သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားဝန်ကြီးချုပ် အနားယူဖို့ မဟာဗျူဟာချ ပြင်ဆင်နေ


ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၀)
ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

ကမ္ဘောဒီးယားနိုင်ငံကို တသွေးတသံ တမိန့် စနစ်နဲ့ အုပ်ချုပ်လာခဲ့တာ နှစ်ပေါင်း ၄၀ နီးပါးကြာမြင့်ချိန်မှာတော့ ဝန်ကြီးချုပ် ဟွန်ဆန်က ရာထူးကနေ အနားယူရေး မဟာဗျူဟာ ချမှတ်လာပြီ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန်က ကမ္ဘောဒီးယား သမိုင်းမှာ မှန်ကန်တဲ့ ခေါင်းဆောင်တစ်ဦး အဖြစ် သူ့ကို ပြည်သူတွေ အမှတ်ရစေဖို့နဲ့ ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ အာဏာ လွှဲပြောင်းမှု ဖြစ်ပေါ်စေရေး အစီအစဉ်တွေ အကွက်ကျကျ ရေးဆွဲ လာနေပြီ ဖြစ်ပါတယ်။ ဗွီအိုအေကမ္ဘောဒီးယား ဌာနရဲ့ သတင်းပေးပို့ချက်ကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

နှစ်ပေါင်း ၃၆နှစ်ကြာ ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်တာဝန်ယူထားသူ ဟွန်ဆန်က ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ၊ သွေးထွက်သံယို အာဏာသိမ်းမှုတွေနဲ့ မပြည့်မစုံနဲ့ ရွေးကောက်ပွဲတွေကို ကိုယ်တိုင် ကြီးကြပ် ကြုံတွေ့ခဲ့ရသူဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနဲ့ မြေစမ်းခရမ်းပျိုး ဒီမိုကရေစီ စနစ်ကိုလည်း ခံစားခဲ့ရသလို နောက်ဆုံးမှာတော့ တစ်သွေးတစ်သံတစ်မိန့် တစ်ပါတီ စနစ်နဲ့ တိုင်းပြည်ကို ပြန်လည် အုပ်ချုပ်ခဲ့သူ ဖြစ်ပါတယ်။

အခုတော့ ဝန်ကြီးချုပ် ဟွန်ဆန်က အသက် ၇၈ နှစ်ပြည့်မယ့်အချိန် ၂၀၃၀ ပြည့်နှစ်မှာ တာဝန်က အနားယူမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အနား ယူပြီးတဲ့နောက်မှာလည်း နောက်ကွယ်ကနေ ကြိုးကိုင်နိုင်ပြီး သူ့ရဲ့ သမိုင်းအမွေကို ဆက်ခံနိုင်မယ့် အစိုးရကို ဖန်တီးလိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ CPP ရဲ့ ပြောခွင့်ရ Sok Eysan ကတော့ တစ်နိုင်ငံလုံး အနေနဲ့ရော CPP ပါတီ အတွင်းမှာပါ အာဏာလွှဲ ပြောင်းရေး တည်ငြိမ်တဲ့ ပတ်ဝန်းကျင်ရှိဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

"CPP ပါတီရဲ့ ပိုပြီး အလှမ်းကျယ်ပြီး မြဲမြံတဲ့ ကိုင်တွယ် ထိန်းချုပ်မှုက လွဲလို့ တခြား ဘာကိုမှ ခင်ဗျားတို့ တွေ့ရမှာ မဟုတ်ပါဘူး။ လာမယ့် ၁၀ နှစ်တင်မကဘူး၊ အမျိုးသားနိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေးနဲ့ ပြည်သူတွေ ဟန်ချက်ညီညီ ရှိတာကို ဘယ်သူမှ မနှောင့်ယှက်နိုင်တဲ့ နှစ်ပေါင်း ၂၀၊ ၃၀ လောက်အထိတွေ့ရမှာပါ။"

အဲဒီလို ဖြစ်အောင် ဝန်ကြီးချုပ် ဟွန်ဆန်က အတိုက်အခံတွေ မရှိသလောက်နီးပါးဖြစ်အောင် နှိမ်နင်းနေတာကိုလည်း တွေ့ရပါတယ်။

၂၀၁၈ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်မှာ သူနဲ့ သူ့ရဲ့ ပါတီကို ခြိမ်းခြောက်နိုင်ခြေရှိတဲ့ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ (CNRP) ကို ဖိအားပေး ဖျက်သိမ်းပစ်ခဲ့ပါတယ်။ အဲဒီ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ သူ့ရဲ့ CPP ပါတီက အမျိုးသား လွှတ်တော်က ရှိသမျှ အမတ်နေရာတိုင်းကို အနိုင်ရရှိခဲ့ပါတယ်။

အတိုက်အခံတွေကို မရပ်မနား အရှိန်မြင့်တက် နှိမ်နင်းနေတာကို လာမယ့် အာဏာ လွှဲပြောင်းပေးမယ့် နှစ်တွေမှာလည်း တွေ့နေကြရဦးမယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

လောလောဆယ်မှာပဲ အတိုက်အခံ နိုင်ငံရေးသမား ၆၀ ကျော် ထောင်ကျနေသလို ရာနဲ့ချီတဲ့ လူတွေကလည်း အတိုက်အခံတွေကလည်း အဆက်အသွယ်ရှိတာကြောင့် ဖိနှိပ်ခံနေရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ HRW က ပြောပါတယ်။ အတိုက်အခံတွေ အဖမ်းခံရင် ခံရ ဒါမှမဟုတ် ပြည်ပကို ထွက်ပြေးကြရပါတယ်။

အနားယူဖို့ ဗျူဟာချနေတဲ့ ဟွန်ဆန်ရဲ့ ရှေ့ရေး လုံခြုံမှုက အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ CPP ရဲ့ ပြောခွင့်ရ Sok Eysan က ပြောပါတယ်။

"ဒါက သူ့ရဲ့ မိသားစု ဘေးကင်းလုံခြုံရေးအတွက်သာ မကပါဘူး။ ကမ္ဘောဒီးယားတစ်နိုင်ငံလုံး လုံခြုံရေးအတွက်လည်း ဖြစ်ပါတယ်။ ဒါကို သူက ဦးစားပေးလုပ်ဆောင်နေပါတယ်။ သူ့မိသားစု သာယာဝပြောရေးအပါအဝင် တစ်နိုင်ငံလုံး ဟန်ချက်ညီနေဖို့လည်း လိုအပ်ပါတယ်။"

ဟွန်ဆန်က ၂၀၃၀ ပြည့်နှစ်မှာ အနားယူမှာမို့ နောက်ထပ် ၉ နှစ် ကျန်ရှိနေပါသေးတယ်။ အဲဒီနောက်မှာတော့ သားအကြီးဆုံး ဒုတိယဗိုလ်ချုပ်ကြီး Hun Manet က သူ့ကို ဆက်ခံမယ်လို့ ဟွန်ဆန်က ပြောနေပါတယ်။

သားကြီး Hun Manet နဲ့အတူ လူယုံတစ်ဦးဖြစ်တဲ့ ဘဏ္ဍာရေး ဝန်ကြီး Aun Pornmoniroth ကို တွဲပြီး တာဝန်ယူခိုင်းမှာ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်စလုံး အာဏာရပါတီတဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့ဖြစ်တဲ့ အဖွဲ့ဝင် ၃၆ ယောက်ပါ အမြဲတမ်း ကော်မတီ အဖွဲ့ဝင်တွေ အဖြစ် ၂၀၁၈ ခုနှစ်မှာ ခန့်အပ်ခံခဲ့ရပြီး ဖြစ်ပါတယ်။

ဟွန်ဆန် အနားယူတဲ့အချိန်မှာတော့ သူ့ခေါင်းဆောင်မှုအပေါ် လူတွေရဲ့ သဘောထား အမြင်က ကွဲပြားမယ်လို့လည်း လေ့လာသူတွေက ပြောပါတယ်။ ဟွန်ဆန်အနေနဲ့ကတော့ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ ခမာနီအစိုးရကို ဖြုတ်ချခဲ့တဲ့ ခေါင်းဆောင်တစ်ယောက် အဖြစ်ရော ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာလွှဲပြောင်းအောင်လုပ်နိုင်ခဲ့သူ တစ်ယောက်အနေနဲ့ပါ အမှတ်ရစေချင်မှာ ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

















XS
SM
MD
LG