ကရင်ပြည်နယ်အတွင်း မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်က ကျားဖြန့် အွန်လိုင်းလိမ်လည်ဂိုဏ်းတွေမှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံ၊ ဟောင်ကောင်အမျိုးသမီးတဦးကို ထိုင်းစစ်တပ်နဲ့ ရဲတွေက ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ဒေသက အမျိုးသမီးတဦးကို တတိယမြောက် ကယ်ဆယ်ခဲ့တာလို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ် ။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။
ကရင်ပြည်နယ်အတွင်း မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်က ကျားဖြန့် အွန်လိုင်းလိမ်လည်ဂိုဏ်းတွေမှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသက အမျိုးသမီးတဦးကို ထိုင်းစစ်တပ်နဲ့ ရဲတွေက ဇန်နဝါရီလ ၃၁ ရက်နေ့က ကယ်ဆယ်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။
အသက် ၃၁နှစ်အရွယ် SUET CHUI YI (ဆို့ ချွေယိ) ကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နယ် ထဆိုင်လွတ်နယ်မြေ သောင်းရင်းမြစ်ကမ်းနဖူးကို လှေတစင်းကလိုက်လံပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ သူမကိုတော့ မဲဆောက်လ၀ကနဲ့နယ်မြေခံစစ်တပ်တွေက စစ်ဆေးနေတယ်လို့ မဲဆောက် အာဏာပိုင်တွေကဆိုပါတယ်။
သူမဟာ တရုတ်နိုင်ငံဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသကရောက်လာကြပြီး လူကုန်ကူးခံရရာကနေ ပြန်လွတ်လာတဲ့ တတိယမြောက်ဖြစ်ပြီး မြ၀တီဘက်က Call Center လိမ်လည်ဂိုဏ်းတွေမှာ အတင်းအကြပ် ခိုင်းစေခံခဲ့ရတယ်လို့ဆိုပါတယ် ။ အတင်းအကြပ်လိမ်လည်ဂိုဏ်းတွေဆီရောက်သွားခဲ့တဲ့ ဟောင်ကောင်နိုင်ငံသား ၁၂ ဦးထိရှိတယ်လို့လည်းဆိုပါတယ် ။
ထိုင်းတရားသူကြီး Pol. Col. Thawee Sodsong( Minister of Justice) က ထိုင်းဘာသာနဲ့အခုလိုပြောပါတယ်။
“ထိုင်းအစိုးရအေနနဲ့ တဘက်နိုင်ငံက ကျားဖြန့်သားကောင်ဖြစ်ရသူတွေကို ကိုယ်ထုတ်နိုင်ဖို့ လုပ်နေတဲ့အတွက် အခု တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသကလူတွေ လိမ်လည်ခံနေရတဲ့ကိစ္စမှာလည်း သက်ဆိုင်ရာသံရုံးတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ တကယ်တော့ ထိုင်းကိုဖြတ်ပြီး မြန်မာနိုင်ငံထဲကိုဝင်သွားခဲ့ ကြတာဆိုတော့ ထိုင်းနိုင်ငံအနေနဲ့ တာဝန်ရှိနေပါတယ်။”
မကြာသေးခင်ကပဲ မြန်မာပြည်ဘက်ကနေ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ကိုဝင်ရောက်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦးကို ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်ပို့ရေးစီစဉ်ပေးခဲ့ပါတယ်။
Forum