သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး နိုင်ငံတကာစုံစမ်းရေးလုပ်ဖို့ မြန်မာ လက်မခံ


ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ

ရခိုင်အရေးကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်တရပ်ဖွဲ့ဖို့ အဆိုပြုချက်တွေကို မြန်မာအစိုးရက ပယ်ချလိုက်ပြီး၊ အင်မတန်ရှုပ်ထွေးတဲ့ ရခိုင်ပြည်နယ်အခြေအနေအပေါ်မှာ နိုင်ငံတကာက ပိုပြီး နားလည်မှုပေးကြဖို့ မြန်မာကိုယ်စားလှယ်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာပြောခဲ့ပါတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ဒီကနေ့ တင်ပြချက်အပေါ်မှာ တုံ့ပြန်သွားတာဖြစ်ပြီး၊ မြန်မာနိုင်ငံအနေနဲ့ စွပ်စွဲချက်တွေကိုလည်း အလေးအနက်ထား စုံစမ်းဖြေရှင်းနေပါတယ်လို့ မြန်မာကိုယ်စားလှယ်က ပြောခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးပါလိမ့်မယ်။

ရခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံလူ့အခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက်၊ ဒီအပေါ်မှာ ကုလသမဂ္ဂအနေနဲ့ သင့်တင်တဲ့ တုံ့ပြန်ကိုင်တွယ်မှုတွေပဲ လုပ်သင့်တယ်လို့ မြန်မာအစိုးရ ကိုယ်စားလှယ် မြန်မာနိုင်ငံခြားရေးဌာန အကြီးအကဲ ဦးထင်လင်းက ဒီကနေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောဆိုသွားပါတယ်။

လုံခြုံရေးအကန့်အသတ်တွေကြားထဲကပဲ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ်္စယန်ဟီလီးကို သူသွားလိုတဲ့နေရာတွေ သွားနိုင်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေဟာ ပြင်းထန်လွန်းပြီး၊ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ဆိုတဲ့ အဆိုပြုချက်တွေကိုလည်း မြန်မာနိုင်ငံအနေနဲ့ လက်မခံနိုင်ဘူးလို့ ဦးထင်လင်းက ပြောသွားပါတယ်။

“နိုင်ငံတကာစုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ဆိုတာကို မြန်မာနိုင်ငံအနေနဲ့ လက်မခံနိုင်ပါဘူး။ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ အလေးအနက်ထား စုံစမ်း ဖြေရှင်းနေပါတယ်။ အတည်မပြုနိုင်တဲ့ တဖက်သတ်သတင်းအချက်အလက်တွေနဲ့ ရည်ရွယ်ချက်ရှိရှိစွပ်စွဲချက်တွေပေါ်မှာအခြေခံပြီး လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်နေတယ်ဆိုတဲ့ အသုံးအနှုန်းကို လက်မခံနိုင်ပါဘူး။ ဥပဒေဆိုင်ရာရည်ညွှန်းချက်တွေကို အခြေခံပြီး အမျှော်အမြင်ရှိရှိနဲ့ သုံးစွဲ ပြောဆိုသင့်ပါတယ်။”

ရခိုင်ပြည်နယ်က အခြေအနေတွေအပေါ် ကုလသမဂ္ဂအနေနဲ့ စုံစမ်းရေးကော်မရှင်တရပ်ဖွဲ့ဖို့ဆိုတာကို မြန်မာအထူးကိုယ်စားလှယ်က အကြံပြုထားသလိုပဲ၊ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးကိုယ်တိုင်ကလည်း တိုက်တွန်းထားတာပါ။ မြန်မာနိုင်ငံအနေနဲ့ ဒီပြဿ နာကို ကိုယ်ပြည်တွင်းအနေအထားနဲ့ ရအောင် ဖြေရှင်းနေပြီး၊ ရှုပ်ထွေးလှတဲ့ ဒီအခြေအနေကို နိုင်ငံတကာက ပိုပြီး နားလည်ဖို့လိုအပ်တယ်လို့လည်း ဦးထင်လင်းက ပြောသွားပါတယ်။ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်မှုတွေ ဟန့်တားနိုင်ဖု့ိ့လည်း လက်ရှိအစိုးရအနေနဲ့ ဖြေရှင်းဆောင်ရွက်နေပါတယ်လို့ ဦးထင်လင်းက ပြောသွားပါတယ်။

“ အမုန်းစကားပြန့်ပွားတာနဲ့ အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်တာမျိုးတွေကို မြန်မာနိုင်ငံအနေနဲ့ အမြဲဆန့်ကျင်နေပါတယ်။ အမုန်းစကားတွေကိုတားမြစ်နိုင်ဖို့ နိုင်ငံတကာဥပဒေတွေနဲ့ဆီလျော်တဲ့ ဥပဒေကြမ်းတရပ်ကိုလည်း ပြင်ဆင်ရေးဆွဲနေကြပါတယ်။”

လူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် သီးခြား ချမှတ်တာမျိုးကို မလိုလားဘူးလို့ မြန်မာကိုယ်စားလှယ်က ပြောထားပေမယ့်၊ အီးယူ ဥရောပသမဂ္ဂကတော့ လက်ရှိ မြန်မာ့လူ့အခွင့်အရေးအခြေအနေတွေအပေါ် အကြံပေးတိုက်တွန်းချက်တွေပါမယ့် ဆုံးဖြတ်ချက်တရပ် ကိုချမှတ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါကိုလည်း မြန်မာအပါအဝင် သက်ဆိုင်ရာအစိုးရတွေနဲ့ ညှိုနှိုှုင်းဆောင်ရွက်သွားမှာပါလို့ အီးယူ ဥရောပသမဂ္ဂ ကိုယ်စားလှယ်က ပြောခဲ့ပါတယ်။

“ လူ့အခွင့်အရေးကိုယ်စားလှယ် ဆက်ထားရှိရေးအတွက် ဥရောပသမဂ္ဂအနေနနဲ့ အခု လူ့အခွင့်အရေးကောင်စီကနေ မြန်မာ့အရေးဆုံးဖြတ်ချက်တရပ်ချမှတ်နိုင်ဖို့ အစိုးရရော အခြားနိုင်ငံတွေပါ အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။”

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေကိစ္စ ကချင်နဲ့ ရှမ်းပြည်နယ်က စစ်ရေးပဋိပက္ခတွေအပေါ်မှာ စိုးရိမ်တဲ့အကြောင်းနဲ့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ လွတ်လပ်တဲ့စုံစမ်းမှုတွေလုပ်သွားဖို့ အီးယူ ဥရောပသမဂ္ဂက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီမှာ နိုင်ငံကိုယ်စားလှယ်တွေက ဒီကနေ့ တုံ့ပြန်ဆွေးနွေးကြရာမှာတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်အခြေအနေအပေါ် အများစုက စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသလို၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ စစ်ရေးပဋိပက္ခတွေ တိုးမြင့်လာတဲ့အခြေအနေအပေါ်မှာလည်း စိုးရိမ်ကြောင်း ပြောခဲ့ကြပါတယ်။ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်ဖို့နဲ့၊ အစုအဖွဲ့အားလုံး ပါဝင်ပတ်သက်နိုင်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

OIC အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား ပါကစ္စတန်ကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးဖြစ်လာစေဖို့ အလေးအနက်တိုက်တွန်းခဲ့ပါတယ်။

“နိုင်ငံတကာဥပဒေတွေ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေတွေနဲ့ လူ့အခွင့်အရေးစာချုပ်စာတမ်းတွေမှာ ရေးသားပြဌာန်းထားတာတွေကို လေးစားလိုက်နာဖို့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးအတိုင်း ကျင့်ကြံဆောင်ရွက်ကြဖို့နဲ့၊ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေကို အရေးယူနိုင်ဖို့ပါ။”

ဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံအနေနဲ့ ဥပဒေအတော်များများကို ပြင်ဆင် ဖျက်သိမ်းတာ၊ အထူးသဖြင့် ဖိနှိပ်ရေးဥပဒေတွေကို ဖျက်သိမ်းတာတွေကို အစိုးရသစ်ရဲ့ တနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သလို နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်ခွင့်ကိုအာမခံတဲ့ ဥပဒေတရပ်ကို မကြာသေးခင်ကပဲ ပြဌာန်းနိုင်ခဲ့တယ်လို့ မြန်မာကိုယ်စားလှယ် ဦးထင်လင်က လူ့အခွင့်အရေးကောင်စီကို ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေးဖြေရှင်းမှုနဲ့ပတ်သက်လို့ကတော့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်ဖွဲ့ ဆောင်ရွက်နေတာရှိသလို၊ နိုင်ငံမဲ့ဖြစ်နေသူတွေအရေး ဖြေရှင်းနိုင်ဖို့ နိုင်ငံသားစီစစ်ရေးလုပ်နေပြီး ဒေသခံတွေ နားလည်နိုင်မယ့် ဘာသာစကားနဲ့ ရေဒီယိုအစီအစဉ်တခုကိုလည်း ထုတ်လွှင့်နေတယ်လို့ မြန်မာကိုယ်စားလှယ်ပြောပါတယ်။ မောင်းတောအရေး အစိုးရကော်မရှင်အနေနဲ့လည်း မကြာခင်အချိန်အတွင်းမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကိုသွားရောက်ဖို့ ရှိနေတယ်လို့ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG