သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICC စုံစမ်းမှု မှာ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း မြန်မာသံအမတ်ကြီး ငြင်းဆို


(၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တုန့်ပြန်ပြောကြားနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ် (ဒီဇင်ဘာလ ၂၂ ၂၀၁၈)
(၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တုန့်ပြန်ပြောကြားနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ် (ဒီဇင်ဘာလ ၂၂ ၂၀၁၈)

(Zawgyi/Unicode)

ရခိုင် မြောက်ပိုင်းဒေသအရေးကို ဖြေရှင်းရာမှာ တဖက်နိုင်ငံထွက်သွားသူတွေ ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ပူးပေါင်း ဆောင်ရွက်ဖို့ထက် ဖိအားပေးတဲ့နည်းကို ပိုသုံးနေတာက ပြဿနာတွေကို ပြေလည်သွားစေမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုကျူးလွန်ပြီး မောင်းထုတ်လိုက်တဲ့ကိစ္စကို စတင် စုံစမ်းဖို့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ခွင့်ပြုလိုက်တဲ့ ကြေညာချက်ထွက်ပေါ်လာအပြီး ပြောဆိုလိုက်တာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုကျူးလွန်ပြီး မောင်းထုတ်လိုက်တဲ့ စွပ်စွဲချက်ကို ICC က စတင်စုံစမ်းဖို့ နိုဝင်ဘာ(၁၄)ရက်နေ့မှာ ခွင့်ပြုလိုက် ပါတယ်။ ICC ဖွဲ့စည်းရေး ရောမစာချုပ်မှာ မြန်မာနိုင်ငံက လက်မှတ် မထိုးထားတာကြောင့် ပူးပေါင်းဆောင်ရွက်မှု လုပ်မှာ မဟုတ်ဘူးလို့ မြန်မာအစိုးရက တောက်လျှောက်ပြောလာတာပါ။ ဒါပေမဲ့ ရိုဟင်ဂျာတွေကို မောင်းထုတ်လိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ သက်သေပြဖို့ လိုလာရင် မြန်မာနိုင်ငံဘက်က ဘယ်လို သက်သေပြမှာပါလဲ။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အခုလို ရှင်းပြ ပါတယ်။

“လုပ်တယ်ဆိုရင် လုပ်တာကို သက်သေပြရမှာပဲ။ ဒါပေမယ့် မလုပ်ပါဘူးလို့ ၊ အပြစ်မရှိပါဘူးလို့ သက်သေပြရတာ နည်းနည်းတော့ ခက်တာပေါ့နော်။ ကျနော်တို့က ပြောလည်း ပြောပြီးပါပြီ ဒီလိုမောင်းထုတ်တာ မဟုတ်ဘူးဆိုတာကို သေချာလည်းပြောပြီးသား။ မောင်းထုတ်တယ်ဆိုရင်လည်း ကျနော်တို့က ပြန်လက်ခံဖို့ လုပ်နေစရာအကြောင်းမရှိဘူးပေါ့နော်။ ပြည်တွင်းမှာလည်း ကျနော်တို့ သက်ဆိုင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ဘာတို့ ကျနော်တို့ လုပ်ထားပြီ။ အဲဒီအဖွဲ့တွေကနေပြီးတော့ စုံစမ်းစစ်ဆေးနေတာတွေလည်း ရှိပြီ။ ဆိုတော့ အဲဒီ Process ကို စောင့်ဖို့ပဲ လိုမှာပေါ့နော်။ နောက်တချက်ကတော့ အခု ICC ကနေပြီးတော့ သူတို့ ခုံရုံးကနေ စုံစမ်းစစ်ဆေးဖို့ ခွင့်ပြုလိုက်တယ်ဆိုတာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့က ICC အဖွဲ့ဝင်မဟုတ်တဲ့အတွက် စုံစမ်းစစ်ဆေးလည်း ကျနော်တို့က ပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းမရှိပါဘူး။ အဲဒီတော့ မောင်းမထုတ်ပါဘူးဆိုတာကို ဘယ်လို သက်သေပြမလဲ။ အဲဒါတော့ ခက်တော့ ခက်သား။ အဲဒါပြောမယ်ဆိုရင် အထဲမှာလည်း ရှိနေကြတာပဲ နေနေတဲ့သူတွေ တဝက်လောက်ကလည်း ဒီမှာ ရှိနေကြတာပဲ။ မပြေးတဲ့လူတွေလည်း အများကြီးရှိတယ်။”

စွပ်စွဲချက်နဲ့ပတ်သက်ပြီး တရားခွင်မှာ Burden of Proof သက်သေပြဖို့ တရားလိုဘက်မှာသာ တာဝန်ရှိတယ်လို့ AHRC လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ဒီအတင်းအကျပ် မောင်းထုတ်တယ်ဆိုတာကို စွပ်စွဲတဲ့ တရားလိုဘက်ကနေပြီးတော့ပဲ သက်သေပြရမှာပေါ့ဗျာ ။ ဘယ်လိုမောင်းထုတ်လို့ ထွက်ပြေးလာရတယ်ဆိုတဲ့ အထောက်အထားပြနိုင်ဖို့လိုတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဒီကိစ္စရပ်တွေ ဖြစ်ပွားတဲ့ အချိန်ကာလတုန်းက တာဝန်ရှိသူတွေက နယ်စပ်ဒေသမှာ မသွားဖို့အတွက် တားဆီး မေတ္တာရပ်ခံတာတွေရှိတယ်။ နောက်ပြီးတော့ ရိက္ခာတွေပြတ်နေလို့ ထောက်ပံ့ပေးတာတွေရှိတယ်။ အတင်းအကျပ်မောင်းမထုတ်ဘူးဆိုတာကို ကျနော်တို့ Amnesty International ကလည်း မှတ်တမ်း documentary ရိုက်ထားတာတွေရှိပါတယ်။ ကျနော်ထင်တာကတော့ အုပ်စုလိုက် သတ်ဖြတ်တယ်ဆိုတဲ့ ကိစ္စရပ်မျိုးတွေပေါ်မှာ တပ်မတော် စစ်ခေါင်းဆောင်တွေ အရေးယူမယ် ကိစ္စတခုပဲ ပိုပြီးတော့ စိုးရိမ်စရာတွေ ဖြစ်လာမယ်။”

တကယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကသာ အသေအချာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာပြဿနာကို ကောင်းမွန်စွာ ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ အမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ထောက်ပြပါတယ်။

“ဘင်္ဂလားဒေ့ရှ် ဘက်က အဓိကတော့ ပုံစံဖြည့်တာကအစပေါ့နော် ၊ သူ့မှာ လုပ်ရမယ့် တာဝန်တွေကို သေချာမလုပ်ဘူး ။ တကယ်ပြန်ချင်တဲ့လူတွေ ပြန်နိုင်ဖို့အခွင့်အရေး သူလိုက်မပေးဘူး။ ပြီးရင် သူက နိုင်ငံတကာကို လှည့်ပြီးတော့ OIC ကနေ တဆင့် EU ကနေတဆင့် မြန်မာနိုင်ငံအပေါ်မှာ အရေးယူဖို့ ကိစ္စတွေကို ဦးစားပေးတယ်။ ဥရောပကို သွားပြီးတော့မှ စီးပွားရေး sanction လုပ်ဖို့တွေ US ကို သွားရင် congress ကိုသွားရင် မြန်မာနိုင်ငံကို sanction လုပ်ပေးပါဆိုတာတွေ လိုက်ပြောတယ်။ ဆိုတော့ ဒါတွေကို ခြုံပြီးတော့ ကြည့်လိုက်ပါ ကျနော်တို့ ၂ နိုင်ငံ ပြေလည်အောင်လုပ်ရင် ဒီအဆင့်ကို ရောက်စရာမရှိဘူး ကျနော်တို့ ပြန်လည်လက်ခံတဲ့သူတွေကို ကောင်းကောင်းမွန်မွန်ပြန်လာဖို့၊ ကျနော်တို့ကလည်း ပြန်လည်လက်ခံဖို့ အဆင်သင့်ရှိတယ်၊ ကျနော်တို့မှာလည်း ပြင်ဆင်ထားပြီးသားရှိတယ်လို့ ပြောရဲ့သားနဲ့ ပြန်လာလို့ မရအောင် ဒီလိုအခြေအနေတွေ လုပ်နေတာတွေရှိတဲ့အခါကျတော့ အဲဒါတွေကို အခြေပြုပြီးတော့ တဆင့်တဆင့် pressure တွေက တိုးလာတဲ့အခြေအနေတွေ ရှိတာပေါ့နော် အဲလိုပဲ ကျနော်ပြောချင်တယ်။”

ICC ကအချက်အလက် ရှာဖွေစုဆောင်းတာ စုံစမ်းတာတွေလုပ်လို့ အမှုပိုခိုင်မာလာရင် မြန်မာအစိုးရက ICC နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ရတဲ့အထိ ဖြစ်ကောင်း ဖြစ်လာနိုင်ပေမယ့် ဒီအပေါ်မှာ စိုးရိမ်ဖို့ မလိုသေးဘူးလို့ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ ပထမ ICC မှာ စွဲထားတဲ့ ကိစ္စတွေက အတင်းအကျပ် နေရာရွှေ့ပြောင်းတယ်ပေါ့နော်။ နောက်ပြီးတော့ တခါ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုပြီးတော့ စွပ်စွဲထားတဲ့ ကိစ္စရပ်မျိုးတွေ ရှိတယ်။ အဲဒီလို စွပ်စွဲထားတဲ့ ကိစ္စတွေက နိုင်ငံတကာ ခုံရုံးကို တပ်မတော်အရာရှိတွေ အရေးယူပေးနိုင်ဖို့ ၊ နောက်ပြီးတော့ အဲဒီဒေသတွေမှာ ဖိနှိပ်ထားတာတွေ ရပ်တန့်သွားနိုင်ဖို့အတွက် အဓိကထားဆောင်ရွက်ဖို့အတွက် တောင်းဆိုနေတာဖြစ်တယ်။ နောက်ပြီးတော့ ပြောရရင် အခုတခုပြီးတခု တရားစွဲဆိုဖို့အတွက်လုပ်တယ်ဆိုတော့ မြန်မာနိုင်ငံအစိုးရကတော့ ရှင်းရှင်းလင်းလင်းပြောထားပြီးသားဖြစ်တယ် မိမိအချုပ်အခြာအာဏာနဲ့ ပတ်သက်လို့ ထိပါးလာမယ့် ကိစ္စရပ်မျိုးဆိုရင် ဘယ်ကိစ္စရပ်မှ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးဆိုတာကို ပြောထားတာရှိတယ်။ အဲဒီတော့ ဒီကိစ္စက သိပ်ပြီးတော့ စိုးရိမ်စရာအဆင့်အထိ ရောက်လာမယ်လို့ မထင်ပါဘူးခင်ဗျ။”

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပယ်ချထားပြီး တဖက်နိုင်ငံထွက်သွားတဲ့ ဒုက္ခသည်တွေ ပြန်လာနိုင်ရေး နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင် နေပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ စာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး နိုင်ငံတကာတရားရုံး ICJ မှာလည်း မြန်မာနိုင်ငံကို တရားစွဲဆိုဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ဆောင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)











XS
SM
MD
LG