ရခိုင်ပြည်နယ် မောင်တောဒေသမှာ နယ်ခြားစောင့်ကင်းစခန်းတွေကို တိုက်ခိုက်ခံခဲ့ရပြီးနောက်၊ လုံခြုံရေးအာဏာပိုင်တွေရဲ့ ကန့်သတ်မှုတွေကြောင့် လူသားချင်းစာနာမှု အကူအညီတွေ မပေးနိုင်ပဲဖြစ်နေရတဲ့ အခြေအနေတွေကို အဆုံးသတ်ဖို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ကြပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ လုံခြုံရေးအခြေအနေအရ လိုအပ်တာကြောင့် ဆက်လက်ကန့်သတ်ထားရတာသာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ကြတာပါ။ မောင်တောမြို့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ထက်အောင်ခန့်က အပြည့်အစုံ ပြောပြပေးမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသက နယ်ခြားစောင့်ရဲစခန်းတွေကို ဒီလ ၉ ရက်နေ့က တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး လုံခြုံရေးအတွက် တင်းကျပ်ထားတဲ့အတွက် လူသားချင်းစာနာမှု အကူအညီတွေ မပေးနိုင်ဘဲ ဖြစ်နေရတဲ့အပေါ် နိုင်ငံတကာအကူအညီပေးရေး လုပ်ငန်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်မကင်းတဲ့ သဘောထားတွေ ထုတ်ဖော်ပြောဆိုလာကြတာ ဖြစ်ပါတယ်။
ဒီကနေ့မှာ ဆိုရင်လည်း နိုင်ငံတကာက လူ့အခွင့်အရေး အခြေအနေတွေ ကို စောင့်ကြည့် အကဲခတ်နေတဲ့ HRW အဖွဲ့က အကူအညီပေးရေးအစီအစဉ်တွေ အမြန်ဆုံးပြန်စနိုင်ဖို့ ကြေညာချက်တစောင် ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။ HRW အဖွဲ့ရဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson ကတော့ အကူအညီတွေ အမြန်ဆုံးပြန်လည်ပေးအပ်နိုင်ဖို့ တိုက်တွန်းခဲ့တာပါ။
“လက်ရှိအခြေအနေအပေါ်မှာ ကျနော်တို့ အနေနဲ့ အင်မတန်မှ စိုးရိမ်ပါတယ်။ ဒါကြောင့်လည်း ပိတ်ဆို့မှုတွေကို ဖယ်ရှားပြီး၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ အကူအညီပေးနိုင်အောင် လမ်းဖွင့်ပေးဖို့ ကျနော်တို့က တောင်းဆိုနေရတာပါ။ သိထားရတာကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူတွေမှီခိုအားထားနေရတဲ့ အကူအညီတွေကို ပိတ်ဆို့ခံထားရပါတယ်။ ကျနော်တို့ကို ကုလသမဂ္ဂ အေဂျင်စီတွေ ကလည်း ပြောပါတယ်။ ဒါကြောင့်လည်း ဒီလိုပိတ်ဆို့မှုတွေကို အဆုံးသတ်ပြီး၊ အကူအညီတွေ ပြန်ပေးနိုင်ဖို့က အရေးကြီးပါတယ်။ လူတွေအနေနဲ့ သူတို့ဘ၀ ရပ်တည်ရေးအတွက် အကူအညီတွေအပေါ်မှာ အားကိုးနေရတာပါ။ သူတို့ဒေသကို ကန့်သတ်ထားပြီး၊ ဘယ်ကိုမှလည်း သွားလာခွင့်မရှိတဲ့အတွက် ရပ်တည်ရေးအတွက် ဘာမှ မလုပ်နိုင်တဲ့အခြေအနေမျိုးမှာ စားနပ်ရိက္ခာ အကူအညီတွေကိုသာ မှီခိုနေရတာပါ။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နဲ့ တခြားအေဂျင်စီတွေက စားရေရိက္ခာတွေကို အာဏာပိုင်တွေက ပိတ်ဆို့ထားတဲ့ အတွက် ဒေသခံရွာသားတွေအတွက် ကြီးမားတဲ့ ပြဿနာတရပ် ဖြစ်လာနေပြီး၊ လူတွေလည်း အငတ်ဘေးဆိုက်မယ့် အခြေအနေနဲ့ ကြုံနေရပါတယ်။”
ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ လူပေါင်း ၃၇၀၀၀ အတွက် ရိက္ခာတွေ ပြန်လည်ပေး အပ်ဖို့ မကြာသေးခင်ကပဲ အာဏာပိုင်တွေက ခွင့်ပြုခဲ့ပေမဲ့၊ မောင်တော် ဒေသ မှာတော့ လူပေါင်း ၅ သောင်းဟာ ရိက္ခာအထောက်အပံ့ မရနိုင်ပဲ ဖြစ်နေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပြောဆိုထားတယ်လို့လည်း HRW အဖွဲ့ကပြောပါတယ်။
ဒါပေမဲ့လည်း မြန်မာအစိုးရ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကတော့ အကူအညီပေးရေး အဖွဲ့အစည်းတွေကို ပိတ်ပင်တားမြစ်တာမျိုး မဟုတ်ဘဲ လုံခြုံရေးအရ စိတ်မချရတဲ့အတွက်သာ ကန့်သတ်ထားရတာ ဖြစ်တယ် လို့ ပြောဆိုခဲ့ တာပါ။
" နယ်မြေအခြေအနေအရ တချို့နေရာတွေက သွားလို့မရလို့ အဲ့ဒီ့အထိ သွားလို့မရတာ ရှိမယ်။ ကျန်တာကတော့ humanitarian ကတော့ ပိတ်ထားတာ မရှိဘူး။ ကျနော်တို့က ပါသွားတဲ့လက်နက်တွေ အားလုံး ပြန်မရသေးဘူး။ ဒါက နံပတ်တစ် အချက်ပေါ့။ နံပတ် ၂အချက်က ဒီအကြမ်းဖက်မှုပေါ့နော် ဦးစီးခေါင်းဆောင်မှုပြုတဲ့သူတွေပေါ့နော် အဲ့တာတွေကို ကျနော်တို့ လက်ရဖမ်းမိခြင်း မရှိသေးဘူး။ အကြမ်းဖက်မှုတွေ မဖြစ်ပွားရအောင် ထိန်းသိမ်းထားနိုင်တဲ့ အနေအထားတော့ရှိတယ်။ သို့သော်ခုနကပြောတဲ့ အကြမ်းဖက် တိုက်ခိုက်တဲ့သူတွေကို အားလုံးလက်ရဖမ်းမိနိုင်ခြင်းတော့ မရှိသေးဘူး။ အဲ့ဒီ့အတွက်လည်း ကျနော်တို့က အဲ့ဒီ့ဟာကို ဆက်လုပ်နေတယ်ပေါ့နော်။ စစ်ဆင်ရေးတွေ ဆက်လုပ်နေတယ်ပေါ့နော်။"
အကြမ်းဖက် တိုက်ခိုက်မှုတွေ ခံခဲ့ရပြီးနောက်၊ မောင်တော ဒေသတဝိုက်ကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားပြီး လုံခြုံရေးအာဏာပိုင်တွေ လိုက်လံရှင်းလင်းရာမှာ တိုက်ခိုက်သူတွေ လုယူသွားတဲ့ သေနတ် တလက်ကို ပြန်လည် သိမ်းဆည်း ရမိခဲ့ကြောင်းလည်း မနေ့တုန်းကပဲ အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့တာပါ။
ဒေသတွင်းမှာ လုံခြုံရေးအတွက် ဆက်လက် ရှင်းလင်းဖို့ လိုအပ်နေဆဲ ဖြစ်တဲ့ အတွက် ကန့်သတ်မှုတချို့ကတော့ ရှိနေဦးမှာ ဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာချမ်းသာ က ပြောပါတယ်။
" ကူညီတာကို ပိတ်ပင်တာတော့ မဟုတ်ပါဘူး။ လုံခြုံရေး အနေအထားအရ ကြောင့်ပါ။ အခုက သိတဲ့အတိုင်းပဲ စစ်ဆင်ရေး နယ်မြေဖြစ်တဲ့ အတွက် ကျျနော်တို့က လက်နက်တွေလည်း ပါသွားတဲ့အခါကျတော့ လုံခြုံရေးအနေအထားက တပ်က လုံခြုံရေးယူထားတဲ့အပိုင်းတွေရှိတဲ့အတွက်ကြောင့် မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ ဖြစ်သွားမှာစိုးလို့ ကျနော်တို့ ကန့်သတ်ထားတယ်လို့ ထင်ပါတယ်။ ကျနော်တို့ လက်ရှိအနေအထားထက် ပိုကောင်းလာတဲ့ အနေအထားမှာတော့ ကျနော်ထင်ပါတယ် တပတ်၊ နှစ်ပတ်လောက်မှာ တည်ငြိမ်သွားလို့ရှိရင် လူတွေလည်း ကိုယ့်အိမ်ကိုယ်ပြန်ရောက်သွားမယ်။ လမ်းပမ်းဆက်သွယ်ရေးလည်း ပွင့်သွားမယ်ဆိုရင် ဒါက ကယ်ဆယ်ရေးက အချိန်မရွေးပေးလို့ရတဲ့အနေအထားမျိုး ရှိပါတယ်။"
အစိုးရတာဝန်ရှိသူတွေ ကတော့ ဒီလဆန်းက တိုက်ခိုက်မှုနဲ့ ဆက်နွယ်သူတွေ ဒေသတွင်းမှာ ရှိနေနိုင်သေးတယ်လို့ ယုံကြည်ထားပြီး ဆက်လက် ရှင်းလင်းမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း HRW အဖွဲ့က Phil Robertson ကတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ ကာလကြာရှည် ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်ခွင့်မရှိဘူးလို့ ပြောပါတယ်။
“နိုင်ငံတကာ ဥပဒေတွေအရ၊ အာဏာပိုင်တွေအနေနဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ လွတ်လပ်စွာသွားလာလှုပ်ရှားမှုတွေကို အချိန်ကာလ အကန့်အသတ်နဲ့သာ တားမြစ်ခွင့်ရှိပါတယ်။ ဒါပေမဲ့လည်း မြန်မာအာဏာပိုင်တွေကတော့ အချိန်ကာလ အကန့်အသတ်မရှိ ဒေသတခုလုံးကို ပိတ်ဆို့တားမြစ်ထားပါတယ်။ ဒါဟာလူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး၊ လက်ခံနိုင်စရာလည်း မရှိပါဘူး။ ဒါတွေကို အခုအချိန်မှာ ရပ်ရပါလိမ့်မယ်။”
အခုနောက်ဆုံး အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ဒေသတွေအပါအဝင် ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR), WFP နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF စတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက စားဝတ်နေရေး၊ ကျန်းမာရေးအတွက် ကူညီထောက်ပံ့ပေးနေတာပါ။ ဒီအထဲမှာ WFP တခုတည်းကတင် ကိုယ်ဝန်ဆောင်တွေ၊ မိခင်တွေ၊ အသက် ၅ နှစ်အောက် ကလေးတွေ၊ HIV နဲ့ တီဘီအဆုပ်နာရောဂါ ဝေဒနာသည်တွေ အပါအဝင် အကူအညီလိုနေတဲ့ လူပေါင်း တသိန်းခွဲကျော်ကို ထောက်ပံ့ကူညီနေတာ ဖြစ်ပါတယ်။