သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်ချုပ်ကို စုံစမ်းအရေးယူဖို့ ကုလစုံစမ်းရေးမှူးတွေတိုက်တွန်း


မြန်မာနိုင်ငံ တိုင်းရင်းသားနယ်စပ်ဒေသမှာ မကြာခင်ကဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ စစ်ဖက်အကြီးအကဲအချို့ကို နိုင်ငံတကာဥပဒေတွေနဲ့ အညီ စုံစမ်းစစ်ဆေး အရေးယူဖို့ ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေတွေနဲ့ ပြည်တွင်းအခြေအနေအရ ဒီ စစ်ခေါင်းဆောင်တွေဟာ ကျူးလွန်မှုတွေအပေါ် ကင်းလွတ်ခွင့်ရနေတာကြောင့်၊ နိုင်ငံတကာဥပဒေတွေနဲ့အညီ ICC နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး ဒါမှမဟုတ် နိုင်ငံတကာခုံရုံးတခု သီးခြားဖွဲ့ပြီး စုံစမ်းအရေးယူဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အကြံပြုထားပါတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့က ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း ကိုသားညွန့်ဦး တင်ဆက်ပေးပါမယ်။

မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာမွတ်ဆလင်တွေအပါအဝင် အခြားတိုင်းရင်းသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို စုံစမ်း စစ်ဆေး အရေးယူဖို့ မြန်မာနိုင်ငံအတွက် အထူးဖွဲ့ထားတဲ့ ကုလသမဂ္ဂအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ ပထမဆုံး အစီရင်ခံစာ ထွက်လာရာမှာ မြန်မာစစ်တပ်နဲ့ပတ်သက်လို့ အေတော်လေး ပြင်းပြင်းထန်ထန် သုံးနှုံးဝေဖန်ခဲ့တာပါ။ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ လုပ်တဲ့ အဖွဲ့ရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာနိုင်ငံတွင်းကလူ့အခွင့်အရေးချိုးဖောက်မှုတွေ အထူးသဖြင့်တော့ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အလျင်စလို အရေးယူကိုင်တွယ်ဖို့ တာဝန်ရှိနေပြီလို့ ကုလ စုံစမ်းရေးမှုးတွေက တိုက်တွန်းပါတယ်။ ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်အရ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အဓိက တာဝန်ရှိသူကတော့ မြန်မာစစ်တပ်ဖြစ်တယ်လို့ စုံစမ်းရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ Chris Sitodi က ပြောသွားပါတယ်။

“ကျနော်တို့ စုံစမ်းတွေ့ရှိချက်အရဆိုရင် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေတွေကို ချိုးဖောက်တဲ့လုပ်ရပ်တွေဖြစ်ခဲ့တယ်ဆိုတာကို အခြေအမြစ်ရှိရှိ တွေ့ခဲ့ရပြီး၊ ဒါတွေဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တဲ့ ရာဇဝတ်မှုမြောက်ပါတယ်။ အခြေခံအားဖြင့် ဒါတွေကို စစ်တပ်က ကျူးလွန်ခဲ့တာပါ။ ဒါကြောင့် Genocide လူမျိုးတုံးသတ်ဖြတ်မှု၊ Crimes against Humanity လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ War Crimes စစ်ရာဇဝတ်မှုဆိုတဲ့ နိုင်ငံတကာဥပဒေသုံးမျိုးအောက်မှာ တပ်မတော် ဗိုလ်ချုပ်ကြီးတွေကို အဓိကထားပြီး ရာဇဝတ်မှုကြောင်းဆိုင်ရာ စုံစမ်းအရေးယူဖို့လိုမယ်ဆိုတာကို ကျနော်တို့အဖွဲ့က သုံးသပ်ထားပါတယ်။”

ရခိုင် ကချင်နဲ့ ရှမ်းမြောက်ဒေသက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူစစ်ခေါင်းဆောင်တွေကိုလည်း ကုလ စုံစမ်းရေးအဖွဲ့က စာရင်းလုပ်ထားပါတယ်။ ဒီအထဲမှာ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ ဒု တပ်ချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းအပါအဝင် မြန်မာစစ်ဗိုလ်ချုပ် ၆ ဦးကို အဓိက တာဝန်ရှိသူတွေအဖြစ် စာရင်းလုပ်ထားပါတယ်။ ဒါပေမယ့်လည်း ဒီ စစ်ခေါင်းဆောင်တွေကို မြန်မာနိုင်ငံတွင်းမှာ တရားစီရင် စစ်ဆေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ကုလ စုံစမ်းရေးမှုး Chris Sitodi က ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ စစ်တပ်ကို ဘယ်လိုမှ ထိလို့မရပါဘူး။ မြန်မာနိုင်ငံရဲ့ ဥပဒေတွေ၊ တရားရေးစနစ် ဖွဲ့စည်းမှုတွေနဲ့ တရားရေးဆိုင်ရာ လွတ်လပ်မှုမရှိတာ၊ တရားဥပဒေစိုးမိုးမှုမရှိတာတွေကြောင့် ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ကို ပြည်တွင်းတရားရေးစနစ်က စုံစမ်းအရေးယူတာမျိုး မဖြစ်နိုင်ပါဘူး။”

ဒါကြောင့်လည်း ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်း အရေးယူဖို့ ICC နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး ဒါမှမဟုတ် နိုင်ငံတကာခုံရုံးတရပ်ဖွဲ့ပြီး ကိုင်တွယ်ဆောင်ရွက်ဖို့ စုံစမ်းရေးမှုးတွေကနေ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အကြံပြု တိုက်တွန်းထားပါတယ်။ ဒီ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် တာဝန်ရှိသူတွေကို ကိုင်တွယ်အရေးယူတာမျိုးမလုပ်ရင်၊ နောက်ထပ် အလားတူ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်ခါ ထပ်ခါဖြစ်နေဦးမယ်လို့လည်း ကုလ စုံစမ်းရေးမှုးတွေက သတိပေးသွားပါတယ်။

ရခိုင်မြောက်ပိုင်းဒေသက လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ မြန်မာစစ်တပ်အပြင် ရဲတပ်ဖွဲ့ နယ်ခြားစောင့်တပ်နဲ့ အခြား အရပ်ဖက်စစ်သွေးကြွအုပ်စုတွေလည်း ပါဝင်တယ်လို့ ကုလ တွေ့ရှိချက်မှာဖော်ပြပါတယ်။ မြန်မာ့တပ်မတော်ဟာ သူ့တပ်ဖွဲ့တွေနဲ့ စစ်ဆင်ရေးတွေမှာ ပါတဲ့ အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်ရိုက်ကွပ်ကဲ အမိန့်ပေးထိန်းချုပ်ထားတာကြောင့်၊ အခု ဒီဖြစ်ရပ်တွေမှာ စစ်တပ်အကြီးအကဲတွေဟာ အဓိက တာဝန်ရှိတယ်လို့ ကုလ စုံစမ်းရေးမှုးတဦးဖြစ်တဲ့ Radhika Coomaraswarmy က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအရ အရပ်ဖက်အာဏာပိုင်တွေဟာ မြန်မာစစ်တပ်လုပ်ရပ်တွေအပေါ် ထိန်းချုပ်နိုင်မှု အာဏာလုပ်ပိုင်ခွင့် မရှိသလို၊ ဒီဖြစ်ရပ်တွေ ဒီ စစ်ဆင်ရေးတွေမှာ တိုက်ရိုက်ပတ်သက်ပါဝင်တာမျိုး မတွေ့ရဘူးလို့လည်း ကုလ စုံစမ်းရေးမှုးတွေက ပြောပါတယ်။ ဒါပေမယ့်လည်း မြန်မာအစိုးရခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဖြစ်ရပ်တွေအပေါ် ရပ်တည်မှုကိုတော့ Ms. Coomaraswarmy က ဝေဖန်ခဲ့ပါတယ်။

“ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေအပေါ် တားဆီးကာကွယ်ဖို့ ဒါမှမဟုတ် အပြစ်တင်ဝေဖန်ဖို့အတွက် ကျင့်ဝတ်သြဇာအရ ရပ်တည်ပြောဆိုတာမျိုး မရှိတဲ့အတွက် အင်မတန် စိတ်ပျက်ရပါတယ်။ ဒီ အစီရင်ခံစာကို လေ့လာပြီးရင် နိုင်ငံတကာအနေနဲ့တော့ အခုဖြစ်ရပ်တွေအပေါ် အရေးယူနိုင်ဖို့သာမက၊ နောက်ထပ်မဖြစ်ဖို့ အကာအကွယ်ပေးသွားနိုင်ဖို့ ကျမတို့ မျှော်လင့်မိပါတယ်။”

အခု အစီရင်ခံစာနဲ့ပတ်သက်လို့ နောက်ဆက်တွဲလုပ်ဆောင်ရမယ့်ကိစ္စတွေအတွက် EU ဥရောပသမဂ္ဂအနေနဲ့ ကုလစုံစမ်းရေးမှုးတွေကို ဒီ သီတင်းပတ်အတွင်းမှာ တွေ့ဆုံညှိုနှိုင်းသွားမယ်လို့ အီးယူ ပြောခွင့်ရသူက ပြောပါတယ်။ ဗြိတိသျှနိုင်ငံခြားရေးဌာန အာရှရေးအငယ်တန်းဝန်ကြီးကတော့ နိုင်ငံတကာအနေနဲ့ အစီရင်ခံစာပါ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို စုံစမ်း အရေးယူသွားရမယ်လို့ ပြောပါတယ်။ အစီရင်ခံစာထဲမှာတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက ARSA လက်နက်ကိုင်အဖွဲ့က မြန်မာလုံခြုံရေးတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း၊ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း လူသတ်မှု လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖမ်းဆီးညှင်းပမ်းမှု ရွာမီးရှို့မှု စတဲ့ လူ့အခွင့်အရေးဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ပဋိပက္ခကြောင့် ရိုဟင်ဂျာမွတ်ဆလင်တွေ သိန်းနဲ့ချီ အိမ်နီးချင်းနိုင်ငံဖက်ထွက်ပြေးကြရတဲ့နောက်ပိုင်း၊ မြန်မာ့လူ့အခွင့်အရေးအခြေအနေအပေါ် နိုင်ငံတကာက အထူးအာရုံစိုက်ခဲ့ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာအသုံးအနှုံးကို လက်သင့်မခံသလို၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ နိုင်ငံတကာစွတ်စွဲချက်တွေကိုလည်း ချဲ့ကားလွန်းတယ်ဆိုပြီး တုန့်ပြန်ထားတာပါ။

ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာအချက်အလက်စုဆောင်းရေးအဖွဲ့ကို မြန်မာအစိုးရက လက်မခံသလို၊ ပြည်ဝင်ခွင့်လည်းမပေးပါဘူး။ စုံစမ်းရေးအဖွဲ့ရဲ့ အခု အစီရင်ခံစာပါ ဖော်ပြချက်တွေနဲ့ပတ်သက်လို့ မြန်မာအစိုးရတာဝန်ရှိသူတွေရဲ့တုန့်ပြန်ချက်သိရဖို့ မေးမြန်းခဲ့ပေမယ့်လည်း၊ အခုအချိန် တုန့်ပြန်ပြောဆိုချက်မရသေးပါဘူး။ အခု အစီရင်ခံစာကိုတော့ စက်တင်ဘာလ ၁၈ ရက်နေ့ကျရင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းသွားမယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်


တိုက်ရိုက် လင့်ခ်

XS
SM
MD
LG