သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောက်လွှတ်တော်တံခါးပိတ်ကြားနာမှု Hunter Biden ငြင်းဆန်


Hunter Biden
Hunter Biden

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့သားဖြစ်သူ ဟန်တာဘိုင်ဒန်ဟာ ဝင်ငွေဒေါ်လာသန်းချီရတဲ့ ပြည်ပစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး တံခါးပိတ် သက်သေခံကြားနာဖို့ ဆင့်ခေါ်တဲ့ ကွန်ဂရက်အောက်လွှတ်တော်ရဲ့အမိန့်ကို ဖီဆန်ခဲ့ပါတယ်။ ဒါပေမယ့် ဟန်တာဘိုင်ဒန်ဟာ Capitol လွှတ်တော်အဆောက်အအုံမှာ သတင်းစာရှင်းလင်းခဲ့ပြီး သူ့ရဲ့ဘဏ္ဍာရေးကိစ္စတွေနဲ့ ဖခင်ဖြစ်သူနဲ့ မသက်ဆိုင်ကြောင်း ပြောပါတယ်။

သမ္မတဘိုင်ဒန်အပေါ် အောက်လွှတ်တော် ရီပတ်ဘလီကန်တွေရဲ့ စွပ်စွဲပြစ်တင်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေအတွက် အများပြည်သူရှေ့မှောက်မှာ သူ့အနေနဲ့ ထွက်ဆိုဖို့ရှိတယ်လို့လည်း ဟန်တာဘိုင်ဒန်က ပြန်လည်ကမ်းလှမ်းပြီး တံခါးပိတ်ထွက်ဆိုဖို့ကိုတော့ ငြင်းဆိုပါတယ်။ ရီပတ်ဘလီကန်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်မှာ သမ္မတဘိုင်ဒန်အပေါ် စွပ်စွဲပြစ်တင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုကို တရားဝင်စတင်နိုင်ရေး မဲခွဲဆုံးဖြတ်ဖို့ ရှိနေချိန်မှာပဲ ၅၃ နှစ်အရွယ် သားဖြစ်သူက Capitol အပြင်ဘက် သတင်းစာရှင်းလင်းရာမှာ “အဲဒီလို တကယ်မဖြစ်ခဲ့လို့ ဖခင်ဖြစ်သူက သူ့ရဲ့လုပ်ငန်းမှာ ငွေရေးကြေးရေးအရ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေက အထောက်အထားမရှိဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ယူကရိန်းနဲ့ တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေကနေ ဟန်တာဘိုင်ဒန်ရရှိတဲ့ ဒေါ်လာ သန်း ၂၀ ထဲကတချို့ကို သမ္မတဘိုင်ဒန်နဲ့ အခြား ဘိုင်ဒန်မိသားစုဝင်တွေကို ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ရီပတ်ဘလီကန်အမတ်တွေရဲ့ မေးခွန်းတွေကိုရင်ဆိုင်ဖို့ အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီရှေ့မှောက်မှာ ဗုဒ္ဓဟူးနေ့က သီးသန့်ထွက်ရမယ်ဆိုပြီး သူ့ကို ဆင့်ခေါ်ခဲ့တာပါ။ ဒါကို တက်ရောက်ဖို့ ပျက်ကွက်ခဲ့ရင် ကွန်ဂရက်လွှတ်တော်ကို မထီမဲ့မြင်ပြုမှုနဲ့ သူ့ကို အရေးယူမယ်လို့လည်း ကော်မတီက သတိပေးထားပါတယ်။

ဒါပေမယ့် ဒါဟာ ဖခင်ဖြစ်သူ ပြန်လည် အရွေးခံမယ့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမဲဆွယ်မှုကိုနှောင့်နှေးစေဖို့ ရီပတ်ဘလီကန်တွေရဲ့ လုပ်ဆောင်ချက်အဖြစ် ဆင့်ခေါ်ချက်ကို ဖီဆန်ခဲ့ပြီး လူအများရှေ့မှောက်မှာထွက်ဆိုဖို့ အဆင်သင့်ရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဟန်တာဘိုင်ဒန်ရဲ့ကမ်းလှမ်းချက်ကို ရီပတ်ဘလီကန်အမတ်တွေဘက်ကပယ်ချခဲ့ပြီး သူဟာ အခြားသူတွေနည်းတူ တံခါးပိတ်ထွက်ဆိုရမယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG