မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံသား အများအပြားပါဝင်တဲ့ ထိုင်းနိုင်ငံက ငါးဖမ်းလုပ်သားတွေ ရင်ဆိုင်နေရတဲ့ အဓမ္မခိုင်းစေမှုတွေ အဆုံးသတ်ဖို့ ထိုင်းအစိုးရအနေနဲ့ လုံလုံလောက်လောက် ကိုင်တွယ်တာမျိုး မရှိသေးဘူးလို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောလိုက်ပါတယ်။
ငါးဖမ်းလုပ်သားတွေဟာ လုပ်အားခ အချိန်မီ မရသလို ရတဲ့လစာဟာလည်း နည်းလွန်းပြီး အလုပ်တခုကနေ တခုကိုပြောင်းဖို့ဟာလည်း မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ထိုင်း အလုပ်သမား ဥပဒေအရလည်း အကာအကွယ် မရရှိသလို အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်လည်း မရှိဘူးလို့ HRW ရဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒီအကြောင်း ဆက်သွယ်မြေးမြန်းထားတဲ့ ကိုအောင်အောင်က တင်ပြထားပါတယ်။
ထိုင်းနိုင်ငံက ရေလုပ်ငန်းခွင်အတွင်း အတင်းအဓမ္မ စေခိုင်းမှုတွေနဲ့ တရားဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ခြင်း မရှိတာတွေကြောင့် ဥရောပက ထိုင်းနိုင်ငံအပေါ် သတိပေးချက် ထုတ်ပြန်ထားသလို အမေရိကန်ပြည်ထောင်စုကလည်းလူကုန်ကူးမှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်ခံနိုင်ငံ Tier 2 အဆင့်မှာ ထည့်သွင်းထားတာပါ။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံ၊ ရေလုပ်ငန်းခွင်အတွင်းက အခြေအနေဟာ ဆိုးရွားနေဆဲပဲလို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ထိုင်းအစိုးရအရာရှိတွေ၊ လူမှုအသင်းအဖွဲ့တွေ၊ လုပ်ငန်းရှင်တွေ၊ လုပ်ငန်းခွင်အတွင်း ကြီးကြပ်သူတွေအပါအဝင် မြန်မာနဲ့ ကမ္ဘောာဒီယားနိုင်ငံသား အများစုပါဝင်တဲ့ ရေလုပ်သားနဲ့ ရေလုပ်သားဟောင်း၂၄၈ ဦးတို့ကို တွေ့ဆုံမေးမြန်းပြီး ငါးဖမ်းလုပ်ငန်းခွင်အတွင်းက အခြေအနေတွေကို မေးမြန်ခဲ့တာလို့ HRW အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ Brad Adams က အခုလိုပြောပါတယ်။
“ အလုပ်သမားအများစုဟာ တရက်ကို ၁၆ နာရီ ၁၇ နာရီလောက် အလုပ်လုပ်ရပြီး တပတ်လုံး လုပ်ရပါတယ်။ ဒါပေမယ့်လည်း လုပ်အားခမရတာရှိသလို ရလျင်လည်း မဖြစ်စလောက်ပါ။ အဓမ္မ စေခိုင်းမှုတွေ ရှိသလို ငါးဖမ်းစက်လှေ ကပ်ပတိန်နဲ့ တခြားအဖွဲ့သားတွေရဲ့ ရိုက်နှက်တာကိုလည်း ခံရပါတယ်။ သူတို့ရဲ့ သက်သေခံကဒ်တွေကိုလည်း သိမ်းထားတော့ အလုပ်ကထွက်မယ်ဆိုရင်လည်း မလွယ်ပါဘူး။”
၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ထိုင်းနိုင်ငံရဲ့ အဓိကငါးဖမ်းလှေတွေ ဆိုက်ကပ်ရာ ဆိပ်ကမ်းတိုင်းက တယောက်စီကို မေးမြန်းထားတာလို့လည်း Phasuk က ပြောပါတယ်။ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ရေလုပ်ငန်းခွင်က နှိပ်စက် စေခိုင်းမှုတွေအကြောင်း သတင်းမီဒီယာတွေမှာဖေါ်ပြအပြီး နိုင်ငံတကာက တင်းတင်းကြပ်ကြပ် စောင့်ကြည့် အရေးယူတာကြောင့် ထိုင်းအစိုးရဟာ နိုင်ငံတကာက လက်ခံနိုင်အောင် အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့ပါတယ်။
ငါးဖမ်းစက်လှေပေါ်က နှိပ်စက်ညှဉ်းပမ်းမှုတွေ၊ သတ်ဖြတ်မှုတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့သလို ငါးဖမ်းစက်လှေနဲ့ ရွှေ့ပြောင်း ရေလုပ်သား ဘယ်နှစ်ဦး ပါသွားတယ် ပြန်ရောက်လာတယ် ဆိုတာတွေကိုပါ တိတိကျကျ စားရင်းမှတ်သားခဲ့ပြီး အာဏာပိုင်တွေဟာ အခါအားလျော်စွာ ပင်လယ်ပြင်ကို ထွက်ပြီး စစ်ဆေးလေ့လည်း ရှိပါတယ်။ ဒါပေမယ့်လည်းပဲ အဲဒီလိုစစ်ဆေးတဲ့အခါမှာ အာဏာပိုင်တွေဟာ လုပ်ငန်းရှင်တွေ လုပ်ငန်းကြီးကြပ်သူတွေကိုပဲ မေးမြန်းလေ့ရှိပြီး ရွှေ့ပြောင်း ငါးဖမ်းလုပ်သားတွေကိုတော့ ရံဖန်ရံခါမှသာ မေးမြန်းလေ့ရှိတယ်လို့ဆိုပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ ကိုင်ဆောင်ရတဲ့ ပန်းရောင်ကဒ်ဟာဆိုရင်လည်း အလုပ်ရှင်တွေအတွက်သာ ပိုအသာစီးရစေတယ်လို့ Adams က ပြောပါတယ်။
“ ရွှေ့ပြောင်းလုပ်သားတွေ သူတို့မကြိုက်တဲ့အလုပ်က ထွက်ချင်တယ်ဆိုရင်လည်း ထွက်ဖို့မလွယ်ပါဘူး။ ရွှေပြောင်းလုပ်သားတွေအတွက် ထုတ်ပေးထားတဲ့ ပန်းရောင်ကဒ်နဲ့ လုပ်ငန်းရှင်တဦးထဲစီမှာပဲ အလုပ်လုပ်နိုင်ပြီး ကိုယ်က ဒီမှာ မကြိုက်လို့ တခြားသွားမယ်ဆိုရင်လည်း သွားခွင့်မရှိပါဘူး။ ဆိုတော့ အလုပ်ရှင်က အလုပ်သမားတွေအပေါ်ကို ထိန်းချုပ်နိုင်ပြီး သူတို့နဲ့ အလုပ်မလုပ်ချင်ဘူးဆိုရင် အဲဒီအလုပ်သမားဟာ သူ့နိုင်ငံ ပြန်ရုံပဲရှိပါတယ်။ ”
ဒါ့အပြင် ထိုင်းနိုင်ငံအလုပ်သမားဥပဒေအရ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အလုပ်သမား အခွင့်အရေးတောင်းဆိုဖို့ ခက်ခဲကြောင်းနဲ့ လုပ်ငန်းခွင်အတွင်းက မတရားမှုတွေကို ပြောဆိုရာမှာလည်း လုပ်ငန်းကြီးကြပ်သူတွေရဲ့ ဘေးရန်ကို စိုးရိမ်ရကြောင်း HRW က ထောက်ပြထားပါတယ်။ ၁၉၇၅ ခုနှစ် အလုပ်သမား ဥပဒေအရ ထိုင်းနိုင်ငံသားမဟုတ်သူတွေအနေနဲ့ အလုပ်သမား သမဂ္ဂဖွဲ့စည်းခွင့်ကိုလည်း တားမြစ်ထားတဲ့အကြောင်း HRW က ပြောကြားပါတယ်။ ထိုင်းအစိုးရအနေနဲ့ ဒီလိုအခြေအနေကို အဆုံးသတ်ဖို့အတွက် HRW ဘက်က အခုလို အကြံပေးထားတဲ့အကြောင်း Brad Adams က ပြောပါတယ်။
“ ထိုင်းအစိုးရက ဥပဒေတွေ အများကြီး ထပ်ပြဌားန်ပေမယ့် ဒါတွေဟာ ရွှေ့ပြောင်းလုပ်သားတွေအပေါ် သက်ရောက်မှုမရှိပါဘူး။စာရွက်ပေါ်မှာတော့ ကြည့်လို့ကောင်းပေမယ့် အဓမ္မခိုင်းစေမှုတွေကိုတော့ မတားဆီးနိုင်ပါဘူး။ မတရားခိုင်းစေတဲ့ လုပ်ငန်းရှင်တွေစီကနေ အကာကွယ်မပေးနိုင်သလို တန်းတူလုပ်အားခလည်း မရပါဘူး။ ဆိုတော့ စာရွက်ပေါ်မှာတင်မဟုတ်ဘဲ လက်တွေ့ကျကျ အကောင်အထည်ဖေါ်ဖို့ တိုက်တွန်းချင်ပါတယ်။”
ထိုင်းနိုင်ငံ ရေထွက်ပစ္စည်းတွေကို ဝယ်ယူဖြန့်ချီနေတဲ့ နိုင်ငံတကာ လုပ်ငန်းရှင်တွေ အနေနဲ့လည်း ထိုင်းလုပ်ငန်းရှင်တွေ ရွှေ့ပြောင်းရေလုပ်သားတွေစီက ခေါင်းပုံဖြတ်ငွေကြေးကောက်ခံတာတွေ ရပ်ဆိုင်းအောင် ကြီးကြပ်တာတွေ၊ အဲဒီလုပ်သားတွေရဲ့ အခွင့်အရေးအတွက် နိုင်ငံတကာ လူမှုအသင်းအဖွဲ့တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ကိုလည်း HRW က တိုက်တွန်းထားပါတယ်။