သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ဆန္ဒပြပွဲ နောက်ဆုံး အခြေနေ


(Zawgyi/ Unicode)

ဟောင်ကောင်မှာ ဒီမိုကရေစီလိုလားသူတွေရဲ့ ဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားနေတာမှာ သိပ်မကြာခင်က ဆန္ဒပြလူငယ်တဦး သေဆုံးခဲ့ရပြီး နောက်မှာတော့ ဒီသီတင်းပတ်ထဲ ဆန္ဒပြပွဲတွေဟာ ပုံစံသစ်တမျိုးနဲ့ ပြောင်းလဲလာခဲ့ပြီး အကြမ်းဖက်မှုတွေ ရှိလာပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်းရ ဟောင်ကောင်က လနဲ့ချီ ဆန္ဒပြပွဲတွေရဲ့ နောက်ဆုံးအခြေအနေကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ဟောင်ကောင်က ဆန္ဒပြပွဲတွေဟာ ဒီရက်ပိုင်းတွေမှာ လူအင်အားအရ နည်းသွားပုံရပေမဲ့၊ အကြမ်းဖက်တာတွေ ပါဝင်လာပြီး ကြိုတင် ခန့်မှန်းလို့မရတဲ့ အခြေအနေမျိုးတွေ မကြာခန တွေ့လာရပါတယ်။

ရဲတပ်ဖွဲ့တွေကလည်း ဒီဆန္ဒပြပွဲတွေကို အရင်ထပ်ပိုပြီး ခပ်မြန်မြန် ခပ်တင်းတင်း နှိမ်နင်းလာပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ထဲ ဆန္ဒပြ ကျောင်းသားလူငယ်တဦး သေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြပွဲတွေ ၅ လကျော် ကြာလာခဲ့ပေမဲ့၊ ဆန္ဒပြသူတွေရဲ့ နိုင်ငံရေးတောင်းဆိုချက်တွေကို ဟောင်ကောင်အာဏာပိုင်တွေက လိုက်လျောဖို့ ငြင်းဆန်နေဆဲဖြစ်ပါတယ်။

"တောင်းဆိုတဲ့အတိုင်း ဖြစ်လာမှာမဟုတ်ဘူးဆိုတာ ကျမ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောပြီးသားပဲ။” - လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း ပြောသွားတာပါ။

ဒီသီတင်းပတ် ဆန္ဒပြပွဲတွေအတွင်းမှာတော့ အမာခံ ဆန္ဒပြသူတွေဟာ အစိုးရအဆောက်အဦးတွေကို ဖျက်ဆီးတာ၊ တရုတ်ပြည်မကြီး အစိုးရ လိုလားတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို တိုက်ခိုက်တာတွေပါ ရှိလာခဲ့ပါတယ်။

တချို့ရပ်ကွက်တွေမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေက တိုက်ပွဲတခုလိုတောင် ဖြစ်လာပါတယ်။ နိုင်ငံတကာ အာရုံစိုက်မှု ရလာစေဖို့အတွက် ပိုမိုကြမ်းတမ်းတဲ့နည်းတွေသုံး လှုပ်ရှားလာပုံရတယ်လို့ လှုပ်ရှားတက်ကြွသူတဦးဖြစ်တဲ့ Edward Yiu က ပြောပါတယ်။

“အာဏာရှင်အစိုးရကို ဆန့်ကျင်တော်လှန်နေတဲ့ ဒီလိုမြို့ငယ်လေးတခုအတွက် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှု လိုပါတယ်။ ပြီးခဲ့တဲ့ လေးရက် ဆန္ဒပြမှုတွေကိုကြည့်ရင် ဆန္ဒပြသူတွေအနေနဲ့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုရဖို့အတွက် ခုထပ်ပိုပြီး ပြင်းပြင်းထန်ထန် တောင်းဆိုတာ လှုပ်ရှားတာတွေ လုပ်ရမယ်ဆိုတာမျိုး ယူဆလာပုံရှိပါတယ်။”

အကြမ်းဖက်ဆန္ဒပြမှုတွေ ရှိလာတဲ့တိုင်အောင် ဆန္ဒပြသူတွေအပေါ် လူထုရဲ့ အားပေးထောက်ခံမှု အားကောင်းနေဆဲပဲ ဆိုတာကို လူထုစစ်တမ်းတွေက ဖော်ပြနေပါတယ်။ ဒါပေမဲ့လည်း ဝေဖန်သူတွေလည်း ရှိပါတယ်။ ဟောင်ကောင် ရဲတပ်ဖွဲ့ ရာဇဝတ်မှု ထောက်လှမ်းရေးဗျူရို အကြီးအကဲဟောင်း Steve Vickers က ခုလို ဝေဖန်ပါတယ်။

“တောင်းဆိုချက် ၅ ချက်ကို လိုက်လျောမလား။ ဒါမှမဟုတ် ရထားဘူတာရုံတွေကို မီးရှို့ဖျက်ဆီးပစ်မယ် ဆိုတာမျိုး လုပ်တာကတော့ ကမ္ဘာ့ ဘယ်နေရာ ဘယ်ဒေသမှာပဲဖြစ်ဖြစ် သာသာယာယာ အဆုံးသတ်ကိုင်တွယ်နိုင်မယ့် အခြေအနေမျိုး မဟုတ်ပါဘူး။”

ဒါပေမဲ့ ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေက အလုပ်မဖြစ်တော့ဘူးလို့ ပြောနေသူတွေက အများအပြား ရှိနေတာပါ။ တရုတ် ကွန်မြူနစ်ပါတီက ဟောင်ကောင်အရေးမှာ ပိုပြီး စွက်ဖက်လာနေတာကို ဒီအတိုင်း အလျှော့ မပေးလိုက်ဖို့ ဆန္ဒပြသူအများအပြားက ဆုံးဖြတ်ထားကြပါတယ်။ ဟောင်ကောင်အစိုးရဘက်က လိုက်လျောမှု တစုံတရာမလုပ်ဘဲနေတာက အခြေအနေကို ပိုပြီး ဆိုးရွားစေတာဖြစ်တယ်လို့ ဥပဒေပြု လွှတ်တော် အမတ်ဟောင်းတဦးဖြစ်တဲ့ Emily Lau က ပြောပါတယ်။

“အားလုံးကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ကျမတို့ တိုက်တွန်းပါတယ်။ ဒါပေမဲ့ လက်ရှိ တင်းမာမှုအခြေအနေလျော့ကျဖို့ ဆိုတာ ဟောင်ကောင်အစိုးရက လိုက်လျောမှုတချို့ လုပ်ရပါလိမ့်မယ်။ ဆန္ဒပြသူတွေကို - ‘ကျနော်တို့ကတော့ ဘာမှလုပ်ပေးမှာမဟုတ်ဘူး။ ခင်ဗျားတို့ အိမ်ပြန်ကြ ဆိုတာမျိုး သွားပြောလို့မရပါဘူး။ ရူးနေလားရှင်…လက်ရှိဖြစ်နေတဲ့ အခြေအနေကိုလည်း ကြည့်ပါဦး။ သူတို့ဘက်က လိုက်လျော တုံ့ပြန်တာ ဘာမှမရှိပါဘူး။”

လောလောဆယ်မှာတော့ နှစ်ဘက်စလုံးမှာ အကြမ်းဖက်တာတွေ ပို ဆိုးလာနေပြီး ပြေလည်မယ့်ပုံလည်း မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်


................


(Unicode)















XS
SM
MD
LG