သုံးရလွယ်ကူစေသည့် Link များ

ဟန်ဂေရီနိုင်ငံမှာ အမေရိကန် ဘီလျံနာသူဌေးကြီး George Soros တည်ထောင်ထားတဲ့ တက္ကသိုလ်တခုကို ပိတ်ပစ်တော့မယ်ဆိုတာကြောင့် ဟန်ဂေရီနိုင်ငံသား ထောင်ပေါင်း များစွာဟာ မြို့တော် Budapest ရဲ့ လမ်းမကြီးတွေမှာ တနင်္ဂနွေနေ့တုန်းက ဆန္ဒပြ ခဲ့ကြပါတယ်။

ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban ရဲ့အစိုးရက နိုင်ငံခြားတက္ကသိုလ်တွေပေါ် စည်မျဉ်း တင်းကြပ်တဲ့ ဥပဒေကြမ်းကို တင်သွင်းခဲ့တာကြောင့် ဟန်ဂေရီ ပြည်တွင်းနဲ့ ပြည်ပမှာပါ ဆန့်ကျင်သူတွေ တိုးလာနေပါတယ်။ CEU လို့ခေါ်တဲ့ Central European တက္ကသိုလ်ကို George Soros က ၁၉၉၁ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး အခုတင်သွင်းတဲ့ ဥပဒေကြမ်းက ဒီတက္ကသိုလ်ကို တိုင်းပြည်က ထွက်သွားအောင် ရည်ရွယ်ပုံရတယ်လို့ ဆိုပါတယ်။ ဒီစွပ်စွဲချက် မဟုတ်မှန်ကြောင်း ဟန်ဂေရီအစိုးရဖက်က ငြင်းဆိုထားပါတယ်။

ဥပဒေကြမ်းမှာပါတဲ့ စည်းမျည်းတွေအရ ဥရောပသမဂ္ဂ အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေက လာထောင်ထားတဲ့ တက္ကသိုလ် အနေနဲ့ အစိုးရရဲ့ ခွင့်ပြုချက်မရပဲ ဟန်ဂေရီ ဒီပလိုမာ ဘွဲ့တွေ ချီးမြှင့်တာမျိုး လုပ်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ တချို့ တက္ကသိုလ်တွေဟာ သူ့ မူရင်းနိုင်ငံမှာပဲ ပြန်ပြီး လုပ်ငန်းတွေ လည်ပတ်ရဖွယ် ရှိနေပါတယ်။

အမေရိကန်မှာ ကျောင်းခွဲ မရှိတဲ့ CEU တက္ကသိုလ်ရဲ့အနာဂတ်ကတော့ အမေရိကန်နဲ့ ဟန်ဂေရီအစိုးရကြား ဆွေးနွေးတဲ့ရလဒ်ပေါ် မူတည် လိမ့်မယ်လို့ ဝန်ကြီးချုပ် Orban က သောကြာနေ့တုန်းက ပြောပါတယ်။ Soros တက္ကသိုလ်ဟာ ဟန်ဂေရီ ဒီပလိုမာကိုရော အမေရိကန် ဒီပလိုမာကိုပါ ပေးနိုင်တဲ့အတွက် ဒါဟာ ဟန်ဂေရီတက္ကသိုလ်တွေအတွက် တရားမျှတမှု မရှိသလို မသမာတဲ့နည်းကို သုံးနေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ၁၇ ဦးအပါအဝင် ဟန်ဂေရီ ပညာတော်သင်တွေ၊ သင်ကြားရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာကျောင်းပေါင်း ၅၀၀ ကျော်တို့က CEU ထွက်မသွားရေး ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပြီး၊ ဒီတက္ကသိုလ်ဟာ အတွေးအခေါ်ပိုင်းမှာ ထူးချွန်တဲ့ တက္ကသိုလ် တခုအဖြစ် ပြောဆိုကြပါတယ်။ CEU တက္ကသိုလ်မှာ နိုင်ငံပေါင်း ၁၀၈ နိုင်ငံ ကျောင်းသူ/ သားပေါင်း ၁၄၀၀ ကျော်ရှိပါတယ်။

XS
SM
MD
LG