သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်အကူအလုပ်သမား အကာအကွယ်ပေးရေးဥပဒေ ပြဌာန်းဖို့ လွှတ်တော်ပြင်ဆင်


ပြည်ထောင်စုလွှတ်တော် (မတ် ၁၀၊ ၂၀၂၀)
ပြည်ထောင်စုလွှတ်တော် (မတ် ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံတွင်း အိမ်အကူလုပ်သားတွေကို အိမ်တွင်းအကြမ်းဖက်မှု အမြတ်ထုတ်မှုသတင်းတွေ ဒီနှစ်ပိုင်းတွေ တော်တော်လေးတွေ့လာရပါတယ်။ ဒါကြောင့် အိမ်အကူလုပ်သားတွေရဲ့အခွင့်အရေးကို ဥပဒေအရတိတိကျကျ အကာအကွယ်ပေးနိုင်ဖို့ လွှတ်တော်ပိုင်းက ကြိုးစားနေပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက စုံစမ်းမေးမြန်းထားပါတယ်။

အခု ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့ဟာ နိုင်ငံတကာ အိမ်အကူလုပ်သားများနေ့လို့ သတ်မှတ်ထားတာပါ။ အိမ်အကူလုပ်သားတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO က ဥပဒေပြဌာန်းနိုင်ခဲ့တာကို ရည်ညွှန်းပါတယ်။ မြန်မာနိုင်ငံမှာတော့ အိမ်အကူလုပ်သားတွေအတွက် ဥပဒေအရ အကာအကွယ် မပေးနိုင်သေးတာကြောင့် အိမ်ကူလုပ်သားတွေ အကြမ်းဖက်ခံရတာ အမြတ်ထုတ်ခံရတာတွေ ဖြစ်နေတုန်းပါ။ အလုပ်ရှင်တွေ အနေနဲ့ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး သိရှိမှု အားနည်းနေတာကြောင့် ဖြစ်တယ်လို့ ညီမျှခြင်းမြန်မာက အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေထဲမှာ အလုပ်သမားတွေအတွက် အကာအကွယ်ပေးမှုတွေ အများကြီး ရှိနေပေမယ့် အိမ်အကူအလုပ်တွေရဲ့ သဘောသဘာဝအရ ဒီအခွင့်အရေးတွေကို ရယူနိုင်ဖို့ ခက်ခဲနေတယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။ လက်ရှိမှာ အိမ်အကူအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ကာကွယ်ပေးနိုင်တဲ့ ဥပဒေကြမ်းတစ်ခုကို လွှတ်တော်မှာ ရေးဆွဲအတည်ပြုနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ဒီဥပဒေက အိမ်အကူလုပ်သားတွေအပေါ် ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ ဦးအောင်မျိုးမင်းက ခုလို သုံးသပ်ပါတယ်။

“ကျနော်တို့မှာ ဘယ်လိုမျိုးဖြစ်လဲဆိုရင်တော့ ဥပဒေက ရှိတယ်။ ဒါပေမဲ့ ဥပဒေအရ ခံစားခွင့်မရှိဘူး။ နောက်တစ်ခုက ဒီဥပဒေကို အိမ်အကူလုပ်သားတွေကလည်း မသိသလို အိမ်ရှင်တွေကလည်း ဒါကို သိပ်ပြီးတော့မသိကြဘူး။ တကယ်လို့များ ဒီဥပဒေ (အိမ်အကူအလုပ်သမား ဥပဒေ) ပေါ်လာရင် ကျနော်တို့ နောက်ထပ် ထပ်သိဖို့ ကိစ္စက ဒီဥပဒေကို ပါဝင်ပတ်သက်တဲ့ အိမ်အကူ တွေရော အိမ်ရှင်တွေရော နောက် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီရော အားလုံးကနေ ကျနော်တို့ သဘောပေါက်ပြီးတော့ ကျင့်သုံးဖို့အတွက်ရှိမယ်၊ နောက်တစ်ခါ လုပ်ထုံးလုပ်နည်းအရ ဒါတွေကို သေသေချာချာစောင့်ကြပ်နိုင်တဲ့ လုပ်ထုံးလုပ်နည်း အဲ့ဒါလည်း အရေးကြီးပါတယ်ခင်ဗျ။ အဲ့တော့ ဥပဒေပေါ်လာရုံနဲ့တော့ ဖြစ်မှာမဟုတ်ဘူး။ ပူးပေါင်းပါဝင်မှုရယ်၊ ဒီဟာကို စောင့်ကြပ်မှု အပိုင်း ယန္တရားပိုင်းတွေပါ ဆက်ရှိနေဖို့လိုအပ်ပါတယ်။”

အိမ်အကူအလုပ်သမား ဥပဒေကြမ်းကို မူကြမ်းအနေနဲ့ရေးဆွဲထားပြီး အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီက အတည်ပြုပြီးတော့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကို တင်ပြထားတယ်လို့ ကော်မတီအဖွဲ့ဝင် ဒေါက်တာခင်မကြီးက ပြောပါတယ်။ ဒီဥပဒေက အိမ်အကူအလုပ်သမားတွေအတွက် ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ ဒေါက်တာ ခင်မကြီးက ခုလိုပြောပြပါတယ်။

“အတတ်နိုင်ဆုံးတော့ ကျမတို့တွေ အိမ်အကူအလုပ်သမားတွေမှာ ထိခိုက်အနာတရဖြစ်အောင် နှိပ်စက်ခံရတာတွေ ရှိတယ်။ နောက် ဥပဒေ မရှိတဲ့အခါကျတော့ လုပ်အားခနဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ ဒါတွေလည်း ခဏခဏတွေ့နေရတယ်။ အိမ်အကူအလုပ်သမားတွေမှာ စောင့်ကြည့်ပေးမယ့် ဥပဒေမရှိဘူးပေါ့နော်။ မရှိတဲ့ခါကျတော့ သူတို့မှာ သူတိုရဲ့ လုပ်အားအပေါ်မှာ ခေါင်းပုံဖြတ်တာတွေရော ခုဏကလိုမျိုး ညှင်းပန်းနှိပ်စက်တဲ့ဟာ တွေရော ဒါတွေကိုတော့ ကျမတို့က အပြည့်အဝမဟုတ်တောင်မှာ ရာခိုင်နှုန်းတော်တော်များများ နောက်ပြီးတော့ ဆိုးဆိုးဝါးဝါးအခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို ကာကွယ်နိုင်မယ်လို့ ကျမတို့ ယူဆပါတယ်။ ကျမတို့ကတော့ အိမ်အကူအလုပ်သမား ဥပဒေကြမ်းကို မြန်မြန် အတည်ပြုချင်တယ်၊ အတည်ပြုပြီးတော်မှ ဒီအိမ်အကူအလုပ်သမားတွေရဲ့ အခွင့်အရေးတွေ၊ ညှင်းပန်းနှိပ်စက်ခံနေရတာ တွေကို အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို မြန်မြန်အကာအကွယ် ပေးချင်ပါတယ်။ ပြည်တွင်းရော၊ ပြည်ပရော အလုပ်သမားတွေကို ကာကွယ်ပေးချင်ပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကပဲ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO က ပြဌာန်းထားတဲ့ အလုပ်လုပ်နိုင်တဲ့ အနိမ့်ဆုံး အသက်ကန့်သတ်မှုနဲ့ သက်ဆိုင်တဲ့ သဘောတူညီချက် အမှတ် ၁၃၈ ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီအထဲမှာ အလုပ်လုပ်နိုင်စွမ်းရှိသည့် ကလေးအသက် သည် ၁၄ နှစ်အောက် မငယ်စေရဆိုတဲ့ အချက် ပါဝင်ပါတယ်။ အဆိုးဝါးဆုံးအလုပ်သမား လုပ်အားစေခိုင်းမှုနဲ့ ပတ်သက်တဲ့ ILO ရဲ့ သဘောတူညီချက်အမှတ် ၁၈၂ ကိုလည်း ၂၀၁၃ ခုနှစ်က လက်မှတ်ရေးထိုးထားခဲ့ပါတယ်။ ဒါပေမဲ့လည်း အိမ်ကူလုပ်သားတွေကို အကာအကွယ်ပေးဖို့ ILO သဘောတူညီချက် ၁၈၉ ကိုတော့ မြန်မာအနေနဲ့ လက်မှတ်ထိုးထားခြင်း မရှိသေးပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG