သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗန်းမော်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေ တကျော့ပြန် တိုက်ပွဲပြင်းထန်


ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဗန်းမော်-မြစ်ကြီးနား ကားလမ်းရှိ ကုန်းလောရွာဘုရားကျောင်းမှာ ဒီကနေ့ လူ ၈ ဦးသေဆုံးခဲ့ရတဲ့ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့မြင်ကွင်း (နိုဝင်ဘာ ၁၅၊ ၂၀၂၄/ Photo: CJ)
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဗန်းမော်-မြစ်ကြီးနား ကားလမ်းရှိ ကုန်းလောရွာဘုရားကျောင်းမှာ ဒီကနေ့ လူ ၈ ဦးသေဆုံးခဲ့ရတဲ့ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့မြင်ကွင်း (နိုဝင်ဘာ ၁၅၊ ၂၀၂၄/ Photo: CJ)

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီသီတင်းပတ်ထဲ စစ်ကောင်စီနဲ့တိုက်ပွဲတွေ ပြန်လည် ပြင်းထန် လာနေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံက ပြောလိုက်ပါတယ်။ တိုက်ပွဲတွေကြား အနီးအနား ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ဗန်းမော်မြို့ စစ်ရေးနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့ကို ဒီဇင်ဘာလ (၄) ရက်နေ့က စတင်ထိုးစစ်ဆင်နေတာ အခုဆိုရင် နှစ်လခွဲကြာမြင့်လာပြီး ဒီရက်ပိုင်းမှာလည်း တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“မနေ့က မနက်ပိုင်း (၆) နာရီကနေ စပြီးမှာ တိုက်ပွဲတော့ ပြန်ပြီးမှ ပြင်းထန်တာရှိပါတယ်။ အဓိက တိုက်ပွဲဖြစ်တဲ့နေရာကတော့ စကခ (၂၁) နေရာ၊ ခလရ (၂၃၆) တို့ နောက် အမတ (၃၆၆) နေရာပေါ့နော်။ အဲဒီနေရာမှာ အဓိက တိုက်ပွဲပိုပြင်းထန်တာ ဖြစ်ပါတယ်။”

အင်္ဂါနေ့ကတော့ ခလရ (၂၃၆) နဲ့ အမတ (၃၆၆) ကို KIA ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေကို ဒေသတွင်း သတင်းမီဒီယာအချို့က ကိုးကားပြီး ဖော်ပြခဲ့ကြပါတယ်။
ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီတပ်စခန်းတွေကို သိမ်းယူတာမရှိသေးကြောင်း ပြောပါတယ်။

“ကျနော်တို့ KIA တပ်ပေါင်းစုအဖွဲ့တွေလည်း စခန်းထဲမှာ အနီးကပ် ချဉ်းကပ်နေတဲ့အနေအထား ရှိပါတယ်။ ဒါကြောင့် စကစ ဘက်ကသုံးတဲ့လက်နက်ကတော့ လေကြောင်းနဲ့တိုက်တာ နောက် ဒရုန်းနဲ့တိုက်တာ။ သူတို့ တုံ့ပြန်တာကို တွေ့ရပါတယ်။ အခုထက်ထိကတော့ စခန်းတွေသိမ်းနိုင်တဲ့အနေအထားတော့ မရှိသေးပါဘူး။ တိုက်ပွဲကတော့ ဆက်ပြီးမှ ပြင်းထန်တဲ့အနေအထားဖြစ်ပါတယ်။”

ဒီလ (၃) ရက်နေ့က အမှတ် (၃၆၆) အမြောက်တပ်ရင်း (အမတ ၃၆၆) ကို KIA ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ကြောင်း သတင်းထုတ်ပြန်တာရှိခဲ့ပေမဲ့ ဒါဟာ တပ်ရင်းတခုလုံး သိမ်းယူနိုင်တာမဟုတ်ဘဲ သုံးပုံ ၂နှစ်ပုံလောက်ကို သိမ်းယူထားတာဖြစ်ကြောင်းလည်း ပြောပါတယ်။

အင်္ဂါနေ့ည သန်းခေါင်အချိန်မှာ စစ်ကောင်စီက မိုးမောက်မြို့နယ်အတွင်းက ကျေးရွာအချို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“မနေ့က ညသန်းခေါင်ယံအချိန်ပေါ့။ တနာရီကျော်အချိန်မှာ မိုးလွဲချောင်းဘေးက ရှမ်းရွာပေါ့ကွာ။ ဝက်ငင်းဆိုတဲ့ရွာနဲ့ နှင်းအီဆိုတဲ့ရွာဘက်မှာ စကစဘက်ကနေ ဗုံးကြဲတာရှိပါတယ်။ ပြည်သူလူထုတွေ ဘယ်လောက်ထိခိုက်တယ်ဆိုတာတော့ အသေးစိတ်ကတော့ မရသေးပါဘူး။ တိုက်ပွဲလည်း မရှိဘူး။ KIA တပ်ဖွဲ့တွေလည်း မရှိဘူး။ ဒီလိုမျိုးရွာမှာ ဗုံးလာကြဲတဲ့အခြေအနေကတော့ နည်းနည်းထူးတာတော့ ရှိပါတယ်။”

(၁၇) ရက်နေ့က ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်က ဝါရာဇွပ်ရွာကိုလည်း စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် ဒေသခံတဦး သေဆုံးခဲ့တယ်လို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။ ဗန်းမော်မြို့နဲ့ ကချင်ပြည်နယ် အတွင်းက တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG