သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ ချေဖျက်နိုင်မယ့် စင်ကာပူပညာရှင်တွေရဲ့သုတေသန


အရှေ့တောင်အာရှရဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို သဘာဝအခြေခံနည်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် Superworm အင်းဆက်တွေရဲ့ အစောချေဖျက်မှုစနစ်ကို အများအပြားထုတ်လုပ်တာက အဖြေတခု ဖြစ်နိုင်တယ်လို့ စင်ကာပူ သိပ္ပံပညာရှင်တွေက ယူဆနေကြပါတယ်။ ဒီ အင်းဆက်တွေရဲ့ ပလတ်စတစ် စားသုံးမှုကို သူတို့က လေ့လာနေကြပါတယ်။ AP သတင်းဆောင်းပါးကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ဒီ ပိုးကောင်တွေဟာ ပလတ်စတစ်ညစ်ညမ်းမှုကို ဖြေရှင်းနိုင်တဲ့အဖြေ ဖြစ်လာနိုင်တယ်လို့ စင်ကာပူ Nanyang Technological တက္ကသိုလ် NTU က သိပ္ပံပညာရှင်တွေက မျှော်လင့်နေကြပါတယ်။ ဒီပိုးကောင်တွေဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို စားသုံးချေဖျက်နိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေ သိရှိထားပြီး ဖြစ်ပါတယ်။ အခုတော့ ဒီပိုးကောင်တွေရဲ့ သဘာဝချေဖျက်နိုင်စွမ်းက ကုန်ထုတ်လုပ်ငန်း အတိုင်းအတာမှာ ဘယ်လောက် ထိရောက်နိုင်လဲဆိုတာကို သူတို့က လေ့လာလိုနေတာ ဖြစ်ပါတယ်။ NTU က သုတေသန ပညာရှင် Liu Yinan က အခုလို ပြောပါတယ်။

“ရပ်ကွက်ထဲက အိမ်မွေးတိရိစ္ဆာန်ဆိုင်ကနေ Superworm ကို ဝယ်ခဲ့တာပါ။ Superworm တွေက ပလတ်စတစ်တွေစားပြီး ချေဖျက်နိုင်တယ်လို့ အများသိကြပါတယ်။”

သိပ္ပံအမည် Zophobas atratus လို့ ခေါ်တဲ့ ဒီ Superworm အင်းဆက်တွေရဲ့အစာအိမ်ထဲက ဘက်တီးရီးယားတွေဟာ ပလတ်စတစ်တွေကို ချေဖျက်နိုင်ပါတယ်။ ဒါပေမဲ့ ဒီ ပိုးကောင်တွေကို ပလတ်စတစ် ချေဖျက်မှုမှာ လက်တွေ့မသုံးသေးပါဘူး။ ဒီပိုးကောင်အများအပြားကို ထိန်းသိမ်းထားဖို့က ခက်ခဲပါတယ်။ ဒီပိုးတုံးလုံးကောင်လေးတွေက ပလတ်စတစ်ကိုစားသုံးရာကနေ တခြား ပလတ်စတစ်မဟုတ်တဲ့ အစာတွေကို စားသုံးတဲ့ပိုးကောင်တွေအဖြစ် အလျင်အမြန်အရွယ်ရောက် ကြီးထွားသွားတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်လည်း NTU က သဘာဝပတ်ဝန်းကျင် သိပ္ပံဆိုင်ရာ စင်ကာပူစင်တာက သိပ္ပံပညာရှင်တွေက ဒီ ပိုးတုံးလုံးကောင်တွေရဲ့ ပလတ်စတစ်ချေဖျက်မှုစနစ်ကို တုပထုတ်လုပ်နိုင်မယ့်နည်းလမ်းကို ရှာဖွေနေကြတာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင် Sakcham Bairoliya က အခုလို ပြောပါတယ်။

“ဒီပိုးတုံးလုံးကောင်တွေရဲ့ အစာချေဖျက်မှုစနစ်ထဲက အဏုဇီဝကိုထုတ်ယူပြီး သိပ္ပံခန်းသုံး ဖန်ပုလင်းထဲမှာ ပလတ်စတစ်တွေနဲ့အတူ ထည့်ပါတယ်။ နောက်ဆုံးတော့ သူတို့က တဖြည်းဖြည်း ကြီးထွားလာပြီး ချေဖျက်သွားပါတယ်။”

ရာနဲ့ချီတဲ့ ပိုးတုံးလုံးကောင်တွေကို အုပ်စု သုံးစုခွဲထားပါတယ်။ အုပ်စု ၂ ခုကိုတော့ ပလတ်စတစ်တွေ ကျွေးပါတယ်။ တခြားအုပ်စုကိုတော့ oatmeal ကို ကျွေးပါတယ်။ လေ့လာချက်ကို ဦးဆောင်တဲ့ တွဲဖက်ပါမောက္ခ Cao Bin က အခုလို ပြောပါတယ်။

“ကျနော်တို့ လေ့လာမှုဟာဆိုရင် ပင်လယ်ပြင်ဝန်းကျင်အတွင်း အဏုဇီဝရုပ်နဲ့ ပလတ်စတစ် အပြန်အလှန်တုံ့ပြန်မှုကို ဒေသတွင်းလေ့လာမှုတွေထဲက တခုဖြစ်ပါတယ်။ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို စီမံခန့်ခွဲနိုင်ရေး ဆန်းသစ်တဲ့ ဇီဝနည်းပညာတခုဖန်တီးနိုင်ဖို့ ရည်မှန်းဆောင်ရွက်တာပါ။”

အရှေ့တောင်အာရှဒေသတွင်းမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေအရေးက အဓိကပြဿနာတခု ဖြစ်ပါတယ်။ အာရှ-ပစိဖိတ်ဒေသတဝန်းက ပင်လယ်ပြင်တွေနဲ့ ရေချိုဂေဟစနစ်မှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်း ညစ်ညမ်းမှုတွေ ဖြစ်နေတာပါ။ သြစတြေးလျနိုင်ငံ Innsbruck တက္ကသိုလ်က ပါမောက္ခ Chris Rinke ကတော့ အရှေ့တောင်အာရှဒေသရဲ့ပလတ်စတစ် စွန့်ပစ္စည်းပြဿနာအတွက် ပြီးပြည့်စုံတဲ့ ဖြေရှင်းချက်တရပ်တော့မရှိဘူးလို့ ယူဆထားသူပါ။ Superworms ပိုးတုံးလုံးကောင်တွေက ဒီပြဿနာကို ဖြေရှင်းရေးအတွက် သဘာဝအခြေခံ ဖြေရှင်းနည်းတခု ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

“ ပလတ်စတစ် စွန့်ပစ်ပစ္စည်းပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် အရင်ဆုံးတော့ ပလတ်စတစ်အသုံးပြုမှုကို လျှော့ချရပါတယ်။ ဒီနောက်ကော်ဖီခွက်လိုပစ္စည်းတွေမှာ အကြိမ်ကြိမ်ပြန်သုံးနိုင်တဲ့ပစ္စည်းတွေကိုပြောင်းပြီး ထုတ်လုပ်ဖို့လိုအပ်ပါတယ်။ နောက် တတိယအချက်အနေနဲ့တော့ ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်မှုဖြစ်ပြီး ဒီမှာ Superworm တွေကို သုံးနိုင်ပါတယ်။ ပလတ်စတစ်တွေကို ပြန်လည် အသုံးပြု ချေဖျက်နိုင်ရေးအတွက် Superworms တွေ၊ သူတို့ရဲ့အဏုဇီဝ၊ သူတို့ရဲ့အင်ဇိုင်းတွေကို သဘာဝအတိုင်း အသုံးပြုနိုင်ပါတယ်။”

အခု သုတေသနရဲ့နောက်အဆင့်ကတော့ Superworms ပိုးတုံးလုံးတွေရဲ့အစာအိမ်ထဲက ပလတ်စတစ်ကိုချေဖျက်နိုင်တဲ့ အဏုဇီဝရုပ်ကို ဖန်တီးထုတ်လုပ်နိုင်မလားဆိုတာကို ဆန်းစစ်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG