သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးလုပ်ငန်းများ အကျယ်တဝင့်မဖြစ်ဖို့ တပ်ချုပ်လိုလား


 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေးအဖွဲ့ (PPST)နှင့် တပ်ချုပ်တွေ့ဆုံ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေးအဖွဲ့ (PPST)နှင့် တပ်ချုပ်တွေ့ဆုံ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေစုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေးအဖွဲ့ (PPST)ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တိုနဲ့ ဒီနေ့မှာ သီးခြားစီတွေ့ဆုံပြီး NCA ပါ ငြိမ်းချမ်းရေးသဘောတူညီချက်များ အကောင်အထည်ဖော်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ ငြိမ်းချမ်းရေးကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့်မဟုတ်ပဲ၊ ကျစ်ကျစ်လစ်လစ် သိုသိုသပ်သပ်ဆောင်ရွက်မှုမျိုးကို တပ်မတော်ဖက်က လိုလားတဲ့အကြောင်း ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ PPST အဖွဲ့ဝင် ဦးခွန်ဥက္ကာကို မမေခက ဆက်သွယ်မေးမြန်းထားပါတယ်။

မမေခ ။ ။ ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုနဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံမှုမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအကြောင်းအရာတွေကိုဆွေးနွေးဖြစ်ပါသလဲရှင့်။

ဦးခွန်ဥက္ကာ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သွေးနည်းနည်းအေးလာတာကို သွားတွေ့တာပေါ့လေ။ လက်တွေ့လည်းဖြစ်လာတယ် ဒါပေမယ့် ဒီနေ့ တွေ့ဆုံပွဲတွေကနေတော့ ရလဒ်ကောင်းတွေထွက်လာတယ်။ NCA အကောင်အထည်ဖော်တဲ့ လုပ်ငန်းမှာ ပြန်လည်သုံးသပ်ဖို့ လိုတဲ့ဟာတွေကိုလည်း ဆက်လက်လုပ်သွားဖို့ အဲဒီလောက်ပါပဲ အကြမ်းပြောရရင်တော့။

မမေခ ။ ။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က လက်ရှိသွေးအေးနေတယ်လို့လည်း တော်တော်လေးပြောကြတယ်။ အဲဒီတော့ နောက်ထပ်က အပစ်မရပ်ရသေးတဲ့အဖွဲ့တွေပေါ့နော် ။ ဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံတဲ့အချိန်မှာ ကာကွယ်ရေးဦးစီးချုပ်ဘက်ကပေါ့နော် သဘောထားမှတ်ချက်ဘယ်လိုတွေများပေးတာတွေရှိလဲ။ အရင်သူ့သဘောထားက ပြုပြင်ပြောင်းလဲသွားတာမျိုးများရှိလား။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တပ်ချုပ်ကြီးရဲ့သဘောထားပေါ့နော် အခုကာလအတွင်းသဘောထားရော ဘယ်လိုများရှိပါသလဲ။

ဦးခွန်ဥက္ကာ။ ။သူ့မူကတော့ မပြောင်းဘူး အခြေခံမူကတော့ မပြောင်းဘူး ဟိုအရင်ကပြောနေကြတဲ့အတိုင်းပဲ ဆွေးနွေးတာကတော့ စကားပြောတော့ဖြစ်လာမှာပါ။ ဒါပေမယ့် အသိအမှတ်ပြုမှုကတော့ မရှိသေးဘူးပေါ့ အပြောင်းအလဲမလုပ်သေးဘူးပေါ့။

မမေခ ။ ။ တော်တော်များများကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သွေးအေးနေတယ်လို့လည်း တော်တော်လေးပြောကြတယ်ပေါ့နော်။ အန်ကယ်ကတော့ ဒီတခေါက်တွေ့ဆုံမှုကနေ သွေးပူနိုင်တဲ့အနေအထားမျိုးလေးတွေ တိုးတက်ပြောင်းလဲနိုင်တဲ့အနေအထားမျိုးလေးတွေ ရှိတယ်ဆိုတဲ့ ပုံစံမျိုးပြောတော့ ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးရှေ့ဆက်သွားဖို့ ဆွေးနွေးခဲ့တာမျိုး ရှိပါသလဲရှင့်။

ဦးခွန်ဥက္ကာ။ ။UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးတုန်းက Implementation Review မှာ အစိုးရကလည်းလုပ်တယ်၊ လွှတ်တော်ကလည်းလုပ်တယ်၊ တပ်မတော်ကလည်းလုပ်တယ်၊ ကျနော်တို့ EAO ကလည်းလုပ်တယ် ဒီ Review လုပ်တဲ့အဖွဲ့တွေစုံပြီးတော့ Joint-Review ပေါ့ ၂ ရက်၃ရက်လုပ်ဖို့ အဲဒါကလည်း ခွင့်ပြုချက်ရသွားတော့ လာမယ့်အပတ်လောက်မှာတော့ Joint-Review လုပ်ပြီးတော့ ရရှိတဲ့အချက်တွေကို reform လုပ်သွားနိုင်အောင် ကြိုးစားမှာပေါ့။

မမေခ ။ ။လက်ရှိတပ်မတော်ရဲ့ ငြိမ်းချမ်းရေးအပေါ်မှာထားတဲ့သဘောထားပေါ့နော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆက်လုပ်ဖို့ သူတို့ဘက်ကနေပြီးတော့ ဘယ်လိုသဘောထား မှတ်ချက်တွေပေးတာမျိုးရှိသလဲ။ ဘယ်လိုပုံစံမျိုးလုပ်ဆောင်စေချင်တဲ့ စိတ်မျိုးတွေရှိသလဲပေါ့နော် အန်ကယ်တို့ဘာများတွေ့ရှိခဲ့သလဲ။

ဦးခွန်ဥက္ကာ။ ။ တပ်ကတော့ နိဂုန်းချုပ်ပြောတာကတော့ ငြိမ်းချမ်းရေးကိစ္စကို ဘောင် ခပ်ကျဉ်းကျဉ်း ကျစ်ကျစ်လစ်လစ် လုပ်ဖို့ကောင်းတယ်ပေါ့ ၊ ပုံကြီးချဲ့ပြီးတော့ အကျယ်တဝင့်တော့ မဖြစ်သင့်ဘူးပေါ့ အဲဒါလေးတော့ ကြားရပါတယ်။ နောက်တချက်ကတော့ အခုဖြစ်နေတဲ့ ပြဿနာအသေးအဖွဲတွေကတော့ ယုံကြည်မှုကိစ္စ နောက်ပြီးတော့ NCA နှင့်တကွ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာတော့ အတိအကျလိုက်နာဆောင်ရွက်သွားမယ်လို့တော့ ထပ်လောင်းပြောပါတယ်။

မမေခ ။ ။ခုနပြောသွားတဲ့ တပ်မတော်ဘက်က ငြိမ်းချမ်းရေးလုပ်ဆောင်တာမှာ ပုံကြီးမချဲ့ဖို့ပြောသွားတာမျိုးှရှိတယ်ဆိုတော့ ဘယ်လိုကိစ္စအကြောင်းအရာကို ပုံကြီးမချဲ့ဖို့ပြောတာလဲရှင့်။

ဦးခွန်ဥက္ကာ။ ။တနိုင်ငံလုံးမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ နေရာတကာလုပ် တောင်းဆိုချက်တွေ အများအပြားလုပ် အဲဒီဟာကို ပြောချင်တာနဲ့ တူပါတယ်။ ဒါပေမယ့် အဲလိုကိစ္စတွေကိုလည်း ကျစ်ကျစ်လစ်လစ်လုပ်ဖို့သဘောထားကတော့ ရှိပါတယ်။ မလုပ်ရဘူးဆိုတာကတော့ မရှိပါဘူး။

မမေခ ။ ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့တဲ့အခါမှာရော ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာမျိုးကို တိုက်တွန်းသွားတာရှိပါသလဲ။ နောက်ပြီးတော့လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုစကားလက်ဆောင်များပါးတာမျိုး ရှိပါသလဲရှင့်။

ဦးခွန်ဥက္ကာ။ ။ကျနော်တို့သွားနေတဲ့ အခင်းအကျင်းတွေအပေါ်မှာ အစုအဖွဲ့တွေကို ပြန်ပြီးတော့ Mandate ပေးပြီးတော့ အလုပ်ဆက်လုပ်ဖို့ ဒါလည်းဒီနေ့အဆင်ပြေတယ်။ အထူးသဖြင့်တော့ ရခိုင်အရေးပေါ့ ပြည်တွင်းညီညွတ်ရေးနဲ့ ခုခံရမယ်။ တိုင်းပြည်ကငယ်တယ် အင်အားမရှိဘူး ဆိုတော့ နိုင်ငံတကာက အနိုင်ကျင့်တယ်ပေါ့လေ။ ပြည်ထောင်စုတခုလုံးအရေးကို ဦးထိပ်ထားပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်တယ်။ ကျနော်တို့ EAO ကိုယ်စားလှယ် တွေကိုလည်း ရခိုင်ကိုလိုက်ပါပြီးတော့ လေ့လာရေးခရီးစဉ် သုံးသပ်ချက်တွေ လုပ်ဆောင်ပြသဖို့ ဖိတ်ခေါ်တာလည်းရှိပါတယ်။

မမေခ ။ ။အပစ်မရပ်ရသေးတဲ့အဖွဲ့တွေ ငြိမ်းချမ်းရေးထဲပါဝင်လာအောင် ဘယ်လိုလုပ်ဆောင်သွားမယ်၊ ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာမျိုးများ တစုံတရာ ပြောတာမျိုးများရှိပါသလားရှင့်။

ဦးခွန်ဥက္ကာ။ ။အဲလိုတော့ မရှိပါဘူး ခေါ်တာပဲ ဒီပွဲမှာ တက်ပါဆိုပြီးတော့ ။ သူတို့မတက်နိုင်တာကတော့ သူတို့တာဝန်ပေါ့နော် အားလုံးကိုလည်း NCA လမ်းကြောင်းအတိုင်းလာပါ။ ပါဝင်ပါလို့လဲ ဆက်လက်ဖိတ်ခေါ်ပါတယ်။ ဒါကတော့ ကျနော်တို့ကလည်း NCA ပါပြီးသားလူဆိုတော့ လူသစ် ထပ်ပြီးပါလာအောင်ကတော့ ကျနော်တို့လည်း တာဝန်ရှိတာကို ။ သို့သော်လူသစ်တွေက ဖြစ်နိုင်ခြေရှိတာထက်ပိုမိုတောင်းဆိုရင်တော့ အခက်အခဲရှိနိုင်တာပေါ့ ။ ကာချုပ်ကလည်းပြောပါတယ် ဖြစ်နိုင်ခြေရှိတာထက်ပိုပြီးတော့ လိုလားချက်တွေတင်မယ်ဆိုရင်လည်း အခက်အခဲဖြစ်လာမယ်ပေါ့။

PPST အဖွဲ့ဝင် ဦးခွန်ဥက္ကာကို မမေခက ဆက်သွယ်မေးမြန်း ထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG