ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC နိုင်ငံတကာရာဇဝတ်ခုံးရုံးက ဖမ်းဝရမ်းထုတ်နိုင်ရေး ကြိုးပမ်းမှုဟာ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ပြစ်မှုကျူးလွန်တာတွေကို အရေးမယူနိုင်ပဲ နှစ်ပေါင်းများစွာ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရနေတာတွေကို အဆုံးသတ်စေရေး အတွက် အလွန်အရေးပါကြောင်း ICC ရှေ့နေချုပ် Karim Khan က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။
"တရားမျှတမှုနဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ရေး လိုလားနေတဲ့ ရိုဟင်ဂျာတွေအပါအဝင် နိုင်ငံတဝှမ်းက မြန်မာပြည်သူတွေအတွက် အလွန်အရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်။ နိုင်ငံ တကာဥပဒေနဲ့အညီ အရေးယူနိုင်ရေး ICC ရှေ့နေချုပ်ရုံးအနေနဲ့ ကြိုးပမ်းနေတာ ၂၀၁၉ ခုနှစ်က တည်းကပါ။ ဒါဟာ အရှေ့တောင်အာရှမှာ ပထမဆုံး ဖမ်းဝရမ်းထုတ်နိုင်ဖို့ ကျနော့်ရုံးရဲ့ ကြိုးပမ်းချက် လည်းဖြစ်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က အခြေအနေပေါ်မှာ ပထမဆုံးအကြိမ် ဖမ်းဝရမ်းလည်း ဖြစ်ပါတယ်။"
ဒါ့အပြင် တရားဥပဒေကို သမာသမတ်ကျကျ ကျင့်သုံးမှာဖြစ်ပြီး ကြီးလေးတဲ့ရာဇဝတ်မှုတွေကြောင့် ခံစားခဲ့ရသူတွေ၊ ဆက်လက်ခံစားနေရသူတွေအတွက် ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ရေး အတွက်လည်း ကတိပြုကြောင်း” Mr. Khan က ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။
ICC ရှေ့နေချုပ်ရုံးက ရရှိထားတဲ့ သက်သေအထောက်အထားတွေအရ ရခိုင်မြောက်ပိုင်းမှာ ရှိတဲ့ ရိုဟင်ဂျာတွေကို နေရပ်ကနေ အတင်းအကျပ်မောင်းထုတ်မှု၊ ဖိနှိပ်ညှင်းပမ်းမှု စွဲချက်တွေနဲ့ မြန်မာနိုင်ငံရဲ့ ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC တရားသူကြီးတွေကို လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်လောက်က ရှေ့နေချုပ် Mr. Khan ကလျှောက်ထားခဲ့တာပါ။
နောက်ထပ်လည်း အရေးပါတဲ့ စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေးလျှောက်ထားချက်တွေ မကြာခင်လာတော့မှာဖြစ်တယ်လို့လည်း Mr. Khan က ဗွီအိုအေကိုပြောပါတယ်။
စစ်ကောင်စီကတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် မဟုတ်သလို၊ ဆုံးဖြတ်ချက်တွေကိုလည်း လိုက်နာစရာ မလိုကြောင်း တုံ့ပြန်ထားတာပါ။
မြန်မာဘက်က ICC တရားစီရင်မှုကို လက်မခံဘူးဆိုပေမယ့် ICC အဖွဲ့ဝင်ဖြစ်နေတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာတွေကို မောင်းထုတ်ခဲ့တဲ့ အမှုစွဲချက်နဲ့ အဓိက အမှုစီရင်နိုင်ရေး ကြိုးပမ်းနေတာဖြစ်တယ်လို့လည်း ရှေ့နေချုပ် Khan ပြောပါတယ်။
Forum