သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ညသပိတ် ပစ်ခတ်နှိမ်နင်းခံရ၊ ၃ ဦး သေဆုံး


ရန်ကုန်မြို့ စမ်းချောင်း ဗဟိုလမ်းမှာပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက် ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်များ။
ရန်ကုန်မြို့ စမ်းချောင်း ဗဟိုလမ်းမှာပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက် ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်များ။

(Zawgyi / Unicode)

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ မနေ့ညနဲ့ ဒီနေ့ ဆန္ဒပြပွဲတွေအတွင်း ရဲနဲ့ စစ်တပ်က အင်အားသုံး နှိမ်နင်းတာကြောင့် ၃ ယောက်ထက်မနည်း သေဆုံးသွားခဲ့ပြီး အတော်များများလည်း ဒဏ်ရာရခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်နဲ့ ထားဝယ်မြို့တွေမှာလည်း ဆန္ဒပြတဲ့သူ ၂ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေနဲ့ ဖမ်းခံရတဲ့သူတွေလည်း အတော်များများ ရှိခဲ့ပါတယ်။ ဗီအိုအေ သတင်းထောက်တွေ သတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

ရန်ကုန်မှာ မနေ့ညက မြို့နယ်တိုင်းမှာ ညသပိတ်ပြုလုပ် ဆန္ဒပြခဲ့ကြပါတယ်။ ဒီလို ညဘက် ဆန္ဒပြကြတာတွေ အပြီးမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက ရန်ကုန်မြို့ရဲ့ နေရာတချို့မှာ ရပ်ကွက်တွေထဲကို ဝင်ရောက်ဖမ်းဆီး ပစ်ခတ်တာတွေ လုပ်ခဲ့ကြတဲ့အတွက် သေဆုံးသူတွေ ရှိခဲ့ကြပါတယ်။

သာကေတ မြင်တော်သာလမ်းမပေါ်မှာ မနေ့က ညပိတ်ပြုလုပ်တဲ့အတွက်ဆိုပြီး လူငယ် ၃ ယောက်ကို ရဲက ဖမ်းဆီးသွားတဲ့အတွက် ပြန်လွှတ်ပေးဖို့ သာကေတ ပြည်သူတွေက ရဲစခန်းရှေ့မှာ စုဝေးတောင်းဆိုခဲ့ကြပါတယ်။

အင်တာနက် ပြတ်တောက်ချိန် မနက် ၁ နာရီလောက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေက မာန်ပြေ ၂ လမ်းအတွင်း ဝင်ရောက်ပြီး ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူနှစ်ဦး ဦးခေါင်းကို ကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

သေဆုံးသူ ကိုစည်သူနဲ့ ကိုအောင်အောင်ဇော်တို့ရဲ့ ရုပ်အလောင်းကို ရဲစခန်းကို လာအပ်ဖို့ အမှတ် ၁ မြို့မရဲစခန်းက ဆက်သွယ်လာတာမျိုး ရှိတဲ့အတွက် အလောင်းကို လက်နက်ကိုင်တွေဘက်က လာပြီးလုယူမှာကို စိုးရိမ်တာကြောင့် ဒီကနေ့ နေ့လယ်မှာပဲ ဈာပနပြုလုပ် သင်္ဂြိုဟ်လိုက်တယ်လို့ သေဆုံးသူ ကိုအောင်အောင်ဇော်ရဲ့ ယောက်ဖက ပြောပါတယ်။

“ကြားတာပေါ့နော်၊ တကယ်တော့ မလာသေးဘူး။ အလောင်းကိုလည်း လာဖော်မယ်လို့လည်း ကြားတယ်။ လုမယ်လို့လည်း ကြားတယ်ခင်ဗျ။ ခု ကျနော်တို့ကတော့ အားလုံးပြီးသွားပြီ။ လုမယ် ယက်မယ် သတင်းကြားလို့ ကျနော်တို့လည်း ချက်ချင်း အရေးတကြီး လုပ်လိုက်တာ။ သင်္ဂြိုဟ်လိုက်ပါပြီခင်ဗျ။”

ဒီကနေ့မှာတော့ သာကေတမှာ ပုံမှန်ဆန္ဒပြမှုတွေရှိနေပြီး ရဲနဲ့ စစ်တပ်က အင်အားအများအပြား ချထားတာတွေ ရှိနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

လှိုင်မြို့နယ်မှာ မနေ့ညက လွှတ်တော်ကိုယ်စားလှယ်တဦးကို ဝင်ရောက်ဖမ်းဆီးတဲ့အတွက် ရပ်ကွက်နေပြည်သူတွေက ဝန်းရံတားဆီးတာတွေ လုပ်ခဲ့ကြတာကြောင့် လက်နက်ကိုင်တွေက ၄၅ မိနစ်ဝန်းကျင်လောက် ကြာအောင် ဆက်တိုက် ပစ်ခတ်ဖြိုခွဲမှုတွေ လုပ်ခဲ့ပါတယ်။ အဲ့ဒီပစ်ခတ်ဖြိုခွဲမှုမှာ ၄ ဦး ဒဏ်ရာရပြီး ဒီနေ့မနက်မှာ တဦးသေဆုံးပြီး နောက်တဦးကတော့ လက်ရှိမှာ စိုးရိမ်ရအခြေအနေနဲ့ ရှိနေတယ်လို့ အဲ့ဒီ ဖြိုခွဲခံရတဲ့ အဖွဲ့ထဲမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ကိုထက်အောင်က ခုလိုပြောပြပါတယ်။

“ကျနော်တို့ လှိုင်မြို့နယ် ကျနော်တို့က ၁၆ ရပ်ကွက်ဆိုတော့ ဟိုဘက် ၁၃ ရပ်ကွက်ဘက်ကနေ ကျနော်တို့ကို ကူညီဖို့ဆိုပြီးတော့ ကင်းစောင့်နေတဲ့လူတွေ အဖွဲ့လိုက် ခု ကင်းစောင်နေတဲ့ ညီလေးတွေ အဖွဲ့က လာကူကြတာ။ လာကူတဲ့အချိန်မှာ သူတို့ ပြန်ဆုတ်တဲ့အချိန်နဲ့လည်း ကြုံရော စိန်ဂေဟာနား အကျော်လေးရောက်တဲ့ အချိန်မှာ အဲ့ညီလေးတွေက ရှေ့ကိုအတက် သူတို့က ကားပေါ်ကနေပြီးတော့ စက်သေနတ်လိုဟာနဲ့ ဒုန်း ဒုန်း ဒုန်း ဒုန်း ဆိုပြီးတော့ ၆ ချက်လောက်ကို ဆင့်ပြီး ပစ်ပလိုက်တာ။ ရှေ့က ၃ ယောက်လုံးထိတာ။ ၃ ယောက်လုံးထိတာမှာ အဲ့ညီလေးက ခေါင်းကိုထိသွားတာ။ ပစ်တာကို သူတို့က သေသေချာချာကို တည်ပြီးပစ်တာ။ ချိန်ပြီးတော့ကို လှမ်းပစ်တာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က အဲ့ပစ်တဲ့နားမှာ ကျနော်တို့က ရှိလို့။”

ဒီကနေ့ နေ့လယ်မှာ တွံတေးမြို့နယ်မှာလည်း ဆန္ဒပြသူတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဖြိုခွဲတဲ့အတွက် ဒဏ်ရာရသူ အတော်များများ ရှိခဲ့သလို ၂ ယောက်က စိုးရိမ်ရ အခြေအနေ ရှိတယ်လို့ တွံတေးမြို့ ဒေသခံတဦးက ပြောပါတယ်။

“တွံတေးအခြေအနေကတော့ ကျေနာ်တို့ တွံတေး ရွှေစာရံဘုရားဝင်းအတွင်းမှာ အထိုင်သပိတ်အတွက် ခံတပ်ဆောက်ထားတာလေ။ ခံတပ်ဆောက်ထားတာကို ရန်ကုန်ဘက်ကနေပြီးတော့ စစ်ကား ၁၃ စီးနဲ့ တွံတေး ဘောင်းတော်ချုပ် အမြောက်တပ်က စစ်ကား ၂ စီးနဲ့ စုစုပေါင်း စစ်ကား ၁၅ စီးနဲ့ တက်လာပြီးတော့ မြို့ပြင်ဘက်ကနေပြီးတော့ တဖွဲ့က ပစ်တယ်။ နောက် မြို့ထဲမှာ အခြေစိုက်နေတဲ့ ရဲတွေနဲ့ စစ်သားတွေ ထပ်တက်လာပြီးတော့ နောက်ဘက်ကနေ ဆက်ပြီးတော့ ပစ်တယ်။ ခု ခံတပ်နားမှာတော့ အပစ်အခတ်တွေ အရမ်းများနေတယ်ခင်ဗျ။ လက်ရှိ ကျနော်တို့ တွံတေးဆေးရုံကို ရောက်လာတာပေါ့နော်။ ကုသိုလ်ပြုအသင်းက မှတ်တမ်းအရဆိုလို့ရှိရင်တော့ ၇ ယောက် ထိတယ်ခင်ဗျ။ ၇ ယောက်ထဲက ၂ ယောက်ကတော့ စိုးရိမ်ရတယ်ဗျ။ သူတို့က တွေ့တာ အကုန်ပစ်တာဗျ။ အိမ်တံခါးဖွင့်ထားရင်လည်း အိမ်တံခါးကို ပစ်တယ်။ ဓာတ်ပုံရိုက်တာတွေ့ရင်လည်း ပစ်တယ်။ သူတို့က လက်ရှိ အကုန်ပစ်နေတာ ခင်ဗျ။”

ဒီကနေ့မှာ တာမွေ ကျောက်မြောင်းဘက်မှာလည်း ဆန္ဒပြ သပိတ်ကြောင်းကို ပစ်ခတ်ဖြိုခွဲ ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ ရန်ကုန်မြို့လယ် ဆူးလေနဲ့ ရွှေတိဂုံဘုရားဝန်ကျင်မှာ အိမ်စီးကားတွေနဲ့ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ပြည်မြို့က ကျောင်းသားလူငယ်ရဲ့ ထိုင်သပိတ်ကို လက်နက်ကိုင်တွေဘက်က ကျည်အစစ်သုံး ပစ်ခတ်ဖြိုခွဲလို့ ၂ ဦးသေဆုံး၊ ၆ ယောက်ထက်မနည်း ကျည်ထိမှန်တယ်လို့ မျက်မြင်တဦးက ဗွီအိုအေကို ပြောပါတယ်။ ပြင်းထန်ဒဏ်ရာရရှိထားပြီး လဲကျနေသူတဦးကိုတော့ လက်နက်ကိုင်တွေဘက်က လုယူသွားတယ်လို့ ပြောပါတယ်။ အလားတူ ထားဝယ်မြို့က ဝဲကြော ပြည်သူ့သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွဲခံရလို့ ဝမ်းဗိုက် ကျည်ဖောက်ဝင်သွားသူတဦး ရှိပြီး မေရိလန်း ပုဂ္ဂလိကဆေးရုံ တင်ထားပါတယ်။ ဆေးရုံကို စစ်တပ်ရောက်လာပြီး ကျည်အစစ်ထိမှန်ထားသူကို ဆေးကုသခွင့် မပေးဖို့ ဖိအားပေးနေတယ်လို့ ထားဝယ်သပိတ်စစ်ကြောင်းမှာ ပါဝင်ဆန္ဒပြနေသူ ကိုစိုင်းကိုကိုထွန်းက ဗွီအိုအေကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေ့တိုင်း ဆက်ရှိနေပြီး ဒီဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် နိုင်ငံတဝန်း ထိခိုက်သေဆုံးမှုတွေ ဆက်ပြီး မြင့်တက်နေပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကတော့ ဆက်ပြီးတော့ အားကောင်းနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)
















XS
SM
MD
LG