင်လာဖို့ လွယ်ကူတယပေါ့။ "

ဒါ့အပြင် ရန်ကုန် ညသပိတ်က ချိတ်ဆက်ကွန်ယက်တွေမှာ ဦးဆောင်ပါဝင်နေတဲ့ ကိုဟိန်းရာဇာကလည်း စလုပ်လာခဲ့ပုံကို ပြောပါတယ်။

" မရမ်းကုန်းမြို့နယ် ညသပိတ်မှာ ပါခဲ့တယ်။ ကျဆုံးသွားသူတွေအတွက် ဆုတောင်းကြတယ်။ ကြွေးကြော်သံတိုင်တယ် သွေးသစ္စာ သီးချင်းတွေဆိုကြတယ်။ "

ရန်ကုန်ညသပိတ်တွေမှာပါဝင်လာတဲ့ ဆေးတက္ကသိုလ်(၂) ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဥက္ကာမြတ်ကတော့ Gen Z တွေရဲ့ညသပိတ် စဉ်းစားပုံဖေါ်မှု ထိရောက်တယ်လို့ ဆိုပါတယ်။

" ဒါကို လူငယ်တွေ စတယ်ဆိုပေမယ့် တကယ်တမ်း လူကြီးလူငယ် ပါဝင်လာတာတွေ့ရတယ်။ ညဖက်တွေမှာ သပိတ်ဆင်နွှဲခြင်း အားဖြင့် လူထုရဲ့ အကြောက်တရား အတော်အတန် လျော့သွားမှာဖြစ်တယ်။ အမှောင်ကို အားယူပြီး လှုပ်ရှားရ ပိုလွယ်တာပေါ့။ "

ညသပိတ်တွေဟာ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အထိ ပျံ့လာခဲ့ပါတယ်။ ကလေးမြို့ခံ ကိုနေမင်းဦးက -

" ဒီဟာက ကလေးမြို့မှာ ညဘက် အကြီးဆုံးပွဲပေါ့။ လူအင်အား တစ်ထောင်လောက် ရှိမယ်။ ညသပိတ်က လူတွေအတွက် အန္တရာယ်ကင်းတယ်လို့ ဆိုရမယ်။ လျှပ်စစ်မီးလည်း အလုံလောက်မရှိပါဘူး။ အမှောင်ထဲ ဖြစ်တဲ့အတွက် သူတို့နဲ့ ထိပ်တိုက် မတွေ့နိုင်ဘူး ထိပ်တိုက် တွေ့လာလည်း ကျနော်တို့က ကိုယ့်ရပ်ကွက် ကိုယ့်ဒေသဖြစ်တဲ့အတွက် ဘယ်လို ရှောင်ရမယ်ဆိုတာ ကောင်းကောင်းသိနေတယ်။ နေ့ခင်ဘက်ဆို လူငယ်တွေလောက်ပဲ ထွက်နိုင်တယ်။ ညဖက်ကျတော့ လူစုံတယ် လူကြီးရော လူငယ်ရောပါတယ်။ ဘုန်းကြီးတွေရော သက်ကြီးရွယ်အိုတွေပါ ပါလာတယ်ခင်ဗျ။ "

တကယ်တော့ မန္တလေးနဲ့ အခြားမြို့တွေမှာ စစ်တပ်၊ ရဲ လက်ချက်နဲ့ လူအများအပြား သေဆုံးခဲ့ရတာအတွက် မြန်မာနိုင်ငံအတွက် ဝမ်းနည်းကြေကွဲဖွယ် နေ့တနေ့ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက စနေနေ့က ပြောပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုကို လက်မခံနိုင်ကြောင်းနဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ ရှင်းရှင်းလင်းလင်း ပြောထားကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်


[ unicode ]
















XS
SM
MD
LG