သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို တိုင်းပြည်တွင်းက မောင်းထုတ်နေဟု ကုလကိုယ်စားလှယ် ယူဆ


ဘင်္ဂလားဒေ့်ဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်များ
ဘင်္ဂလားဒေ့်ဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်များ

မြန်မာနိုင်ငံ ရခိုင်ဒေသမှာ နေထိုင်တဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ ကို နိုင်ငံတွင်း က မောင်းထုတ်ဖို့ မြန်မာအစိုးရက လုပ်နေတယ်လို့ ယူဆတဲ့အကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms. Yanghee Lee က ပြောသွားပါတယ်။ လူမျိုးရေးပဋိပက္ခတွေရှိတဲ့ ရခိုင်ပြည်နယ်မှာ အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သတ်လို့ COI စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့ဖို့ Ms. Yanghee Lee က လူ့အခွင့်အရေး ကောင်စီကို တင်ပြသွားပါတယ်။ မအေးသန္တာကျော် ဆက်ပြောပြပေးပါရှင်။

Switzerland နိုင်ငံ၊ ဂျနီဗာမြို့မှာမနေ့က ကျင်းပသွားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၃၄ ကြိမ်မြောက် နှစ်ပတ်လည် စည်းဝေးပွဲမှာမြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြစဉ်မှာ Ms. Yanghee Lee က သူစုံစမ်းသိရှိထားတဲ့ ရခိုင်ပြည်နယ်က အခြေအနေကို တင်ပြသွားတာပါ။ ရခိုင်ပြည်နယ်မှာနေထိုင်နေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ကို နိုင်ငံအတွင်း က နှင်ထုတ်ဖို့ အတွက် မြန်မာအစိုးရက လုပ်ဆောင်နေတယ်လို့ သူယူဆပုံကို အခုလိုပြောပါတယ်။

“မြန်မာအစိုးရက အိမ်ထောင်စုစာရင်း စနစ်ကိုသုံးပြီး အဲဒီ အိမ်ထောင်စု စာရင်းထဲ မပါသူတွေကို ဖယ်ထုတ်ခြင်းအားဖြင့် ရိုဟင်ဂျာတွေကို နှင်ထုတ်ဖို့ လုပ်ကောင်း လုပ်နေနိုင်ပါတယ်။”

Ms. Yanghee Lee ကရိုဟင်ဂျာမွတ်စလင်တွေအပေါ်မှာ အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို စုံစမ်းစစ်ဆေးရေးလုပ်ဖို့အပိုင်းမှာ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှု မရှိဘူးလို့ ပြောပြီးတော့ ဒီအခြေအနေမှာ စိတ်ပျက်နေတာပါ။ ဒီအတွက် နိုင်ငံတကာအသိအမှတ်ပြု စုံစမ်းရေးတွေ လုပ်ဆောင်ဖို့က မြန်မာအတွက် အထူးအရေးကြီးပါတယ်လို့ Ms. Yanghee Lee က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တနင်္လာနေ့က တင်ပြသွားပါတယ်။

“လူတွေ အစုလိုက်အပြုံလိုက်သတ်ပြီး မြုပ်ထားတာတွေ တွေ့တယ်ဆိုတဲ့ သတင်းတွေ ကြားနေရပါတယ်။ ကျွန်မ ဒီကနေ့ အစီရင်ခံရင်း ပြောသွားသလို မြန်မာအစိုးရအနေနဲ့ ကျွန်မလိုလူမျိုးတွေ ဒါမှမဟုတ် စုံစမ်းရေးအဖွဲ့ တဖွဲ့ကို အဲဒီဒေသကို ဝင်ထွက် ခွင့်ပေးမယ်ဆိုရင် လုပ်ဆောင်ဖို့လိုအပ်သမျှ လုပ်လိုက်ပြီးတဲ့ အနေအထား ဖြစ်ပါတယ်။ အခုထွက်ပေါ်နေတဲ့ စွပ်စွဲချက်တွေဟာ အပိုချဲ့ကားစွပ်စွဲချက်တွေ ဟုတ်မဟုတ်ဆိုတာ ကျွန်မကိုယ်တိုင်လည်း သိချင်ပါတယ်။ မြန်မာနိုင်ငံသားတွေနဲ့ အစိုးရကလည်း ဒါဟုတ်မဟုတ် သိဖို့လိုပါတယ်။ ဒီလိုမှ ရှင်းရှင်းလင်းလင်း မသိရဘူးဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံတခုအဖြစ် အသွင်ကူးပြောင်းရေးမှာ အဟန့်အတား ဖြစ်စေပါလိမ့်မယ်။”

ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ ရဲတပ်ဖွဲ့ဝင်၉ ဦးသတ်ဖြတ်ခံရပြီးတဲ့နောက် ၊ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးတွေ စတင်လုပ်ဆောင် တဲ့နေရာမှာ ရိုဟင်ဂျာတွေပေါ်မှာ လူအခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဝါရှင်တန်အခြေစိုက် Carnegie Endowment for International Peace အဖွဲ့ရဲ့ အကြီးတန်းအရာရှိတဦးဖြစ်သူ Vikram Nehru က အခုလိုသုံးသပ်ပါတယ်။

“COI (Commission of Inquiry) စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့က လုံး၀ လိုအပ်ပေမယ့် ဒီကိစ္စအကောင်အထည်ဖော်ဖို့က ခက်ခဲပါလိမ့်မယ် ။ မြန်မာ့လုံခြုံရေး တပ်ဖွဲ့တွေ က ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို နောက် ဒီအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းကို ဘယ်သူ့ကိုမှ ဒီနယ်မြေကို ဝင်ရောက်ခွင့်ပေးပြီးတော့ အခြေအနေမှန်ကို သိရှိခွင့် မပေးပါဘူး။ ကုလသမဂ္ဂကလည်း ဝင်ခွင့်ရမှာ မဟုတ်ပါဘူး။”

ဒီလိုအနေအထားတွေရှိလို့ မြန်မာနိုင်ငံပေါ်မှာဖယ်ရှားထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အနောက်နိုင်ငံ ကြီးတွေက ပြန်ပြီးတော့လုပ်နိုင်ခြေရှိပါသလား။ Mr. Nehru က အခုလို သုံးသပ်ပါတယ်။

“ဒီရခိုင်ဒေသမှာဖြစ်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် နှိမ်နင်း လုပ်ဆောင်မှုတွေကြောင့် နိုင်ငံတကာအနေနဲ့လည်း ပြန်စဉ်းစားစရာ ဖြစ်စေတာက မြန်မာအစိုးရအတွက် အလားအလာမကောင်းပါဘူး။ ဒီမိုကရေစီလမ်းကြောင်းမှာ လျှောက်လှမ်းနေရတဲ့မြန်မာနိုင်ငံအတွက် ထိုက်သင့်လိုအပ်တဲ့အကူအညီရရှိရေးအတွက် နိုင်ငံတကာကပဲ ပေးနေတာပါ။ ဒါပေမယ့် ဒီလိုမျိုးဖြစ်ရပ်တွေဖြစ်နေတော့ နိုင်ငံတကာကို တုံ့ဆိုင်းသွားစေပါတယ်။ အတိမ်းအစောင်းမခံနိုင်တဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးလုပ်ငန်းကို ထိခိုက်စေပါတယ်။”

Mr. Nehru က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရနဲ့ ပြီးတော့ လွှတ်တော်မှာ အမတ် ၄ ပုံ ၁ ပုံနေရာယူထားနိုင်တဲ့ စစ်တပ်ကြားမှာ တဲတဲကလေး တည်ဆောက်ထားနိုင်တဲ့ ဆက်ဆံရေးအပေါ်မှာ ဒါကအများကြီးမူတည်နေပါတယ်လို့ ပြောပါတယ်။

စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အစိုးရက ဦးစီးလုပ်ဆောင်နေပြီးတော့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာတွေက စစ်တပ်ရဲ့ချုပ်ကိုင်မှု အောက်မှာ ရှိနေတယ်လို့ ပြောပါတယ်။ သဘောကတော့ မြန်မာအစိုးရအနေနဲ့ စစ်တပ်ကို မတားဆီးနိုင်ပဲ ဒီအချက်ကိုလည်း နိုင်ငံတကာက ထည့်သွင်းစဉ်းစားဖို့ လိုတာပါ။ စစ်တပ်က ဆက်ပြီးတော့ ရိုဟင်ဂျာအသိုင်းအဝိုင်းကို နှိပ်ကွပ် မှုတွေလုပ်သွားမယ်ဆိုရင်တော့ ပြည်ပက အထောက်အပံ့ပြုတဲ့ စစ်သွေးကြွတွေ ပေါ်ထွက်များပြားလာစေမယ်လို့ သူက သုံးသပ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG