Hungary နိုင်ငံ Budapest မြို့တော်ကို ဖြတ်စီးနေတဲ့ Danube မြစ်ထဲမှာ အပျော်စီးသင်္ဘောနဲ့ တိုက်မိလို့မှောက်သွားတဲ့ ရှုခင်းအလှကြည့်သင်္ဘောပေါ်က တောင်ကိုရီးယား ကမ္ဘာလှည့်ခရီးသည် ၇ ယောက်သေဆုံးသွားပါတယ်။ နောက်ထပ် ၂၁ ယောက်လည်း ပျောက်ဆုံးနေပါတယ်။ ရှာဖွေကယ်ဆယ်ရေးမှာ အကူအညီပေးနိုင်ဖို့ အဖွဲ့ဝင်အမြောက်အများပါတဲ့ ကိုယ်စားလှယ်အဖွဲ့ကို တောင်ကိုရီးယားသမ္မတ Moon Jae-in က Budapest မြို့တော်ကို စေလွှတ်ထားပါတယ်။
Hungary တာဝန်ရှိသူတွေနဲ့ ပုူးပေါင်းဆောင်ရွက်နိုင်အောင် သံတမန်ရေးလမ်းကြောင်း အားလုံးကို ဖွင့်ထားဖို့နဲ့ ကျွမ်းကျင်သူတွေ၊ လိုအပ်တဲ့ပစ္စည်းကိရိယာတွေကို ပို့ဆောင်ဖို့လည်း တောင်ကိုရီးယား တာဝန်ရှိသူတွေကို သမ္မတက ညွှန်ကြားထားပါတယ်။ Mermaid လို့ နာမည်ပေးထားတဲ့ ရှုခင်းအလှကြည့် ၂ ထပ်သင်္ဘောနဲ့ ပိုကြီးတဲ့ အပျော်စီးသင်္ဘောတို့ ဗုဒ္ဓဟူးနေ့ညက မိုးသည်းထန်စွာ ရွာနေချိန်မှာ တိုက်မိခဲ့တာပါ။ ရှုခင်းအလှကြည့်သင်္ဘောပေါ်မှာ တောင်ကိုရီးယားကမ္ဘာလှည့်ခရီးသည် အယောက် ၃၀၊ ကိုရီးယားစကားပြန် ၃ ယောက်နဲ့ Hungary အမှုထမ်း ၂ ယောက်တို့လိုက်ပါလာတာပါ။ ရေစီးသန်တဲ့ Danube မြစ်ထဲမှာ မိုကြီးလို့ မြစ်ရေ တက်နေတာကြောင့် ကယ်ဆယ်ရှာဖွေရေးအခက်အခဲကြုံနေပါတယ်။ နိုင်ငံတောင်ပိုင်း အိမ်နီးချင်း Serbia နိုင်ငံထဲအထိ ရှာဖွေရေးတွေ လုပ်နေပါတယ်။
Hungary ပါလီမာန် အဆောက်အဦးနားမှာ သင်္ဘောမှောက်ခဲ့ပြီးနောက် ကယ်ဆယ်ရေးက ရှာတွေ့တဲ့ ခရီးသည် ၁၄ ယောက်မှာ သေဆုံးသူ ၇ ယောက် ပါတယ်လို့ Hungary အရေးပေါ်ကယ်ဆယ်ရေး ပြောခွင့်ရသူက ပြောပါတယ်။ ရှုခင်းအလှကြည့်သင်္ဘောစီးဖို့ Booking လုပ်ပေးတဲ့ တောင်ကိုရီးယားခရီးသွား အေဂျင်စီတာဝန်ရှိသူတယောက်ရဲ့ အပြောအရ စာရင်းထဲမှာ ၆ နှစ်အရွယ် ကလေးတယောက်ပါပေမဲ့ ပြန်ရှာတွေ့သူတွေထဲမှာ ဒီမိန်းကလေးနာမည် မပါသေးဘူးလို့ပြောပါတယ်။
Mermaid သင်္ဘော အပိုင်းအစတွေကို သင်္ဘောမှောက်ပြီး နာရီပိုင်းအကြာ Margit တံတားနားမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဥရောပအရှေ့ပိုင်းကနေ ဥရောပအလယ်ပိုင်းအထိ ဖြတ်သန်းစီးဆင်းတဲ့ Danube မြစ်ဟာ ဥရောပမှာ ဒုတိယ အရှည်ဆုံးမြစ်ဖြစ်ပါတယ်။ Budapest မြို့ကိုလာကြတဲ့ ဧည့်သည်တွေကြားမှာလည်း Danube မြစ်ထဲမှာသင်္ဘောစီးပြီး ရှုခင်းအလှကြည့်ကြတာ ရေပန်းစားပါတယ်။