သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယန်ဟီးလီအပေါ် မြန်မာအစိုးရသဘောထား လူ့အခွင့်အရေးအဖွဲ့ ဝေဖန်


မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ Yanghee Lee
မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ Yanghee Lee

ရှေ့သီတင်းပတ်အတွင်း လာရောက်မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ သတိပေး ထုတ်ပြန်ချက်ဟာ ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ နယူးရောက် အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ကြီးက ဝေဖန်ပြောဆိုလိုက်ပါတယ်။

မြန်မာအစိုးရက သူတို့ ဝင်ခွင့်ပြုမထားတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်တာဝန်နဲ့ ပတ်သက်မှုမရှိစေဖို့ ယန်ဟီလီကို ကြိုတင်သတိပေးထားကြောင်း ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

အဲဒီကြေညာချက်မှာ- ဇူလိုင် ၁၀ ရက်ကနေ ၂၁ ရက်နေ့ထိ ကြာမြင့်မယ့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ယန်ဟီလီအနေနဲ့ သူရဲ့တာဝန်တွေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့နဲ့ လုပ်ငန်းပိုင်းအရ ရောယှက်မှု မရှိစေဖို့ မြန်မာအစိုးရက သတိပေးထားဖြစ်ပါတယ်။

ဒါကိုကြည့်ရင် ကုလသမဂ္ဂအပေါ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရ ကိုင်တွယ်ပုံဟာ အရင် စစ်အစိုးရတွေလက်ထက်ကအတိုင်းပဲဖြစ်နေပြီး အလွန်စိတ်ပျက် စရာကောင်းကြောင်း HRW အာရှရေးရာတာဝန်ခံ Brad Adams က ပြောပါတယ်။

အခုလိုမျိုး ကြေညာချက်ထုတ်ပြန်တာဟာ အစိုးရအတွက် မိုက်မဲတဲ့လုပ်ရပ်ဖြစ်ပြီး စိတ်ပျက် စရာလဲကောင်းပါတယ်။ Yanghee Lee ရဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က အခြေအနေတွေ ပါဝင်မှာဖြစ်ပါတယ်။ သူ့ကို လူ့အခွင့်အရေးကောင်စီက တာဝန်ပေး ထားတဲ့အတိုင်း ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေကို မဖြစ်မနေ ထည့်သွင်း ဖေါ်ပြ ရမှာဖြစ်ပါတယ်။ အဲဒီက သတင်းအချက်အလက်တွေကို ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ကလည်း ဖတ်ရှုပြီး သူတို့ အစီရင်ခံစာအတွက် ယူသုံးမှာဖြစ်ပါတယ်။ ဒီတော့ အစိုးရကြေညာချက်ဟာ ဘာအဓိပ္ပါယ်မှ မရှိပဲ သူတို့ရဲ့ လျစ်လျူရှုမှုနဲ့ သိက္ခာမဲ့မှုကို ဖေါ်ပြနေပါတယ်။

ဒါအပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီရဲ့ လုပ်ပိုင်ခွင့်မှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိူးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိနေတဲ့ နေရာအားလုံးကို သွားရောက် စုံစမ်းကြည့်ရှုခွင့်ရှိတယ်လို့ Brad Adams ကပြောပါတယ်။

တဖက်မှာတော့ မြန်မာအစိုးရဟာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi ကို ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက ရခိုင်ပြည်နယ်ကို သွားရောက် ကြည့်ရှုခွင့်ပြုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ Brad Adams ရဲ့ အမြင်ကတော့ -

အခုလို ကုလသမဂ္ဂမဟာမင်းကြီးကို လာခွင့်ပြုတာဟာ ကောင်းတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရဟာ မဟာမင်းကြီးရဲ့ အဆိုပြုတင်ပြချက်တွေကို မသိကျိုးကျွန်ပြုထားပါတယ်။ သူရဲ့ အဆိုပြုချက်ထဲမှာ နိုင်ငံသားဖြစ်ခွင့် ကိစ္စပါပါတယ်။ ရခိုင်ပြည်တွင်းက ထိန်းသိမ်းရေးစခန်းတွေလို ပြောနိုင်တဲ့ ဒုက္ခသည်စခန်းတွေနဲ့ ပတ်သက်တဲ့အခြေအနေတွေကို UNHCR အပါအဝင် အခြား UN အေဂျင်စီတွေနဲ့ နိုင်ငံတကာအစိုးရတွေဟာ နှစ်ပေါင်းများစွာကတည်းက သိလာခဲ့ကြတာဖြစ်ပါတယ်။ မကြာသေးခင်ကပဲ စခန်းထဲကနေ အပြင်ကို ထွက်လာတဲ့ ရိုဟင်ဂျာတချို့ အကြမ်းဖက် တိုက်ခိုက်ခံရပြီး တယောက် အသတ်ခံခဲ့ရတဲ့ဖြစ်ရပ်ကို သူတို့တွေ့မြင်ခဲ့ကြပါတယ်။

၂၀၁၂ခုနှစ်နဲ့ ၂၀၁၆ခုနှစ်တွေမှာ အကြမ်းဖက်ကျူးလွန်ခဲ့သူတွေကို အခုချိန်ထိ အစိုးရဟာ အပြစ်ပေးအရေးယူတာမျိုး မပြုလုပ်ပဲ အကြမ်းဖက်ခံရတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကိုပဲ သူတို့နေရပ်ရင်းတွေကနေ အတင်းအဓမ္မ ဒုက္ခသည် စခန်းတွေထဲ ပို့ဆောင်ပြီး ထိန်းသိမ်းထားတာဖြစ်ကြောင်း Brad Adams ကပြောပါတယ်။ ဒီအခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည် အစိုးရက ပြောင်းလဲပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

၆ ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်တွင်း ယန်ဟီလီဟာ ရခိုင်၊ ရှမ်းနဲ့ ကရင် ပြည်နယ်တွေကို ၁၂ ရက်ကြာသွားရောက် စုံစမ်းကြည့်ရှုမှာဖြစ်ပါတယ်။ ခရီးစဉ်နဲ့ ပတ်သက်လို့ ယန်ဟီလီရဲ့ သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံရဲ့ နေရာအတော်များများမှာ လုံခြုံရေးတိုးမြှင့်ချထားကြောင်း သိရပြီး ဒါဟာ လူ့အခွင့်အရေးအခြေအနေအတွက် အထူးစိုးရိမ်စရာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နောက်ဆုံးခရီးစဉ်အတွင်း ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာအစိုးရက လုံခြုံရေးအခြေအနေကြောင့် သူ့ကို ကန့်သတ်ခဲ့တဲ့အတွက် အခုတကြိမ်မှာတော့ အစိုးရဘက်က ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း ယန်ဟီလီက ဆိုပါတယ်။ ဒါအပြင် အခုတခေါက်မှာ စီးပွားရေးလုပ်ငန်း စက်မှုလက်မှုဇုံတွေနဲ့ပတ်သက်ပြီး ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ အခြား နေရာဒေသတွေကိုလည်း ယန်ဟီလီက သွားရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။

အခုခရီးစဉ်က တွေ့ရှိချက်တွေကို အောက်တိုဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ယန်ဟီလီက အစီရင်ခံတင်ပြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG