သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်ချုပ် အပါအဝင်စစ်အကြီးအကဲ ၆ ဦး ICC တင်ရေး ကုလအကြံပေးချက်အပေါ် တုံ့ပြန်မှု


 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့

မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်တပ်အကြီးအကဲ ၅ ဦးကို နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ စုံစမ်းစစ်ဆေး အရေးယူဖို့ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုလိုက်တဲ့ အပေါ် ဗြိတိန်အစိုးရတာဝန်ရှိသူတွေက ကြိုဆိုလိုက်သလို ရက်စက်တဲ့လုပ်ရပ်တွေအတွက် တာဝန်ရှိသူတွေကို တရားဥပဒေအရ အပြစ်ပေး အရေးယူနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမြန် လုပ်ဆောင်ဖို့ လူ့အခွင့်ရေး အဖွဲ့တွေက တောင်းဆိုလိုက်ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင် ၆ ဦးဟာ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က သြဂုတ်လ ၂၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အချက်အလက် ရှာဖွေရေးအဖွဲ့က တင်ပြထားတဲ့ စာရင်းမှာ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှုးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှုး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး တာဝန်ယူခဲ့သူ ဗိုလ်ချုပ်မောင်မောင်စိုး၊ ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းရေး လုပ်တဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ ကြတဲ့ ဗိုလ်မှုးချုပ် သန်းဦးနဲ့ ဗိုလ်မှုးချုပ် အောင်အောင် တို့ပါဝင်ကြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ် ကချင်ပြည်နယ်တွေမှာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်ရေးကျူးလွန် ချိုးဖေါက်မှုတွေကို အထက်က အမိန့်ပေးခဲ့တဲ့ စစ်တပ် အကြီးအကဲ ၆ ဦးမှာတာဝန် အရှိဆုံး ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ Christopher Sidoti ကပြောပါတယ်။

"မြန်မာနိုင်ငံမှာ အထက်က အမိန့်ပေးတာကို အောက်ကလိုက်နာရတယ် ဆိုတာက သိပ်ကိုရှင်းပါတယ်။ ဒါ့ကြောင့် ပထမအနေနဲ့ ကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာ မှန်သမျှဟာ အဆင့်မြင့် စစ်ခေါင်းဆောင်ပိုင်းက မသိပဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတဲ့အချက်၊ ဒုတိယကတော့ ထိထိရောက်ရောက် ထိန်းချုပ်မှုအောက်မှာ ဖြစ်ပျက်ခဲ့တာကတော့ သံသယရှိစရာ မလိုပါဘူး။ မြန်မာနိုင်ငံမှာ ဒီလို အထက်အမိန့်ကြောင့် အဆင့်ဆင့် လိုက်နာလုပ်ဆောင်ရတယ် ဆိုတာက ရှင်းတဲ့အတွက် ဒီလူ ၆ ယောက်ကို စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ အခုလို ကျွန်တော်တို့က အကြံပေးခဲ့တာ ဖြစ်ပါတယ်။"

ဒီစစ်ခေါင်းဆောင်တွေဟာ Genocide လူမျိုးတုံးသတ်ဖြတ်မှု၊ Crimes against Humanity လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ War Crimes စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့လည်း အချက်အလက်ရှာဖွေရေးအဖွဲ့က စွပ်စွဲလိုက်ပြီး သူတို့ကို ဒီနိုင်ငံတကာဥပဒေတွေအရ စုံစမ်းစစ်ဆေးသင့်တယ်လို့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။ တနင်္လာနေ့ ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အဖွဲ့ဝင် နောက်တဦးဖြစ်တဲ့ Radika Coomaraswamy က အစီရင်ခံစာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ကျမတို့ အစီရင်ခံစာမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် ဖေါ်ပြထားတဲ့ ကြီးလေးတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကို ကျူးလွန်ခဲ့တဲ့ စစ်တပ်က မြန်မာစစ်တပ်ပါ။ တပ်မတော်ဟာ စစ်သားတွေ အပြင် စစ်ဆင်ရေးမှုာ စေလွှတ်ချထားတဲ့ တခြား လက်နက်ကိုင် လုံခြုံရေးတပ်တွေ အပေါ်မှာ ထိထိရောက်ရောက်အမိန့်နဲ့ ထိန်းချုပ် တာပါ။ ကျမတို့ အစီရင်ခံစာမှာ တပ်က အဆင့်အမြင့်ဆုံး လူတွေရဲ့ နာမည်တွေကို ဖေါ်ပြထားတာ ဖြစ်ပါတယ်။ ဒီလို ဖေါ်ပြခြင်းအားဖြင့် သူတို့ရဲ့တာဝန်ယူမှုကို ကျမတို့က လေးလေးနက်နက် တောင်းဆိုနေတယ် ဆိုတာကိုပြသဖို့ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာ ထွက်လာခဲ့ပြီးတဲ့ နောက်မှာ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးသစ် Jeremy Hunt က အစီရင်ခံစာကို ဖတ်ရတာဟာ စိတ်သိပ်ထိခိုက်ရကြောင်း၊ ရိုဟင်ဂျာတွေအပေါ် ရက်စက်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့သူတွေ အတွက် ရှောင်ပုန်းစရာနေရာ မရှိသင့်ကြောင်းနဲ့ ဒီ့အတွက် အဖြေရှာဖို့ မြန်မာနိုင်ငံကို တတ်နိုင်သလောက် အစောဆုံး သွားရောက်မှာ ဖြစ်ကြောင်း သူ့တွစ်တာမှာ ရေးသား ပြောဆိုခဲ့ပါတယ်။

ဗြိတိသျှအစိုးရအဖွဲ့ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ဝန်ကြီး Mark Field ကလည်း တနင်္လာနေ့မှာပဲ ကြေညာချက် တစောင် ထုတ်ပြန်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံဖူးသူ တယောက် အနေနဲ့ မြန်မာစစ်တပ်လူ့အခွင့်ရေး ချိုးဖေါက်မှုတွေလုပ်တာကို သိရှိကြောင်းနဲ့ သူတို့ရဲ့ ကျူးလွန်မှုတွေကို ဥပဒေကြောင်းအရ အရေးယူ နိုင်ဖို့ လုပ်နေတဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ပါတယ်။ အခုလို အစီရင်ခံစာ ထွက်ပေါ်လာတဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီကရော ကုလသမဂ္ဂ လုံခြုံရေးကောင်စီကပါ ဂရုတစိုက်နဲ့ အရေးယူ လာမယ်လို့ ယုံကြည်ကြောင်းလည်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဒီကိစ္စကို ကုလလူ့အခွင့်ရေး ကောင်စီမှာ စက်တင်ဘာလ ၁၈ ရက်နေ့ တင်သွင်းတဲ့ အခါ လုပ်ဆောင်နိုင်မယ့် အချက်တွေကို တခြားအဖွဲ့ဝင်တွေနဲ့ အတူဆွေးနွေးမှာ ဖြစ်ကြောင်းလည်း ရေးသား ထားပါတယ်။

မြန်မာစစ်တပ်က ပြီးခဲ့တဲ့ နှစ်အတွင်း ကျူးလွန်ခဲ့တဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ အတွက် တာဝန်ရှိသူတွေကို တရားဥပဒေအရ အပြစ်ပေး အရေးယူနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လုပ်ဆောင်မှုတွေဟာ သိပ်ကို နှေးကွေးလွန်းတာမို့ အမြန် လုပ်ဆောင်ဖို့ Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကတောင်းဆိုကြောင်း အဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာ လက်ထောက်ဒါရိုက်တာ Akshaya Kumar က ပြောပါတယ်။

"အခုတနှစ်ရှိနေပါပြီ။ နောက်ဆုံးဖြစ်ပွါးတဲ့ လူမျိုးနွယ်စုလိုက် ရှင်းလင်းတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွါးခဲ့တာ တနှစ်ပြည့်နေပါပြီ။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လုပ်ရပ်တွေကို ကြည့်ရင် ပါးစပ်နဲ့ ပြောနေတာပဲ အများကြီးတွေ့နေရပြီး လက်တွေ့လုပ်တာ သိပ်မရှိပါဘူး။ သူတို့ကိုယ်တိုင် ဒေသတွင်းကို သွားခဲ့တာမို့ ဆိုးရွား တဲ့ ဖြစ်ရပ်တွေကို သူတို့ မျက်စိနဲ့ တိုက်ရိုက် မတွေ့ရဘူး၊ သူတို့နားနဲ့ သေချာမကြားရဘူးလို့ ပြောလို့မရပါဘူး။ ဒါပေမယ့် သူတို့က လုံခြုံရေးကောင်စီမှာ ရှိတဲ့ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီး ဒီကိစ္စကို ပြောဖို့ မလုပ်ကြပါဘူး။ အခု ဒီအစီရင်ခံစာ ထွက်လာတော့ ဒီအကြီးဆုံး အခွင့်အလမ်းရလာတာဖြစ်ပြီး ဒီကိစ္စ နိုင်ငံတကာ ရာဇဝတ် တရားရုံးကို တင်ဖို့ လုပ်ရမှာပါ။"

ဒါ့အပြင် အကြမ်းဖက်မှုတွေလုပ်ရာမှာ ပါဝင်တဲ့ ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ အပါအဝင် မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေးချိုးဖေါက်သူ အားလုံးကို စုံစမ်းဖေါ်ထုတ် အရေးယူပေးဖို့လည်း မစ္စ ကုမာရ်က ပြောပါတယ်။

Fortify Rights လူ့အခွင့်ရေးအဖွဲ့ကလည်း ကုလသမဂ္ဂ လုံခြုံးကောင်စီအနေနဲ့ မြန်မာအရေး ICC နိုင်ငံတကာ ရာဇဝတ် တရားရုံးကို တင်သွင်းဖို့ တနင်္လာနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

အစီရင်ခံစာထဲမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့ က မြန်မာလုံခြံရေး တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်း မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းမှု အတွင်း လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ဖမ်းဆီးညှင်းပမ်းမှု၊ ရွာမီးရှို့မှုစတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကို မှတ်တမ်းတင်ထားတာပါ။ ဒါ့အပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကိုလည်း ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်ရေး ကောင်စီက ဖွဲ့စည်းပေးတဲ့ အချက်အလက် စုဆောင်းရေး အဖွဲ့ကိုတော့ မြန်မာအစိုးရက လက်မခံသလို ပြည်ဝင်ခွင့်လည်း မပေးခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG