သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမြို့နယ် လူသားချင်းစာနာမှုအခြေအနေ ကုလစိုးရိမ်


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နယ်ခြားစောင့် ကင်းစခန်းတွေ အောက်တိုဘာလ ၉ ရက်နေ့က တိုက်ခိုက်ခံလိုက်ရပြီးတဲ့နောက်ပိုင်း နိုင်ငံတကာက NGO အဖွဲ့တွေအနေနဲ့ အဲဒီဒေသက လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားရသလို ဒေသခံဝန်ထမ်းတွေလည်း ဒေသတွင်းမှာ ပိတ်မိနေကြတယ်လို့ ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်တဲ့နေရာမှာ အပြစ်မဲ့ အရပ်သားတွေ အသက် ဆုံးရှုံးမှု မရှိအောင် သတိထား လုပ်ဆောင်ဖို့ အရေးကြီးကြောင်းလည်း ကုလသမဂ္ဂက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်ဝန်းကျင်မှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု အခြေအနေတွေဟာ လွန်ခဲ့တဲ့ ၂ ရက်အတွင်း လျော့ကျလာနေတာကို တွေ့ရပေမဲ့ အဲဒီဒေသမှာ ရှိနေကြတဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေက ဝန်ထမ်းတွေနဲ့ မွတ်ဆလင် ရွာသားတွေရဲ့ လှုပ်ရှား သွားလာခွင့်တွေအပေါ် အကန့်အသတ်တွေ ရှိနေတုန်းပဲလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။

“အစိုးရက စစ်ဆင်ရေးတွေ လုပ်ဆောင်နေတဲ့ ဒေသအတွင်းမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဝန်ထမ်းတွေအပြင် ဒေသခံ မွတ်ဆလင်တွေရဲ့ လှုပ်ရှားသွားလာခွင့်တွေ တင်းကြပ်ထားဆဲလို့ ကျနော်တို့ နားလည် သိရှိရပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ကစပြီး လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ အားလုံးနီးပါး ရပ်ဆိုင်းထားရပြီး နိုင်ငံတကာ NGO အဖွဲ့အစည်းတွေက ဝန်ထမ်းတွေဟာလည်း ဒေသတွင်းမှာ ပိတ်မိနေကြပါတယ်။ ဖြစ်ပေါ်နေတဲ့ တင်းမာမှုအခြေအနေတွေက ဒေသခံတွေအပေါ် ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်စေပါတယ်။”

လက်ရှိအခြေအနေမှာ အစိုးရတပ်ဖွဲ့တွေက စစ်ဆင်ရေးတွေ ပြုလုပ်နေဆဲ ဖြစ်တာကြောင့် အပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရှုံးမှု မရှိအောင် ထိန်းသိမ်း လုပ်ဆောင်ကြဖို့အတွက်လည်း ကုလသမဂ္ဂ သတိပေး ပြောကြားလိုက်ပါတယ်။

“လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရမှုအပေါ် ပြစ်တင် ရှုတ်ချလိုက်ပြီး အဲဒီ တိုက်ခိုက်ခံရမှုအတွက် တန်ပြန် ထိုးစစ်ဆင်တာကို နားလည် အသိအမှတ်ပြုပေမယ့် အပြစ်မဲ့ အရပ်သားတွေ အသက်ဆုံးရှုံးမှု မရှိအောင်၊ ဒေသခံ ပြည်သူတွေရဲ့ အိုအိမ် ပျက်ဆီး ဆုံးရှုံးမရှိအောင် ရှောင်ကျဉ်ဖို့ဟာလည်း အရေးကြီးတယ်ဆိုတာကို ဆက်လက် အသိပေး ပြောကြားလိုပါတယ်။”

ဒါ့အပြင် တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူတွေကို မြန်မာအာဏာပိုင်တွေအနေနဲ့ ဥပဒေနဲ့အညီ တရားမျှတစွာ ကိုင်တွယ် ဖြေရှင်းလိမ့်မယ်လို့ ပြောဆိုထားမှုအပေါ် အသိအမှတ်ပြုကြောင်း၊ လက်ရှိအချိန်မှာ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတွေ သူတို့နိုင်ငံထဲ ထွက်ပြေးလာလို့ မရအောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်စပ်ဒေသကို အလုံပိတ်ထားကိစ္စကိုလည်း အသိအမှတ်ပြုကြောင်း၊ ရခိုင်ပြည်နယ်အတွင်းက ပြည်သူတွေ ငြိမ်းချမ်း၊ သာယာဝပြောပြီး အတူလက်တွဲနေထိုင်နိုင်တဲ့ အနာဂတ်ကို ဖန်တီးနိုင်အောင် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခ အမြန်ဆုံး ပြီးဆုံးပြီး အခြေအနေတွေ ပုံမှန် ပြန်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း Stephane Dujarric က ပြောပါတယ်။

မောင်တောမြို့ အကြမ်းဖက်တိုက်ခိုက်မှုကနေ ထွက်ပြေးနေကြသူတွေ ဌာနေပြန်နိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ အစီအစဉ်တွေကို စတင်ဆောင်ရွက်နေပြီး နေရပ်ပြန်သူတွေအတွက် အကာကွယ်ပေးနိုင်ဖို့ လုံခြုံရေးစခန်းတွေလည်း တည်ဆောက်နေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာက ဗွီအိုအေကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒေသခံတွေ နေရပ်ပြန်နိုင်ယုံနဲ့ ပြီးမသွားသေးဘဲ သူတို့အတွက် ရေရှည် လုံခြုံမှုရှိအောင် စီစဉ် ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး Brad Adams က ပြောပါတယ်။

“ပဋိပက္ခဖြစ်ခဲ့တဲ့ ဒေသတွေက ဌာနေပြည်သူတွေ နေရပ်ပြန်တဲ့အခါ၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် သူတို့ လုံခြုံရေး၊ အကြမ်းဖက်မှုတွေ ဆက်မဖြစ်တော့ စတဲ့ နောက်ဆက်တွဲ ကိစ္စတွေအတွက် ရေရှည် စောင့်ကြည့်ပေးနိုင်ဖို့ဟာ အင်မတန် အရေးကြီးပါတယ်။ ဒီလူတွေကို ဘယ်လို လုံံခြုံရေးတွေ ပေးမယ်ဆိုတာကို ကျနော်တို့ အတိအကျ မသိရသေးပါဘူး၊ သူတို့ ပြန်ခါစမှာ လုံခြုံစိတ်ချရမှု ရှိနိုင်ပေမဲ့ နောက်ပိုင်းမှာ ရှိချင်မှ ရှိမှာပါ။ ဒီနေရာမှာ အစိုးရရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလာပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်တုန်းက အာဏာရအစိုးရမဟုတ်ခဲ့တဲ့ လက်ရှိအစိုးရသစ် အနေနဲ့ ရခိုင်ပြည်နယ်အတွင်း လူတိုင်းအတွက် လုံခြုံမှုရှိရေးအတွက် ဦးစားပေး လုပ်ဆောင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ လူနဲစုတွေဟာ ဖိနှိပ်ခံကြရတာ များပါတယ်၊ ဒီနေရာမှာတော့ ရိုဟင်ဂျာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ်တုန်းကလို အကြမ်းဖက်မှုတွေ ပြန်မဖြစ်အောင် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။”

မြန်မာအစိုးရက နောက်ဆုံး ထုတ်ပြန်တဲ့ သတင်းတွေအရကတော့ - မောင်တောမြို့နယ်အတွင်း တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ကျားခေါင်းတောင် ကျေးရွာအနီးမှာ တပ်မတော်သားတွေကို လူ ၂ ဦးက ဓားနဲ့ ဝင်ခုတ်တာမှာ ရပ်တန့်ဖို့ အော်ဟစ် တားမြစ်ခဲ့ပေမဲ့ မရပ်တဲ့အတွက် ခုခံ ပစ်ခတ်ခဲ့တာမှာ ၁ ဦးသေဆုံးပြီး ၁ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ဒါ့အပြင် အောက်တိုဘာလ ၉ ရက်နေ့က ငါးခူရ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူ ၁၁ ဦးကို ငါးခူရကျေးရွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

မနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဝင်တွေနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်တွေ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG