သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICC စုံစမ်းရေးလုပ်ငန်း ဘင်္ဂလားဒေ့ရှ်မှာ စတင် 


ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာများ
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာများ

(Zawgyi/Unicode)

မြန်မာနိုင်ငံကနေ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အထောက်အထား စုဆောင်းတဲ့ လုပ်ငန်းတွေ စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် ရိုဟင်ဂျာတွေ ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ စုံစမ်းမှုတွေ စတင်လိုက်တာပါ။ ဒီအကြောင်း AP သတင်းဆောင်းပါးကို အခြေခံပြီး ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ICC စုံစမ်းစစ်ဆေးသူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စုံစမ်းမှုတွေ စတင်လိုက်တာပါ။ စုံစမ်းစစ်ဆေးမယ့် အစီအစဉ်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မေးမြန်းစုံစမ်းတာတွေ အပါအဝင် အထောက်အထား စုဆောင်းမှုတွေ ပါဝင်မှာ ဖြစ်ကြောင်းလည်း ICC ညွှန်ကြားရေးမှူး တဦးဖြစ်တဲ့ Phakiso Mochochoko က ဒက္ကားမြို့တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“စုံစမ်းစစ်ဆေးသူတွေ စုဆောင်းရရှိတဲ့ အထောက်အထားတွေနဲ့ ရိုဟင်ဂျာတွေအပေါ် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ တရားလိုရှေ့နေရုံးက ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုရရေး ကြိုးပမ်းသွားမှာလည်း ဖြစ်ပါတယ်။”

ICC ရှေ့နေ စုံစမ်းစစ်ဆေးမှုဆိုင်ရာ ထုတ်ပြန်ကြေညာ ကို ဖတ်ရှုနိုင်ပါပြီ။

ICC စုံစမ်းစစ်ဆေးသူတွေ အနေနဲ့ သီးခြားလွတ်လပ်ပြီး ဘက်လိုက်မှုကင်းကင်း၊ ဓမ္မဓိဌာန်ကျကျ၊ မျှမျှတတနဲ့ အမှန်တရားကို ဖော်ထုတ်ပြီး ရိုဟင်ဂျာတွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းနိုင်အောင် ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။ မြန်မာအစိုးရကတော့ ICC ကို ဖွဲ့စည်းထားတဲ့ ရောမစာချုပ်ကို လက်မှတ်ထိုး မထားတဲ့ နိုင်ငံတနိုင်ငံနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးတာဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီတဲ့လုပ်ရပ်အဖြစ် ကန့်ကွက်ထားတာပါ။ ဒါပေမဲ့လည်း အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအထိ ရိုက်ခတ်လာတဲ့ ပြဿနာကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး အနေနဲ့ စုံစမ်းပိုင်ခွင့်ရှိကြောင်း ICC အရာရှိ Mochochoko ပြောပါတယ်။

“ဒါက နယ်စပ်ဖြတ်ကျော် ဖြစ်ပွားတဲ့ ရာဇဝတ်မှုပါ။ အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာနိုင်ငံမှာ စဖြစ်ခဲ့တဲ့ ရာဇဝတ်မှုဟာ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ အဆုံးသတ်ခဲ့တာပါ။ ပြည်တွင်းဒုက္ခသည်တွေ အခြေအနေမျိုးနဲ့ မတူဘဲ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ကနေ တခြားနိုင်ငံတွင်းက တနေရာရာကို ဖယ်ရှားခံခဲ့ရတာမျိုး ဆိုရင်တော့ ICC အနေနဲ့ စီရင်ပိုင်ခွင့် မရှိပါဘူး။ ဒါပေမဲ့လည်း သူတို့ကို နိုင်ငံတခုက နောက်တခုကို မောင်းထုတ်တာ၊ အရေးယူခံရလို့ပဲဖြစ်ဖြစ်၊ သတ်ဖြတ်ခံရလို့ပဲဖြစ်ဖြစ်၊ ဥပဒေမဲ့ လုပ်ရပ်တွေကြောင့်ပဲဖြစ်ဖြစ် နိုင်ငံတနိုင်ငံကနေ တခြားအဖွဲ့ဝင်နိုင်ငံ တနိုင်ငံကို ထွက်သွားရတယ် ဆိုရင်တော့ ICC တရားသူကြီးတွေရော၊ ဥပဒေအရရော စီရင်ပိုင်ခွင့် ရှိပါတယ်။”

ICJ/ICC တရားစွဲ စုံစမ်းစစ်ဆေးမှု ထောက်ခံကြောင်း ဝါရှင်တန် မြန်မာသံရုံးရှေ့ ဆန္ဒထုတ်ဖော်

ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ အမှုကို စုံစမ်းဖို့ ICC တရားသူကြီး အဖွဲ့က ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ခွင့်ပြုခဲ့တာပါ။ ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့လုပ်ရပ်တွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်ကောင်း မြောက်နိုင်တယ်လို့ ယုံကြည်လောက်စရာ အကြောင်းရင်းတွေ ရှိနေကြောင်းလည်း တရားသူကြီးအဖွဲ့က သုံးသပ်ခဲ့ပါတယ်။ မြန်မာအစိုးရကတော့ အဖွဲ့ဝင် နိုင်ငံတခု မဟုတ်တာကြောင့် ICC ရဲ့ စုံစမ်းရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်း ပြောဆိုထားတာပါ။ ICC ညွှန်ကြားရေးမှူး Mochochoko ကတော့ စုံစမ်းစစ်ဆေးတဲ့ လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် အခက်အခဲတွေရှိနိုင်ပေမဲ့ ရင်ဆိုင်ကျော်လွှားနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့တာပါ။

“ကျနော်တို့ မြန်မာနိုင်ငံကိုသွားပြီး သတင်းအချက်အလက်တွေ စုဆောင်းနိုင်ရင် ကောင်းပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် မလုပ်နိုင်ပါဘူး။ ဒါဟာ စိန်ခေါ်မှုတခုအဖြစ် ကျနော်တို့ လက်ခံရမှာပါ၊ ဒါပေမဲ့လည်း မကျော်လွှားနိုင်တဲ့ စိန်ခေါ်မှုမျိုးတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း တရားလိုရှေ့နေရုံး အနေနဲ့ စုံစမ်းစစ်ဆေး အရေးယူဖို့ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒီလိုနိုငငံတွေက ပူးပေါင်းဆောင်ရွက်ဖို့ လက်မခံတာမျိုး အရင်ကလည်း ကျနော်တို့ ကြံဖူးပါတယ်။”

၂၀၁၇ သြဂုတ်လတုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက် အုပ်စုကို မြန်မာစစ်တပ်က လိုက်လံရှင်းလင်းရာက ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICC အပါအဝင် နိုင်ငံတကာ တရားရေး အဖွဲ့အစည်းတွေက အရေးယူဖို့ ကြိုးပမ်းလာကြတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာပဲ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ကလည်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ရာရောက်မယ့် လုပ်ရပ်တွေကို ဟန့်တားနိုင်အောင် မြန်မာအစိုးရက ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ချက် ချထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားတဲ့ မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်မှာ လူမျိုးပြုန်းအောင် လုပ်ခဲ့တာမျိုး မရှိခဲ့ကြောင်း ပြောဆိုထားပေမဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တချို့ရှိခဲ့ကြောင်း မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


....................


(Unicode)











XS
SM
MD
LG