သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဖားကန့်မြေစာပုံပြိုမှု သေဆုံးသူ ၁၅ဦးထိ တိုးလာ


ဖားကန့် မြေစာပုံပြိုကျတဲ့မြင်ကွင်း။ (ဇူလိုင် ၁၄၊ ၂၀၁၈၊ ဓာတ်ပုံ- ဇော်မိုးထက်)

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက် ကမ်းပါးနံရံပြိုကျမှုကြောင့် အနည်းဆုံး လူ၁၅ဦးသေဆုံးခဲ့ပြီး သေဆုံးသူတွေကို ဒီကနေ့ သဂြိုဟ်လိုက်ကြသလို ထိခိုက်ဒဏ်ရာရသူတွေကို လုံးခင်းဆေးရုံနဲ့ ဒဏ်ရာပြင်းထန်သူတွေကို မြစ်ကြီးနားဆေးရုံ အထိ ပို့ဆောင်ကုသပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လူရာနဲ့ချီသေဆုံးလေ့ရှိတဲ့ မြေပြိုကျမှုအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရလို့ ဖားကန့်ဒေသတွင်း အန္တရာယ်ရှိနိုင်တဲ့လုပ်ကွက်တွေကို ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီတွေကို လုံးဝလုပ်ခွင့်မပေးဖို့ အစိုးရ တာဝန်ရှိသူတွေဘက်က ပိတ်ပင်ကန့်သတ်လိုက်သင့်တယ်လို့လည်း ကချင်ပြည်နယ် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆောင်ရွက်နေသူ ဥပဒေပညာရှင်ကလည်း တိုက်တွန်းလိုက်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ဇူလိုင်လ ၁၄ရက်နေ့ မနေ့စနေနေ့ မွန်းလွဲ ၂နာရီလောက်က ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနီးက “ မဟာအစပထမ ကျောက်စိမ်းတူးဖော်ရေး” ကုမ္မဏီရဲ့ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးနံရံပြိုကျမှုဖြစ်ပွားခဲ့လို့ ရေမဆေးကျောက်ရှာဖွေနေသူ အမျိုးသမီးတဦးအပါအဝင်အနည်းဆုံးလူ၁၅ဦးသေဆုံးခဲ့သလို လူပေါင်း ၇၀ကျော်လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အပြင်းအထန်ထိခိုက် ဒဏ်ရာရသူတွေကို မြစ်ကြီးနားမြို့ဆေးရုံကို ပို့ဆောင်ကုသရာမှာတော့ လမ်းခုလပ်မှာတင် ၂ဦးသေဆုံးခဲ့သလို လုံးခင်းဆေးရုံမှာလည်း ဒဏ်ရာရသူတွေကို အရေးပေါ်ကုသပေးနေတယ်လို့ ဖားကန့်ဒေသခံသတင်းသမားကိုဇော်မိုးထက်က ပြောပြပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁၅ရက်နေ့ တနင်္ဂနွေနေ့မှာတော့ အလောင်းရှာဖွေတွေ့ရှိခဲ့တဲ့ သေဆုံးသူတွေကို သဂြိုဟ်လိုက်သလို လူပျောက်စာရင်းလာတိုင်သူတွေအပါအဝင် ပျောက်ဆုံးနေသူတွေကို လိုက်လံရှာဖွေနေဆဲအနေအထား ဖြစ်တယ်လို့ ကိုဇော်မိုးထက်က အခုလိုရှင်းပြပါတယ်။

“ မနေ့ကတုန်းက အမျိုးသမီးလောင်း ၁ လောင်းနဲ့ အမျိုးသားလောင်း ၁၅ လောင်းရတယ်ပေါ့နော် ။ ဒီနေ့အဲဒါ သဂြိုဟ်တယ်။ ပြီးရင် ရှာဖွေရေးတွေဆက်လုပ်ဖို့အတွက် မိုးရွာတဲ့အခါကျတော့ ရှာဖွေရေးတော့မလုပ်နိုင်ဘူး။ မနေ့ကတုန်းက လူနာကတော့ ၇၀ လောက်ရှိတယ်ပေါ့နော် သေးသေးကြီးကြီးပေါ့နော်။ မြစ်ကြီးနားကို ၁၈ ယောက် ပို့တာ လမ်းမှာ ၂ ယောက်ဆုံးသွားတယ်၊ နောက်ပြီးတော့ ကျေးရွာကနေ လူပျောက်လာတိုင်တာက ၇ ယောက်ရှိတယ်။ ၁၅ ယောက်ရယ် ၊ လူပျောက်တိုင်တာ၇ ယောက်ရယ်ဆိုတော့ အားလုံး ၂၂ ယောက် ၊ မြစ်ကြီးနားကိုဆေးကုဖို့သွားတာ ၂ ယောက်သေတယ်ဆိုတော့ အားလုံးပေါင်း ၂၄ ယောက် ရှိသွားပြီပေါ့နော်။ သူတို့ မျက်မြင်တွေ့တဲ့လူတွေပြောတာကတော့ ၅၀ နဲ့ ၁၀၀ ကြားတောင်ရှိနိုင်တယ်လို့ ပြောတာပေါ့နော်။ မျက်မြင်လွတ်မြောက်လာတဲ့လူတွေပြောတာ။ နောက်ပြီးတော့ ကျနော်တို့ ဘယ်လိုခန့်မှန်းလို့ရသလဲဆိုတော့ မပြိုခင်တုန်းက ရိုက်ထားတာအနေအထားတွေနဲ့ နဲ့ ပြိုပြီးတော့ ဖြစ်လာတဲ့အနေအထားတွေကို ခန့်မှန်းကြည့်ရတာပေါ့နော်။ အဲဒီမှာလူက ကမ်းပါးရံကြီးတခုလုံးမှာ တူနေကြတာကို။ အဲဒီလိုမျိုးဆိုတော့ ကျနော်တို့က တိတိကျကျတော့ ပြောဖို့ခက်တယ်။ ဒဏ်ရာရတာ ၇၀ လောက်ရှိတယ် သေနဲ့ပေါင်းရင် ၁၀၀ လောက်တော့ ရှိမယ်ဗျ။"

အခုလို အန္တရာယ်ကြီးမားလှတဲ့ ဖားကန့်ဒေသက လုပ်ငန်းခွင်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေဘက်က အန္တရာယ်ရှိတဲ့လုပ်ကွက်တွေကို လုံးဝပိတ်သိမ်းပစ်ဖို့ လိုနေပြီလို့ ကချင်ပြည်နယ် တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရဲ့တာဝန်ခံလည်းဖြစ် ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးလည်းဖြစ်ခဲ့ဖူးတဲ့ ဒေါ်ဒွဲဘူက တိုက်တွန်းလိုက်ပါတယ်။

"ဒီဖားကန့်ကိုတော့ ခဏရှောင်ရှားထားရင်တော့ ကောင်းမယ်လို့မြင်တယ်။ အရေးကြီးဆုံးကတော့ အစိုးရကနေ ဒီနေရာတွေကို အန္တရာယ်ဖြစ်တဲ့ ကိစ္စရပ်တွေမလုပ်ဖို့အတွက် ကန့်သတ်လိုက်ဖို့ မြင်တယ်။ အဲဒါကတော့ လူထုကို ကန့်သတ်ဖို့မဟုတ်ဘူး ကုမ္ပဏီကြီး တွေကို ကန့်သတ်လိုက်ရမယ်။ ကုမ္ပဏီကြီး တွေကို ကန့်သတ်လိုက်မှ ကျန်တဲ့ ကဏ္ဍတွေကိုဆောင်ရွက်နိုင်မှာဖြစ်တယ်။ ကုမ္ပဏီကြီး တွေက တူးနေသရွေ့တော့ ဒီလိုမျိုးကတော့ ရှိနေဦးမှာပဲ။ ကျမတို့ကချင်ပြည်နယ်ကိုလည်း အမိန့်ကြေညာစာတွေ ဒီနေရာမှာ ကန့်သတ်ချက်တွေလုပ်ရမယ်။ ပြီးရင် ဒီနေရာမှာ အန္တရာယ်ရှိတဲ့ တူးဖော်မှုတွေ အကုန်လုံးရပ်လိုက်ရမယ်။ ဒါက ဥပဒေမထွက်သေးရင်တောင် ကျမတို့ အမိန့်ကြေညာချက်တွေနဲ့ လုပ်လို့ရတယ်။ ပြီးရင် ဒီလိုမျိုးမဖြစ်အောင် ကာကွယ်ဖို့ကအကောင်းဆုံးပါပဲ။ ခက်တာက ကျမတို့က အလုပ်အကိုင်လည်းမရှာဖွေပေးနိုင်တဲ့အခါကျတော့ ဘယ်လိုအစီအမံမျိုးတွေနဲ့ ကျမတို့ အလုပ်အကိုင်တွေ လုပ်ပေးနိုင်မယ်ဆိုတဲ့ အကြောင်းအရာတွေ ရှိနေတယ် ။ အဲဒါကလည်း ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတယ်။ ကျမတို့ဆီမှာကလည်း ဒီရေမဆေးရှာတာကလွဲလို့ တခြားမှာလည်း ကျမတို့က ဘာမှ မငြိမ်းချမ်းနေတဲ့အခါကျတော့ အလုပ်အကိုင်အခွင့်အလမ်းတွေကမရှိဘူး။ အဲလိုမျိုး ပြဿနာတွေကျတော့ နောက်ဆက်တွဲတွေ အများကြီးရှိတာပေါ့နော်။"

အခုလို ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမြေမှာ လုပ်ငန်းခွင်တွင်း အသက်ထိခိုက်ဆုံးရှုံးမှုဖြစ်ရတာ သဘာဝပတ်ဝန်းကျင်ပျက်စီးရတာနဲ့ သံယံဇာတတွေကို စိတ်တိုင်းကျ ထင်သလို တူးဖော်လုပ်ကိုင်နေတာတွေဟာ ခိုင်မာတဲ့ ဥပဒေပြဋ္ဌာန်းမှုတွေမရှိခဲ့တာကြောင့်ဖြစ်တယ်ဆိုပြီးလည်း ဥပဒေပညာရှင်တဦးဖြစ်တဲ့ ရှေ့နေဒေါ်ဒွဲဘူက သုံးသပ်ပါတယ်။

"ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ အစိုးရဘက်ကပေါ့နော် ဒါတွေကို ဥပဒေပြုပေးဖို့လိုတယ်။အစိုးရပိုင်းနဲ့ လွှတ်တော်ပိုင်းပေါနော့်။ သတ္တုကျောက်မျက်ဥပဒေပြင်နေတာ လွှတ်တော်မှာ အရမ်းကြာနေတယ်။ စစ်အစိုးရလက်ထက်က ဥပဒေအဟောင်းနဲ့ပဲဆိုတဲ့အခါကျတော့ ဒီကုမ္မဏီ ကြီးတွေက နေ့ရော ၊ ညရော သူတို့နောက်ဥပဒေတွေ ထွက်လာရင် သူတို့အတွက် အခွင့်အလမ်းမရှိတော့မှာ စိုးတဲ့အခါကျတော့ နေ့ရောညရော တူးနေတဲ့အခါကျတော့ အခုလိုပြဿနာတွေဖြစ်တာ။ ဒီရေမဆေးသမားတွေအတွက်၊ အသေးစားတူးတဲ့လူတွေအတွက် ဘာမှအခွင့်အလမ်းမရှိတဲ့အခါကျတော့ ဒီကနေ့ ဒီလိုအဖြစ်မျိုးတွေဖြစ်တာ ၊ ဒါတွေကာကွယ်နိုင်တဲ့ ဥပဒေတွေလည်းမရှိဘူး ၊ မရှိတဲ့အခါကျတော့ ကျမတို့ အစီအမံတွေလည်းမလုပ်နိုင်ဘူး။ ဒီလိုကိစ္စတွေက အခုဖြစ်တာမကဘူး ယခင်ကလည်းဖြစ်တယ်၊ အခုလည်း ဆိုးဆိုးရွားရွားဖြစ်တယ်။ နောင်လည်းဥပဒေမရှိရင်တော့ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ဖြစ်နေဦးမှာပါပဲ။"

ကချင်ပြည်နယ်ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းခွင်တွေက ထွက်လာတဲ့ စွန့်ပစ်မြေစာပုံတွေထဲမှာ ရေမဆေးကျောက်တွေကို နိုင်ငံတဝှမ်းက လူအများအပြား လာရောက်အခြေချကြပြီး စွန့်ပစ်ကျောက်တွေကို ရှာဖွေနေကြချိန် ရာသီဥတုဒဏ်၊ ကျောက်တူးစက်ကြီးတွေနဲ့ တူးဖော်နေလို့ တုန်ခါမှုတွေနဲ့ မြေစာပုံတွေ မြေကမ်းပါးရံတွေမကြာခဏ ပြိုကျလို့ လူရာချီနဲ့သေဆုံးရတာရှိသလို လူအများအပြား မြေပိပြီး ပျောက်ဆုံးသွားရတာတွေလည်းရှိနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG